Monday, April 7, 2014

ရခိုင်မှ သန်းခေါင်စာရင်း သပိတ်လှန်ပြီ

90
သန်းခေါင်စာရင်း သပိတ်တိုက်ပွဲကို ယခုအခါ သပိတ်လှန်လိုက်ပြီ ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး သန်းခေါင်စာရင်း အကောက်ခံကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။
ယနေ့နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရကိုယ်စား ပေးပို့သော စာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်ကို ထည့်သွင်း အသုံးပြုခွင့် ပြုမည် မဟုတ်ကြောင်း စာရေးသား ပေးပို့လာပြီးနောက်ပိုင်းတွင် မိမိတို့ လိုလားသောတောင်းဆိုချက်များကို ရရှိသဖြင့် သပိတ်တိုက်ပွဲကို လှန်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
“ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကျနော်တို့ဆီကို ရခိုင်ပြည်သူများသို့ အသိပေး တင်ပြချက်ဆိုတဲ့ စာတစ်စောင်ပေးလာပါတယ်ခင်ဗျား။ အဲဒီမှာ ဆူပူ အကြမ်းဖက်လိုသူ အဖျက်အမှောင့် လုပ်ငန်း ဆောင်ရွက်သူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံနိုင်သော လူမျိုးအမည်ဖြစ်တဲ့ ရိုဟင်ဂျာအသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်လာကြပါတယ်တဲ့။ အဲဒီတော့ တရားမ၀င်တဲ့ နာမည်ဖြစ်တဲ့ ရိုဟင်ဂျာဆိုသောနာမည်ကို လုံးဝ လက်မခံနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်ဟု ပါရှိလာပါတယ်။”
၎င်းစာအား ပြည်ထောင်စု အစိုးရမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်သို့ တာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ယဉ်ဦးမှ ဥက္ကဌကိုယ်စား  လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
“ အဲဒီ ထုတ်ပြန်တဲ့ စာထဲမှာ နံပတ် (၁) မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မရှိပါဘူးဆိုတဲ့ အချက် ပေါ်လွှင်ပါတယ်။ နံပတ် (၂) က ရခိုင်ပြည်နယ်တွင် အဖျက်အမှောင့်လုပ်လိုသူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံထားသော လူမျိုးအမည် ဖြစ်သည့်  ရိုဟင်ဂျာဟူသော အသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်နေပါသည် ဆိုတဲ့ စာသားပါလာတယ်။ နံပတ် (၃) က ပြည်ထောင်စု အစိုးရကဆင့် ပေးပို့လာတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံပြီးတော့ သပိတ်မှောက်ခြင်း လုပ်ငန်းကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။
သို့အတွက် ယနေ့မှ စပြီး ရခိုင်အမျိုးသားများ အနေဖြင့် သန်းခေါင်စာရင်း အကောက်ခံကြပါလိမ့်မည်ဟု သူက ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: