Friday, August 30, 2013

မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဂယက်နှင့် ဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့ ဒေသခံခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယအကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင် ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။

ယင်းပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly၊ ဓာတ်ပုံ- အင်တာနက်)

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးဒုက္ခသည် ၉၀ ကျော်ကို အရေးပေါ်ကူညီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည် ၉၀ ကျော်ကို လူမှုအဖွဲ့အစည်းများနှင့် အစိုးရတို့က အရေးပေါ် အကူအညီပေးခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စု ၁၈ စု (လူဦးရေအားဖြင့် ၉၁ ဦး) တို့ကို ရခိုင်သဟာယအသင်း (ရန်ကုန်)၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ရခိုင်လူမှု ကူညီစောင့်ရှောက်ရေးအသင်း၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဒုက္ခသည်များ ကယ်ဆယ်ရေးစခန်း (မောင်တော ဗဟိုကျောင်း) တို့က သြဂုတ်လ ၂၇ ရက်နေ့တွင် အရေးပေါ် အကူအညီများ ပေးခဲ့ကြောင်း ယင်းအဖွဲ့ အစည်းများထံမှ သိရှိရသည်။

မိသားစုဝင်သုံးဦးရှိသည့် မိသားစုကို ရခိုင်သဟာယအသင်း (ရန်ကုန်) က ကျပ်နှစ်သောင်း ပေးအပ်ခဲ့ပြီး သုံးဦးထက်ရှိသည့် မိသားစုအား ကျပ်ငါးသောင်းနှုန်းဖြင့် ကျပ်သိန်း ၂၁ သိန်းကျော် လှူဒါန်းခဲ့ကြောင်း၊ အခြားအဖွဲ့အစည်းများက ဆန်အိတ်၊ ဓား၊ ပေါက်ပြား၊ အဝတ်အစား၊ ရေအိုး၊ ရေခွက်စသည့် အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း ရခိုင်လူမှု ကူညီစောင့်ရှောက်ရေးအသင်း နာယက ဆရာတော်ဦးစရဏက မိန့်ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့် ရွာများတွင် နေထိုင်ခဲ့သည့် အဆိုပါ ဒုက္ခသည်များဖြစ်ပြီး တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ဒုက္ခသည်များက ပြောကြားကြသည်။

၂၀၁၂ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

(ခင်မောင်အေး)

(သတင်းအရင်းအမြစ်- The Voice Weekly)

မေယုကျွန်းပေါ်တွင် Cyclone Shelter ကာကွယ်ရေးဝန်ကြီးဌာန တည်ဆောက်မည်


မြန်မာနိုင်ငံ အနောက်ဘက် တံခါးဝတွင်ရှိသည့် ရခိုင်ပြည်နယ် မေယုကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံ (Cyclone Shelter) တစ်လုံး တည်ဆောက်သွားရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိ ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေမြို့နယ်ရှိ မေယုကျွန်းကို စနစ်တကျ ကွင်းဆင်းလေ့လာ တွက်ချက်၍ ပြင်ဆင်ထိန်းသိမ်းသွားရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားစဉ် ၎င်းကယင်းသို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

မေယုကျွန်းသည် ယခုနှစ် ဇွန်လအတွင်း လှိုင်းလေ ပြင်းထန်မှုကြောင့် ရေလှိုင်း များ မြင့်တက်လာသဖြင့် လှိုင်းကာ နံရံများ၊ ရေချိုသိုလှောင်ကန်များ ပျက်စီးသွားရာ လေမုန်တိုင်းခံ အဆောက်အအုံ ဆောက်လုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် ဆောက်လုပ်မှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွန့်ကြားရေးမှူးရုံးမှ စီစဉ်လျက် ရှိကြောင်း ဦးဟန်စိန်က ဆက်လက်ပြောကြားသည်။

သြဂုတ်လအတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်အောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရခိုင်ပြည်နယ်အတွင်း Cyclone Shelter များ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာအစီအစဉ်မရှိကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

တရုတ်-မြန်မာ ပိုက်လိုင်း ဆွေးနွေးပွဲတက်သူ တစ်ဦးပို၍ ပွဲပျက်

 
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နှစ် ၃၀ ကြာ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံများ၏ နစ်နာမှုများ ကို ဆွေးနွေးရန် ရည်ရွယ် ပြုလုပ်သည့် တရုတ်-မြန်မာ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနှင့် ယင်းပိုက်လိုင်း စီမံကိန်းကို လုပ်ပိုင်ခွင့် ရထားသည့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEAGP/SEAOP) ကုမ္ပဏီတို့၏ ဆွေးနွေးပွဲသည် ကော်မတီဘက်မှ တက်ရောက်သူ တစ်ဦးပို၍ဟု ဆိုကာ ဆွေးနွေးပွဲ ပျက်သွားကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဒေါ်စနိုးက ပြောကြားသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ က အဖွဲ့ဝင် ခုနစ်ဦးသာ တက်ရောက်ရန်SEAGP/SEAOPကုမ္ပဏီနှင့်အကြိုသဘောတူထားသော်လည်း ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီက မူလ သဘော တူညီထားသည့် လူဦးရေထက် ပိုတက်ရောက်သည့် အတွက် ဆွေးနွေးပွဲ ပျက်ရခြင်း ဖြစ်ကြောင်း CNPC ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းမှုများ ပြုလုပ်ထားသည့် အရှေ့တောင် အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEAGP) လူမှု ဆက်ဆံရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ဒီတစ်ခေါက် မတွေ့ဖြစ်ဘူး။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က အကြို သဘောတူညီထားတဲ့ လူဦးရေထက် ပိုပြီး ဆွေးနွေးပွဲကို ရောက်လာ လို့ မတွေ့ဖြစ်တာ” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုမှ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် ပိုက်လိုင်း ဖြတ်သွားရာ ဒေသများ ရှိ ဒေသခံများ၏ နစ်နာမှုကို နယ်မြေအလိုက် တင်ပြနိုင်ရန် အတွက် ဆွေးနွေးပွဲသို့ မူလ သဘောတူထားသည့် လူခုနစ်ဦးထက် တစ်ဦး ပို၍ ရှစ်ဦး တက်ရောက်ခြင်း ဖြစ်သည်ဟု ယင်းကော်မတီ အဖွဲ့ဝင် ဦးတင်သစ်က ဆိုသည်။

“သူတို့ တကယ် တွေ့ချင်တယ်ဆိုရင် ခြောက်ယောက်ဖြစ်ဖြစ် ခုနစ်ယောက်ဖြစ်ဖြစ် အကြောင်း မဟုတ်ဘူး။ သူတို့ဘက်က အဆင့်ဆင့် တင်ပြရလို့ပါ ဆိုပြီး ပြဿနာ မဟုတ်တာကို ပြဿနာ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီသည် ဒေသခံများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို လေးစားမှု မရှိဘဲ ထိပ်ပိုင်း အာဏာပိုင်များနှင့် သဘောတူညီမှုကိုသာ အဓိကထား၍ လုပ်ကိုင်နေကြောင်း မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ဒေါ်စနိုးက ဝေဖန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို ဇူလိုင်လ အတွင်း တရုတ်နိုင်ငံသို့ စတင် ပို့လွှတ်ခဲ့ပြီး ယင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာ သည့် ဒေသခံများ၏ ဆုံးရှုံး နစ်နာမှုများကိုမူ CNPC ကုမ္ပဏီက အပြည့်အဝ တာဝန်ယူခြင်း မရှိကြောင်း မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က ဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly၊ ဓာတ်ပုံ- အင်တာနက်)

တိုက်နယ်ဆေးရုံ (၂) ခုတွင် ဆရာဝန်မရှိ၍ ရမ်းဗြဲတွင် တစ်ကိုယ်တော်ဆန္ဒပြ

 
ရခိုင်ပြည်နယ်မှ တိုက်နယ် ဆေးရုံ တစ်ခုကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာသတင်းဌာန)
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။

“ သူက ပထမ လေးတောင်ကို လာပြီး ပိုစတာ တစ်ခုကို ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။ ဆန္ဒပြတာကတော့ မြဇင်ကျေးရွာ အနီးကနေ လေးတောင် ထိ လမ်းလျှောက်ပြီး တိုက်နယ်ဆေးရုံနဲ့ လေးတောင် ရဲစခန်းရှေ့မှာ ဆန္ဒပြပါတယ်။ နောက်တော့ လေးတောင်ကနေ ရမ်းဗြဲထိ ချီတက်ပြီး ဆက်လက် ဆန္ဒပြပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့တွင် လှည့်လည် ဆန္ဒပြပြီး နံနက် ၁၀ နာရီကျော်တွင် ဆန္ဒပြပွဲကို ရပ်နားလိုက်သည်ဟု ဆိုသည်။

သူကိုင်ဆောင်ထားသော ပိုစတာထဲတွင် “ လေးတောင်တိုက်နယ်နဲ့ စကုတိုက်နယ် ဆေးရုံများတွင် ဆရာဝန် အခုချပေး” ဟု ရေးသား ထားသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ မရှိသဖြင့် ရောဂါ ဖြစ်ပွားနေသော လူနာများ အနေဖြင့် ဆေးဝါးကုသရန် အထူးခက်ခဲနေသည်ဟု ကိုသန်းဝင်းက ပြောသည်။

မိုးရာသီ ဖြစ်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မကြာခဏ ချောင်းဆိုး အအေးမိပြီး ဖျားနာကြသော်လည်း ဆရာဝန် မရှိသဖြင့် ဆေးမကုရဘဲ ဖြစ်နေကြရသည်ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

(၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနား မြန်မာနိုင်ငံအနှံ့ ခမ်းနားကြီးကျယ်စွာ ကျင်းပမည်

ရသေ့တောင်တွင် စိုက်ထူထားသော မြေစိုက် ပိုစတာအား တွေ့ရစဉ်။
ရသေ့တောင်မြို့တွင် စိုက်ထူထားသော မြေစိုက်ပိုစတာအား တွေ့ရစဉ်
 
စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ခန်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အတွက် ကျင်းပရေး (စီမံခန့်ခွဲရေး ကော်မီတီ)ကို သြဂတ်စ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ရာ သဘာပတိ အဖွဲ့ဝင်များ အဖြစ် ဦးဇော်အေးမောင် ( ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး)၊ ပါမောက္ခငြိမ်း ဦးမင်းလွှင် (ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး)၊ ဦးကျော်စိန် (မျိုးစောင့်အုပ်စု)၊ ဦးသန်းမောင် (ဗဟိုတရားရုံးရှေ့နေကြီး)၊ ဒေါ်စောခင်တင့် ( ဥက္ကဌ- ရခိုင်စာပေနှင့် ယဉ်ကျေးမူ အဖွဲ့)တို့ပါဝင်သည်။

ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ကော်မီတီ (စီမံခန့်ခွဲရေး ကော်မီတီ) ဥက္ကဌ အဖြစ် ဒေါက်တာ စံလှကျော် (ငြိမ်း) က ဆောင်ရွက်မည် ဖြစ်ပြီး အတွင်းရေးမှူး အဖြစ် ဦးမြင့်ကျော်က ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျင်းပရေး ကော်မီတီတွင် အဖွဲ့ဝင် ၃၇ ဦး ပါဝင်ကြောင်း သတင်း ရရှိသည်။

ရန်ကုန် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပနိုင်ရေး အတွက် ကျောက်သူဌေးကြီး ဦးသိန်းဟံနှင့် ဦးမြထွန်းစိန်တို့မှ အလှူငွေ ကျပ် (၁၀) သိန်းစီ ထည့်ဝင်ကြပြီး ဦးရွှေဝင်း (အိုကေ အင်တာနက်) မှ ကျပ် (၅)သိန်း ထည့်ဝင် လှူဒါန်းကြသည်ဟု သိရသည်။

အခြား လူမူ အဖွဲ့အစည်းများမှလည်း အလှူငွေများ ထည့်ဝင်ကြသည်ဟု ဆိုသည်။ နိုင်ငံခြားတိုင်းပြည်များမှ အလှူငွေများ ကောက်ခံမည်မဟုတ်ဟု သိရသည်။

(၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှန်း စင်တာ ( MCC) ခန်းမတွင် စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံခြား သံတမန်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ စိတ်ပါ ၀င်စားသူများ အားလုံးနှင့် ရခိုင်သူ ရခိုင်သားများ အား ဖိတ်ကြား သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း အဖွဲ့အစည်း အသီးသီးမှ ဆရာတော် ဦးဥတ္တမနေ့အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့တွင်လည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စက်တင်္ဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ စတင်ပြီး အောင်မြေဗောဓိ ဓမ္မရိပ်သာ (အလိုတော်ပြည့်ကျောင်း) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ဆိုသည်။

ယခုအခါ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ပိုစတာများကို လူအသွားအလာများသည့် သင်္ဘောဆိပ်တွင် စိုက်ထူထားသည်ဟု သိရသည်။

ရသေ့တောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် စာရေးဆရာမ ပံသုခင် (ရခိုင်ပြည်) နှင့် သားလှ (ရသေ့တောင်)တို့မှ ဟောပြောသွားမည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဖုန်းကဒ်ထုတ်ပေးသူ ခရီးစရိတ် ပြည်သူများထံမှ သုံးဆတိုးမြှင့်ကောက်ခံ

Kan-Htaungyi
ရခိုင်ပြည်နယ် အတွင်း ဆက်သွယ်ရေးဌာနမှ ဆက်သွယ်ရေး လွယ်ကူစေရန် ဖုန်းကဒ်များ ထုတ်ပေးနေသော်လည်း ထုတ်ပေးသူများက ခရီးစရိတ်ဟု ဆိုကာ ဖုန်းကဒ် တန်ဖိုးထက် သုံးဆများသော ငွေကြေးများကို ပိုမို တောင်းယူကောက်ခံနေသဖြင့် ဖုန်း ကဒ် ၀ယ်ယူသုံးစွဲသူများ အနေဖြင့် အခက်အခဲကြုံနေကြရသည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ကမ်းထောင်းကြီးကျေးရွာမှာ ဇူလိုင်လကုန်ပိုင်းက တကြိမ်၊ အခု သြဂတ်စ်လက တကြိမ် မဲ စနစ်နဲ့ ဖုန်းကဒ်တွေကို ထုတ်ပေးပါတယ်။ အစိုးရက တရားဝင်ထုတ်ပေးတာက ဖုန်းကဒ် တစ်ခုကို ၁၅၀၀ ကျပ်ပါ။ ထုတ်ပေးတဲ့သူတွေက ၁၅၀၀ အပြင် သူတို့ ခရီးစရိတ်ခဆိုပြီး နောက်ထပ် ၅၀၀၀ ကျပ် တောင်းယူပါတယ်။ ဖုန်းကဒ် ပေါက်တဲ့သူတွေက ဖုန်းကဒ်တခု ရရှိဖို့အတွက် စုစုပေါင်း ၆၅၀၀ ကျပ် ပေးရပါတယ်” ဟု ဖုန်းကဒ် မဲပေါက်သူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် ဇူလိုင်လအတွင်းက တကြိမ် မဲစနစ်ဖြင့် ဖုန်းကဒ် ၃၀ နှင့် သြတ်စ်လ ၂၈ ရက်နေ့က ဖုန်းကဒ် ၅၄ ခု မဲစနစ်ဖြင့် ထုတ်ဝေခဲ့သည်ဟု သိရသည်။

ကမ်းထောင်းကြီးကျေးရွာတွင် အိမ်ထောင်စုပေါင်း ၃၀၀၀ ခန့်ရှိပြီး ပထမအကြိမ် မဲပေါက်သူများကို ချန်လှပ်ကာ ကျန်အိမ်ထောင်စုများကို ပြန်လည် မဲဖေါက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယ အကြိမ် မဲဖေါက်ရာတွင် ပထမအကြိမ် ပေါက်ပြီးသူများကို ချန်လှပ်ပြီး ကျန်ရှိသော အိမ်ထောင်စုများကို မဲဖေါက်ရာတွင် ကျေးရွာအုပ် ချုပ်ရေးမှူးအဖွဲ့ဝင်များက မတရားသောနည်းဖြင့် ပြုလုပ်ခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှူး အဖွဲ့က ပထမတစ်ကြိမ် ဖုန်းကဒ်အရေအတွက်၃၀ မဲဖောက်တဲ့ခါ ရွာကလူတွေကို စာရင်းပေးရပြီး အခု ဖုန်းအရေအတွက် ၅၄ ခု ဖောက်တဲ့ခါ စာရင်းမလိုတော့ပြီဆိုပြီး ပြောပါတယ်။ မဲဖေါက်တဲ့ အခါမှာလဲ ဘယ်သူ ပေါက်တယ်ဆိုပြီး စာရင်းကို မဖေါ်ပြတဲ့အပြင် မဲဖေါက်ပြီးရင်လဲ ဖုန်းကဒ် ၆ ခု ကျန်ရှိသေးပါတယ်။ အဲဒါကို ကျေးရွာသားတွေက မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖုန်းကဒ်တခုလျှင် အစိုးရသတ်မှတ်ဈေး ၁၅၀၀ ကျပ်ရှိသော်လည်း ပြင်ပတွင် ဖုန်းကဒ် တခုကို ကျပ်ငွေ တစ်သိန်းခွဲအထိ ဈေးရှိနေကြောင်း စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

“ စစ်တွေမှာ ဖုန်းကဒ်တွေ မဲဖေါက်တဲ့အခါမှာလဲ အဓိက ၀န်ထမ်းတွေကို ဦးစားပေး ဖေါက်ပေးပါတယ်။ ထုတ်ပေးတဲ့ ဖုန်းကဒ်အရေအတွက်က နည်းတော့ ဖုန်းကဒ်လိုချင်တဲ့သူတွေက ဖုန်းကဒ်ပေါက်တဲ့သူတွေဆီမှာ ကျပ်ငွေ တစ်သိန်းခွဲထိ ပေးပြီး ၀ယ်ယူနေရတယ်။ ငွေမရှိတဲ့ သူတွေ အတွက်ကတော့ ဖုန်းသုံးဖို့ အခက်အခဲ အများကြီး ရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် မဲစနစ်ဖြင့် ဖုန်းကဒ်များကို တစ်ခုလျှင် ၁၅၀၀ ကျပ် ဈေးနှုန်းသတ်မှတ် ကာ ထုတ်ဝေပေးနေသော်လည်း တချို့မြို့နယ်များတွင် အုပ်ချုပ်သူများက ဖုန်းကဒ်တခုလျှင် ဈေးနှုန်းအမျိုးမျိုး ကောက်ခံနေသည်ဟုလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

ဓာတ်ငွေ့ စီမံကိန်း အကျိုးအမြတ် ဒေသခံတွေ ခံစားခွင့်ရရေး ဆွေးနွေး

shwe-gas-75.jpg
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ရရှိတဲ့အကျိုးအမြတ်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသခံတွေလည်း ခံစားခွင့် ရှိရမှာ ဖြစ်ကြောင်း ဒေသခံကျေးရွာတွေ က ရွာသူ ရွာသားတွေ စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင်ကျေးရွာမှာ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်း သွားတဲ့ ကြတ္တိန်၊ သပြုတောင်၊ မင်းပြင်၊ ချောင်းဝ၊ သဖန်းချောင်း စတဲ့ ကျေးရွာပေါင်း (၂၀)  ကျော်က ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ သတာဝဓာတ်ငွေ့တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က စပြီး တရုတ်နိုင်ငံကို  စတင် ပို့လွှတ်နေပြီး၊အဲဒီဓာတ်ငွေ့ရောင်းရတဲ့ အကျိုးအမြတ်ကို ကျောက်ဖြူဒေသလည်း ခံစားနိုင်ခွင့်ရှိဖို့အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမယ်လို့ အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်တွေ ကို (၃) ပတ်အတွင်း အစိုးရက မတုံ့ပြန်ဘူးဆိုရင် ဆန္ဒပြကြမယ်လို့ လည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA)

မြန်မာနှင့် ဘင်္ဂလာတို့ လေကြောင်းပျံသန်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

လက်မှတ်ရေးထိုးပွဲ အခမ်းအနား ( ဓါတ်ပုံ- Newage)
 
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် နိုင်ငံ (၂) ခုအကြား လေကြောင်း ပျံသန်းရေးအတွက် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းလက်မှတ်ထိုးပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘက်မှ လေကြောင်း ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြာင်းဆိုင်ရာ ဥက္ကဌ မူဟာမတ် ဟူစိန် မှ တက်ရောက် လက်မှတ်ထိုးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန် အပါအ၀င် နှစ်ဘက်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန်က ယခု လက်မှတ်ရေးထိုးလိုက်သော သဘောတူညီချက်အရ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ခရီးသည်နှင် ကုန်တင် လေယာဉ်များ အနေဖြင့် ပြေးဆွဲ ပျံသန်းနိုင်ကြတော့မည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ပိုင် ဘီမန် လေကြောင်းအနေဖြင့် ရန်ကုန်-ဒက္ကားလေကြောင်းကို ယခုနှစ် နိုဝင်္ဘာလ တွင် နောက်ဆုံး (သို့မဟုတ်) ဒီဇင်္ဘာလ အတွင်း စတင် ပြေးဆွဲနိုင်တော့မည်ဟု ဆိုသည်။

နိုင်ငံ (၂) ခု အကြား လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းခြင်းအားဖြင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သလို ကုန်သွယ်ရေးကိုလည်း တိုးမြှင့်စေမည်ဟု လက်မှတ်ရေးထိုးပွဲတွင် ၀န်ကြီး ဖာရုဒ်ခန်က ပြောဆိုသည်။

မြန်မာကိုယ်စားလှယ် ဦးဝင်းရွှေထွန်းမှလည်း လေကြောင်းလိုင်းများ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည်ဟု ဆိုသည်။

၎င်းပြင် မြန်မာလေကြောင်းလိုင်းများအားလည်း ရန်ကုန်နှင့် ဒက္ကားအကြား ပြေးဆွဲ ပျံသန်းနိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က ဘီမန် လေကြောင်းလိုင်းမှ တိုက်ရိုက်ပျံသန်းမူ ရှိခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်တွင် ရပ်နားခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒုက္ခသည်စခန်းများ ၀န်းရံလျက်ရှိသော နိုင်ငံကို...ဟုခေါ်သည်

8.1.1
ပြည်တွင်း စစ်ဒဏ်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ ခံစားခဲ့ရသော မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည် အရေအတွက် လျော့ကျသွားခဲ့ခြင်း မရှိသေးပေ။ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းပြီး သေနတ်သံ တိတ်ဆိတ်သော နိုင်ငံဖြစ်ရန် ကြိုးပမ်းခြင်းများ ရှိသော်လည်း နေ့စဉ်နှင့်အမျှ ကြိုကြားဖြစ်ပေါ်နေသော တိုက်ပွဲများက စစ်ပြေးဒုက္ခသည် အရေအတွက်ကို ဆက်လက် တိုးပွားစေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များလည်း ရှိနေခဲ့ပါသည်။ လက်ရှိ အခြေအနေများအရ စစ်ပြေးဒုက္ခသည် စခန်းများမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အခိုင်အမာ ရှိနေပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး ဧရိယာများတွင် စစ်ပြေးဒုက္ခသည်စခန်း အများအပြား ရှိနေပါသည်။ ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည် စခန်းများ ရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိထ္တီလာမြို့တွင်လည်း ပဋိပက္ခကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခသည်စခန်းများ ရှိနေခဲ့ပါသည်။
စစ်ကြောင့်ဖြစ်သော ဒုက္ခသည်များ
ပြီးခဲ့သောဆယ်စုနှစ်များအတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် စစ်ပြေးဒုက္ခသည် စခန်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက် ပေးရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ နှစ်ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဘ၀ရောက်နေ ကြသူများ ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန် လျော့ကျသွားသော်လည်း စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ မရေရာသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။
ယခုနှစ်ပိုင်းများအတွင်း တိုင်းရင်းသား ဒေသများ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ဆက်လက် တိုးပွားနေဆဲ ဖြစ်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခု နှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် KIOI ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များ ပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရပါသည်။ ထိုတိုက်ပွဲများ ကြောင့်ပင် အစိုးရထိန်းချုပ် နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော် အစရှိသော မြို့များတွင် စစ်ပြေးဒုက္ခ စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော် ပေါ်ပေါက်ခဲ့ပြီး ထိုသူများ၏ နေရပ်ပြန်ရေး ကိစ္စမှာလည်း နှောင့်နှေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ  ...

ထို့အတူ ရှမ်းပြည်နယ် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ဆက်လက် ပေါ်ပေါက်နေပါသည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရနှင့် ပလောင်(တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၀၀၀ ကျော်ရှိနေရာမှ ဆက်လက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါသည်။ ပလောင် တိုင်းရင်းသားများ၏ စစ်ပြေးဒုက္ခသည် စခန်းများမှာ မန်တုံမြို့တွင်နှစ်ခု၊ တန့်ယန်း မြို့တွင်တစ်ခု၊ ကွတ်ခိုင်မြို့တွင်နှစ်ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် တစ်ခုနှင့် နမ့်ခမ်းမြို့တွင် နှစ်ခု အစရှိသဖြင့် အသစ်ပေါ်ပေါက် လာခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ အစိုးရနှင့် RCSS/SSA၊ KNPP၊ KNU၊ DKBA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ အပါအ၀င် အခြားသော စီမံကိန်းများကြောင့် နေရပ်ကို စွန့်ခွာပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိခိုလှုံနေသူ အရေအတွက် တိုးပွားခဲ့ကြောင်း သိရသည်။
Myanmar Peace Monitor ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အခြားသော စီမံကိန်းများကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသော အရေအတွက်မှာ ရှမ်းပြည်နယ်တွင် ၆၇၀၀၊ ကယားပြည်နယ်တွင် ၇၀၀၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၀၊ ကရင်ပြည်နယ်တွင် ၁၆၀၀၊ မွန်ပြည်နယ်တွင် ၂၀၀ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၆၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ဖြစ်သော ဒုက္ခသည်များ
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၈၀၀၀၀ ကျော်ခန့် ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း ကထုတ်ပြန်ခဲ့သော UNOCHA ၏ အစီရင်ခံစာအရ လူဦးရေ ၇၀၀၀၀ ကျော်ခန့်သည် ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခများ စတင်ချိန်တွင် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူဦးရေ ၃၀၀၀၀ ကျော် ခန့်မှာ ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ပေါ်ပေါက် လာသည့် ဒုက္ခသည် စခန်းများမှာ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ရှိကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် မိထ္ထီလာမြို့တွင် ဒုက္ခသည် စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ရရှိသော စာရင်းများအရ မိထ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ဒုက္ခသည် အရေအတွက် ၄၀၀၀ ကျော် ခိုလှုံနေရကြောင်း သိရသည်။ အရေအတွက် အတိအကျ အနေဖြင့် သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၉၁ဦး၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေး စခန်းတွင်လူဦးရေ ၁၅၉၄ဦး၊ ရေအရင်း အမြစ် ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၆၈ ဦး၊ စုစုပေါင်း လူဦးရေ ၄၂၀၄ ဦး ခိုလှုံ နေရဆဲဖြစ်ကြောင်း သိရှိရသည်။
ဒုက္ခသည်များနှင့် အနာဂတ်
ပဋိပက္ခများကြောင့် ဖြစ်လာခဲ့သည့် ဒုက္ခသည်များ၏ အနာဂတ်မှာ နယ်မြေတည် ငြိမ်ပြီး ထိုက်သင့်သော အကူအညီများ ရရှိပါက ပြန်လည် ထူထောင်ရေး အတွက် မျှော်လင့်ချက်များ ရှိနေပါသည်။ သို့သော် အဆိုပါ ဒုက္ခသည်များအတွက် အခြေခံ စောင့်ရှောက်မှုများနှင့် အလုပ်အကိုင် ဖန်တီးပေးရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။
8.1.1
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ-နေထွန်းနိုင်)
စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်မှာ ပို၍ ခက်ခဲသော အခြေအနေသို့ ဦးတည်လျက် ရှိနေပါသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ၏ အကြီးမားဆုံး အိပ်မက်မှာ တတိယနိုင်ငံများသို့ သွားရောက်ခွင့် ရရှိရေး ဖြစ်ပါသည်။ သို့ရာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အစီအစဉ်များနှင့် တတိယ နိုင်ငံများ၏ ဒုက္ခသည် လက်ခံနိုင်စွမ်း ကန့်သတ်ချက်များက စစ်ပြေးဒုက္ခသည်များ၏ တတိယနိုင်ငံ သွားရောက်ရေး အိပ်မက်ကို မှုန်ဝါးစေခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အခြေချ နေထိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အခက်အခဲအပြင် အခြေခံ အဆောက်အအုံ လိုအပ်ချက်များလည်း ရှိနေပါသည်။ တိုက်ပွဲဖြစ်စဉ် ခကာလအတွင်း သက်ဆိုင်ရာ နယ်မြေများတွင် နှစ်ဖက်တပ်ဖွဲ့များ အသုံးပြုခဲ့သော မိုင်းအန္တရာယ်နှင့် မိုင်းရှင်းလင်းရေး ပြဿနာမှာကိုလည်း အပြည့်အ၀ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဖြစ်နေသူများ ကိုယ်တိုင်က မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်နေထိုင်ရန် ငြင်းဆန်ထားပါသည်။
သို့ရာတွင် မြန်မာစစ်ပြေး ဒုက္ခသည်များကို လက်ခံထားသော ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည် စခန်းအချို့ကို ဖျက်သိမ်းလိုပြီး ဒုက္ခသည်အချို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေပါသည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံဆိုင်ရာ UNHCR တာဝန်ခံနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့တွေ့ဆုံပြီး မြန်မာစစ်ပြေး ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးမှုတွင် လိုအပ်ချက်များ ရှိနေသေးသဖြင့် မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်းအျပ် ပြန်လည် ပို့ဆောင်မည် မဟုတ်ကြောင်း UNHCR ဘက်မှ ကတိပြုခဲ့သည်။
ထို့အတွက်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော စစ်ပြေးဒုက္ခသည်စခန်းများ ဆက်လက် တည်ရှိနေနိုင်ပြီး မြန်မာနိုင်ငံ အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက စစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း ဆက်လက် တိုးပွားနေမည် ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

တရုတ်ဘက်မှ တွေ့ဆုံဆွေးနွေးမည့်သူ ကန့်သတ်မှုကြောင့် CNPC နှင့် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှု ပျက်ပြယ်

8.1.1
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်ဘက်မှ ပိုက်လိုင်းကုမ္ပဏီ CNPC နှင့် မြန်မာနိုင်ငံဘက်မှ အရပ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ သြဂုတ် ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း တရုတ်ဘက်မှ ယင်းတို့ လက်ခံတွေ့ဆုံမည့်သူကို ကန့်သတ် ထားသောကြောင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှုမှာ ပျက်ပြယ်သွားကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံခြင်း အခမ်းအနားမှ သိရသည်။
''ကျွန်တော်တို့မှာ ၁၈ ဖွဲ့ရှိတယ်။ ပိုက်လိုင်းကိုက ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခု ဖြတ်သွားတော့ အခုကျွန်တော်တို့ ရှမ်းကနေ ရခိုင်အထိ ၁၀ ယောက် လာကြတယ်။ အဲဒီ ၁၀ ယောက်ထဲကမှ ကိုယ့်နယ်ကို ကိုယ်စားပြုပြီး ပြောနိုင်ဖို့က ဥပမာ-ကျွန်တော်ဆိုရင် ရှမ်းပြည်ကိစ္စ ရခိုင်ကိစ္စကို မပြောနိုင်ဘူး။ ဒါကြောင့် ရခိုင်က ပြောမယ့်လူ လိုတယ်။ မကွေး၊ မန္တလေးကလည်း ပြောမယ့်လူ လိုတယ်။ ရှမ်းလိုတယ်ပေါ့။ ညှိကြနှိုင်းကြတဲ့ အခါမှာ ကျွန်တော်တို့ဘက်က ခုနစ်ယောက်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့။ စကားပြန်က တစ်ယောက်ဆိုရင် ကျွန်တော်တို့ဘက်က ရှစ်ယောက်ပေါ့။ သူတို့က ကျွန်တော်တို့က ခြောက်ယောက်၊ စကားပြန် တစ်ယောက်နဲ့ပဲ တွေ့ခွင့်ရမယ် ဆိုပြီးပြောတယ်။ အဲဒီမှာတင် ခုနစ်ယောက်နဲ့ ရှစ်ယောက် ကွာနေတယ်။ ကျွန်တော်တို့က ဟုတ်ပြီ ခုနစ်ယောက်နဲ့ ရှစ်ယောက် ဘာကြောင့် မတွေ့နိုင် ရတာလဲဆိုတော့ သူတို့က အဆင့်ဆင့် တင်ပြရလို့ပါလို့ ပြောတယ်။ အေး အဲဒါဆိုရင် နောက်မှ ထပ်စီစဉ်တာပေါ့ ဆိုပြီး မတွေ့ဖြစ်ကြတာ'' ဟု ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောကြားသည်။
ယင်းကဲ့သို့ တွေ့ဆုံရန် စီစဉ်ထားမှု ပျက်ပြယ်သွားခြင်းနှင့် ပတ်သက်ပြီး မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနှင့် မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ် ၂၉ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မန္တလေးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
''ကျွန်မတို့အဖွဲ့ကို အောက်တိုဘာ ၁ ရက်မှာ စဖွဲ့တယ်။ စဖွဲ့တဲ့ နေ့မှာပဲ မြန်မာ- တရုတ် ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ Statement လေးတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲလိုထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ တရုတ် ကုမ္ပဏီဘက်က မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနဲ့ တွေ့ဆုံချင်တယ်ဆိုပြီး ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကျွန်မတို့နဲ့ သူတို့နဲ့ ရန်ကုန်က Chatrium ဟိုတယ်မှာ တွေ့ခဲ့တယ်။ ကျွန်မတို့ဘက်က ပိုက်လိုင်းတစ်လျှောက် ကြုံတွေ့ရတာတွေ တင်ပြတယ်။ အဲဒီအခါ သူတို့ဘက်က ဒီပြဿနာ လေးတွေကို ဖြေရှင်းပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒေသခံတွေ ကျေနပ်လောက်တဲ့အထိ ဖြေရှင်းပေးတာ မရှိသေးဘူး'' ဟု ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ တာဝန်ခံ မစနိုးက ပြောကြားသည်။
သြဂုတ် ၂၉ ရက်တွင် CNPC နှင့် မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ တွေ့ဆုံပွဲ ကျင်းပရန် စီစဉ်ထားမှုနှင့် ပတ်သက်ပြီး Eleven Media Group မှ CNPC သို့ ဆက်သွယ်မေးမြန်းစဉ် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ဖြစ်သဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

စီးပွားရေး လုပ်ငန်းရှင်များ ဈေးကစားမှုကြောင့် ကျောက်ဖြူမြို့ အိမ်ခြံမြေဈေးကွက် အဆမတန် မြင့်မားလာ

8.1.1
ကျောက်ဖြူမြို့ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့တွန်း စက်ရုံအား တွေ့မြင်ရစဉ်
ကျောက်ဖြူမြို့တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အပါအ၀င် ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းများကို အခွင့်ကောင်းယူပြီး အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်များ ဈေးကစားမှုကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်မားလာကြောင်း ကျောက်ဖြူမြို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင် သူများက ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အိမ်ခြံမြေဈေးမှာ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်လာသည့် ၂၀၀၉ ခုနှစ်မှ စတင်ပြီး ဈေးတက်လာခြင်းဖြစ်ရာ ယခုလက်ရှိတွင် ၁၀ ဆမက မြင့်တက်နေကြောင်း ကျောက်ဖြူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းကျော်က ပြောကြားသည်။
''၂၀၀၉-၂၀၁၀ ခုနှစ် ကျောက်ဖြူ အိမ်ခြံမြေဈေးက ၄၀ ထ ၆၀ မြေတစ်ကွက်ကို မြို့ပေါ်ရပ်ကွက် မှာဆိုရင် သိန်း ၅၀ ၊ သိန်း ၈၀ ၀န်းကျင် လောက်သာရှိတာ။ အခုလက်ရှိ မှာတော့ သိန်း ၁၀၀၀၊ ၁၅၀၀ ၀န်းကျင်ထိ တောင် ဈေးမြင့်နေပါတယ်။ ဒီလိုမြင့်မား လာရခြင်းရဲ့ အဓိကက အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်တွေ ဈေးကစား မှုကြောင့်ပါ။ သူတို့က အိမ်ခြံမြေတွေကို လက်ဦးမှုရယူ ၀ယ်ယူပြီး တစ်ဆင့်ရောင်းချတာက ၀ယ်ရင်းဈေးထက် အဆ ၂၀ လောက် ဈေးခေါ်ထားတာ။ အိမ်ခြံမြေ ရောင်းချမယ့် သူတွေလည်း သူတို့ဈေးအတိုင်း အဆမတန် ကြောက်ခမန်းလိလိ ဈေးတွေကို ခေါ်ထားတော့ တကယ်ဝယ်မယ့် သူတွေက လက်ဖျားခါ အောချသွားတယ်'' ဟု ဦးထွန်းကျော်က ဆက်လက် ပြောကြားသည်။
ကျောက်ဖြူမြို့ အိမ်ခြေမြေဈေးနှုန်း မြင့်တက်လာရခြင်း၏ အကြောင်းရင်း တစ်ရပ်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း တည်ဆောက်ရန် အတွက် မြေနေရာများကို အဆမတန် လျော်ကြေးများပေးပြီး ၀ယ်ယူခြင်းများကြောင့် ဆက်လက် အိမ်ခြံမြေ ရောင်းချမည့်သူများ မှာလည်း အဆိုပါ ဈေးကိုယှဉ်ပြီး ဈေးမြှင့်တင်လာခြင်းများ ဖြစ်ကြောင်းလည်း အရာရှိ ရပ်ကွက်မှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူ ဦးလှရွှေက သုံးသပ်ပြောကြားသည်။
ကျောက်ဖြူ-ရန်ကုန် ကားလမ်း တိုက်ရိုက်ပေါက်လာပြီး နောက်ပိုင်း သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လာရာ ကျောက်ဖြူမြို့မှာ လွန်ခဲ့သည့် ဆယ်စုနှစ် အတိုင်းအတာထက် များစွာ ဖွံ့ဖြိုးတိုးတက်လာပြီး ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်လာမည့် စက်မှုဇုန် စီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းများ တည်ဆောက်လာပါက လက်ရှိထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အရေးများကို ပြည်တွင်းအိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင် အချို့ကလည်း ကျောက်ဖြူမြို့တွင် အိမ်ခြံမြေများကို ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ ရှိလာကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

အမေရိကန် ရခိုင်အမျိုးသားညီလာခံ မနက်ဖြန် ကျင်းပတော့မည်

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် ရောက်ရှိနေထိုင်နေကြသော ရခိုင်အမျိုးသားများအားလုံး ပါဝင်လာနိုင်သည့် ရခိုင်အမျိုးသား ညီလာခံတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ထန်နန်ဆီပြည်နယ် (Tennessee State)၏ မြို့တော် နာ့စ်အ်ဗီလီမြို့ (Nashville)တွင် မနက်ဖြန် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါညီလာခံကို သြဂုတ်လ ၃၁ ရက် စနေနေ့ မှ စက်တင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်အမျိုးသား ညီလာခံ (အမေရိကန်)၏ လက်ကမ်းစာစောင်။ ရခိုင်အမျိုးသား ညီလာခံ (အမေရိကန်)၏ လက်ကမ်းစာစောင်။
အမေရိကန်ရောက် ရခိုင်လူမျိုးများ စုစည်းခိုင်မာသည့် ညီညွတ်မှုတစ်ခုတည်ဆောက်နိုင်ရန်နှင့် ရခိုင်ပြည်၊ ရခိုင်လူမျိုးတို့၏ အနာဂတ်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် တခြားလိုအပ်သည့် အကူအညီများကိုပါ တတ်စွမ်းသရွေ့ အားပေးအထောက်အကူပြုနိုင်ရန်အတွက် အမေရိကန် ရခိုင်အမျိုးသား ညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရခိုင်အမျိုးသား ညီလာခံသို့ ပြည်တွင်းပြည်ပမှ ရခိုင်ပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ကြားထားကြောင်း သိရှိရသည်။
ရခိုင်အမျိုးသားညီလာခံသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့် အမေရိကန်ပြည်ထောင်စုမှ ရခိုင်အမျိုးသားရေး ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလ ပညာရှင်များအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များပါ တက်ရောက်လာကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ ပြည်နယ်အသီးသီးမှ ပြည်နယ်ကိုယ်စားလှယ်များ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများအပါအ၀င် တက်ရောက်လေ့လာသူ ရခိုင်အမျိုးသား/ အမျိုးသမီးများဦးရေ ၂၀၀ နှင့် ၃၀၀ ကြား တက်ရောက်လာနိုင်ကြောင်း အိုင်အိုဝါပြည်နယ် (Iowa)မှ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်းများက အာရ်ကန်တိုင်းမ်စ်သို့ ခန့်မှန်းပြောသည်။
ရခိုင်အမျိုးသားညီလာခံ (အမေရိကန်)ကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးသည့် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် ရောက်ရှိပျံ့နှံ့နေထိုင်နေကြသည့် ရခိုင်အမျိုးသားများအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် သာရေး၊ နာရေးမှအစ အမျိုးသားရေးကဏ္ဍများကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက်လည်း အချင်းချင်း ချစ်ကြည်ရင်းနီးမှုနှင့် သွေးစည်းညီညွတ်မှုများကို လမ်းခင်းပေးနိုင်မည်ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဦးသိန်းမောင်က လွန်ခဲ့သည့် လအနည်းငယ်ခန့်က အာရ်ကန်တိုင်းမ်စ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ် (Iowa State)၊ ဒီမွိုင်းမြို့ လင်ကွန်းခန်းမ၌ ကျင်းပခဲ့သော ညီလာခံဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးတွင် ရခိုင်အမျိုးသားညီလာခံ (အမေရိကန်) လက်ခံကျင်းပနိုင်မည့် ပြည်နယ်ကို တောင်းဆိုရာ ထန်နက်ဆီပြည်နယ်မှ ရခိုင်အမျိုးသားများက မိမိတို့ လက်ခံကျင်းပနိုင်ကြောင်း အဆိုပြုတင်သွင်းခဲ့သဖြင့် ညီလာခံဖြစ်မြောက်ရေး ကော်မတီမှ ရခိုင်အမျိုးသားညီလာခံကို ထန်နန်ဆီ ပြည်နယ်တွင် ကျင်းပပြုလုပ်ရန် ရွေးချယ်အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

မြောက်ဦးလူမှုကွန်ရက်မှ မြို့အတွင်းရှိ မူလတန်းကျောင်းတွင် စာအုပ်များလှူဒါန်း

ရခိုင်ပြည် မြောက်ဦးမြို့မှ ရခိုင်လူမှုကွန်ရက်အသင်းက မြောက်ဦးမြို့အတွင်းရှိ မူလတန်းကျောင်းတွင် ဗလာစာအုပ်များ လှူဒါန်းနေကြောင်း သိရသည်။
မြောက်ဦးမြို့အတွင်းရှိ အ.မ.က (ဒိုင်းကျီ)ကျောင်းတွင် ၂၀၁၃ - ၁၄ ပညာသင်ကြားနေသော မူလတန်းကျောင်းသူ/သားများအား ၄င်း ရခိုင်လူမှုကွန်ရက် (မြောက်ဦး)မှ ဗလာစာအုပ် ဒါဇင် (၆၀) ကို သြဂုတ်လ ၂၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောက်ဦး လူမှုကွန်ရက်မှ အ.မ.က(ဒိုင်းကျီ)ကျောင်းတွင် ကျောင်းသူ/သားများအား ဗလာစာအုပ်များ လှူဒါန်းနေစဉ်။ မြောက်ဦး လူမှုကွန်ရက်မှ အ.မ.က(ဒိုင်းကျီ)ကျောင်းတွင် ကျောင်းသူ/သားများအား ဗလာစာအုပ်များ လှူဒါန်းနေစဉ်။
သွားရောက်လှူဒါန်းခဲ့သည့် အ.မ.က (ဒိုင်းကျီ)ကျောင်းမှ သူငယ်တန်း(၃၆)ဦး ပထမတန်း(၂၅) ဦး ဒုတိယတန်း(၂၄)ဦးတို့အား တစ်ဦးလျှင် စာအုပ်လေးအုပ်နှင့် ဘောပင်တစ်ချောင်း၊ ခဲတံတစ်ချောင်း လှူဒါန်းခဲ့ပြီး တတိယတန်း (၃၃)ဦးနှင့် စတုတ္ထတန်း(၁၅)ဦးတို့အား တစ်ဦးလျှင် ဗလာစာအုပ် ငါးအုပ်နှင့် ဘောပင်တစ်ချောင်း၊ ခဲတံတစ်ချောင်း လှူဒါန်းခဲ့ကြသည်။
ဗလာစာအုပ်လှူဒါန်းခြင်းနှင့် ပတ်သတ်၍ လူမှုကွန်ရက်အသင်းအား ကျောင်းအုပ်ဆရာကြီးအပါအ၀င် ဆရာမများက ကျောင်းသူ/သားများအတွက် အလွန်ဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ကြောင်းပြောကြားသည်။
လူမှုကွန်ရက်အသင်းမှ တာဝန်ရှိသူ ဦးမောင်ကျော်ဇောက ရခိုင်ပြည်တွင်ရှိသော ရခိုင်ပြည်သူ/သားများအနေဖြင့် ကွန်ရက်သဖွယ် ချိပ်ဆက်နိုင်အောင်နှင့် မျိုးချစ်စိတ်ဓာတ်ရှိနိုင်အောင် ကျောင်းသူ/ကျောင်းသားများအား ရခိုင်လူမှုကွန်ရက်ခေါင်စဉ်နှင့် ပတ်သတ်၍ရှင်းပြခဲ့သည်။
ရခိုင်လူမှုကွန်ရက် (မြောက်ဦး)အနေဖြင့်လည်း အခြားသောကျောင်းများတွင် ဗလာစာအုပ်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူး ကိုထွန်းထွန်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- အောင်မြလင်း(မြောက်ဦး))

ရမ်းဗြဲမြို့နယ်တွင် ကျပ် ၁၅၀၀ တန်ဆင်းကဒ် မဲနှိုက်စနစ်ဖြင့် ရောင်းချ

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ကျပ် ၁၅၀၀ တန်ဆင်းကဒ်များကို ကျေးရွာအုပ်စုအလိုက်၊ ရွာအကြီးအငယ်အလိုက် မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆင်းကဒ်။ (ဓါတ်ပုံ - အင်တာနက်)ဆင်းကဒ်။ (ဓါတ်ပုံ - အင်တာနက်)
လမုခြီကျေးရွာအုပ်စု သရက်ချောင်း ကျေးရွာတွင် ဆင်းကဒ် ၈ ကဒ်ရရှိပြီး ၄င်းဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချပေးထားပြီဖြစ်ကြောင်း၊ လျှောက်ထားသူများမှ လျှောက်လွှာကြေးခ တစ်ဦးလျှင် ကျပ် ၃၀၀ စီ ပေးခဲ့ရကြောင်း သရက်ချောင်း ရွာသားဖြစ်သူ ဦးစံလှဘိုမှ ပြောသည်။
" ကျေးရွာအုပ်စုအလိုက်၊ ရွာအကြီးအငယ်လိုက် ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သရက်ချောင်းရွာဆိုရင် လမုခြီကျေးရွာအုပ်စုမှာ ပါဝင်ပါတယ်။ လမုခြီကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာက ၆ ရွာ ရှိပါတယ်။ တစ်ရွာကို တစ်ကတ်စီ ပေးပါတယ်။ ဖုန်းကဒ်လိုချင်တဲ့ သူတွေက အုပ်ချုပ်ရေးမှူးတွေဆီမှာ သွားလျှောက်ရပါတယ်။ လျှောက်လွှာကြေးကတော့ တစ်ယောက်ကို ၃၀၀ ကျပ်စီ ပေးရပါတယ်။ နာမည်ရယ်၊ မှတ်ပုံတင်နံပါတ်တွေရယ် ဖြည့်ပြီးတော့ နောက်တစ်နေ့ မဲနှိုက်ပေးပါတယ်။ ကျွန်တော်တို့ရွာက ရွာသူ၊ ရွာသား ၇၀ လောက်က မဲနှိုက်ကြပါတယ်။ " ဟု ပြောသည်။
၁၅၀၀ တန် ဆင်းကဒ်အား မဲနှိုက်ပေးသည့်အချိန်တွင် ရွာသားတစ်ဦးမှ မှတ်ပုံတင် မယူလာခဲ့မိသောကြောင့် မဲနှိုက်ခွင့်မရရှိဘဲ မှတ်ပုံတင်ပါရှိသည့် အခြားတစ်ယောက်က မဲနှိုက်ခွင့်ရရှိခဲ့ကြောင်း၊ ယခု မဲနှိုက်ပေးသည့်အချိန်တွင် မဲမပေါက်လိုက်သူများအနေဖြင့် နောက်တစ်ကြိမ်တွင် ပြန်ပြီး လျှောက်လွှာတင်နိုင်ကြောင်း သိရသည်။
မြေပုံကျေးရွာအုပ်စုတွင်လည်း ဆင်းကဒ် ၈ ကဒ်ရရှိပြီး ၆ ကဒ်ကို ရွာသူ/ရွာသားများအား မဲနှိုက်ရောင်းချပေးခဲ့ကြောင်း၊ ကျန် ၂ ကဒ်ကို မြေပုံစာသင်ကျောင်းနှင့် သုဓမ္မာကျေးရွာမှ မဲပေါက်သွားခဲ့ကြောင်း အဆိုပါရွာ၏ ဒေသခံတစ်ဦးဖြစ်သူ မမြင့်မြင့်အေးမှ ပြောသည်။
" မြေပုံ ကျေးရွာအုပ်စုအတွက်ကတော့ ၆ ကဒ် ကျပါတယ်။ မြေပုံအုပ်စုမှာတော့ ၆ ရပ်ကွက်ခွဲပြီးတော့ တစ်ရပ်ကွက်ကို ၁ ကဒ်စီပေးပါတယ်။ မနေ့ကပဲ ခြောက်ကဒ်စလုံးကို မဲနှိုက်ပြီးသွားပါပြီ။ ၁ ကဒ်ကို တစ်ရပ်ကွက်လုံးက မဲနှိုက်ရတာ ဖြစ်ပါတယ်။ မဲလိပ်တွေကို အိုးထဲမှာထည့်ပြီး ရွာထဲက ကလေးနှစ်ယောက်ကို နှိုက်ခိုင်းပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးက ကြည့်ပြီးတော့ လူအများရှေ့မှာ မဲပေါက်တဲ့သူတွေကို ကြေညာပေးပါတယ်။ " ဟု ပြောသည်။
ဆင်းကဒ်များအား ရောင်းချပေးသည်မှာ ရမ်းဗြဲမြို့အတွင်းဖြစ်သော်လည်း လမုခြီကျေးရွာအုပ်စုတွင် လျှောက်လွှာကြေး ကျပ် ၃၀၀ ပေးရပြီး မြေပုံကျေးရွာအုပ်စုတွင် လျှောက်လွှာကြေး မပေးရကြောင်း သိရသည်။
၁၅၀၀ တန် ဆင်းကဒ်များအား ရမ်းဗြဲမြို့ရှိ မြေပုံကျေးရွာအုပ်စုတွင် ၈ ကဒ်၊ လမုခြီ ကျေးရွာအုပ်စုတွင် ၈ ကဒ်၊ ငရံ့ချောင်း ကျေးရွာအုပ်စုတွင် ၈ ကဒ်နှင့် တိုးကြားကျေးရွာအုပ်စုတွင် ပထမအကြိမ် ၁၀ ကဒ်နှင့် ဒုတိယ အကြိမ် ၃ ဒတ် ဖြန့်ချိထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာပြည်သူ/သားများအား ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးနေသည့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)၏ CDMA ဆင်းကဒ်အရေအတွက် ၁ သန်းအဆင်သင့်ရှိပြီး တစ်လလျှင် ဆင်းကဒ် ၃ သိန်းခန့်ရောင်းရန် လျာထားသော်လည်း ညွှန်ကြားချက်ရလျှင် ရသလို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- မြတ်နိုးခင်)

Thursday, August 29, 2013

သံတွဲ (၅၂)နှစ်မြောက် နိုင်ငံတော် ဘာသာနေ့အခမ်းအနား ပြည်သူလူထု သောင်းချီပါဝင်

IMG_0919
 
၁၉၆၁ခုနှစ်၊သြဂုတ်လ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတ မန်းဝင်းမောင် ကြေညာခဲ့သည့် နိုင်ငံတော် ဘာသာနေ့ ၅၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့၌ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ကကြီးမှူးကျင်းပရာ ဒေသခံ ပြည်သူလူထု သောင်းချီ၍ ပါဝင်ခဲ့သည်။

ပြည်သူလူထု ပရိတ်သတ် သောင်းကျော် ပါဝင် ဆင်နွဲခဲ့သည့် သံတွဲမြို့၏ နိုင်ငံတော် ဘာသာနေ့ ကျင်းပပုံနှင့် ပတ်သက်၍ ဆရာတော်အရှင်ကောသလက နိရဉ္ဇရာသတင်းဌာနကို ယခုလို မိန့်ကြားသည်။

“ သြဂတ်စ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁နာရီ ကနေ ၂နာရီထိ လေးမျက်နှာ ဓမ္မာရုံမှာ သံဃာတော်တွေ တစ်မြို့နယ်လုံးက ရောက်လာတဲ့ လူပုဂ္ဂိုလ်တွေကို ငါးပါးသီလ ပေးပြီးတော့ ပရိတ်ရွတ်ကြတယ်။ အဲဒီနောက်ညနေ၅နာရီ နီးပါးထိ ငါးရာလောက်ရှိတဲ့ သံဃာ တော်တွေမြို့တွင်းလှည့်လည် ဆွမ်းခြောက် ခံကြတယ်။ ရခိုင် စည်တော် အဖွဲ့က သာသနာတော်စည်တီးခတ်ပြီး ရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ် ဆွမ်းခြောက် ခံပါတယ်။ လမ်းတလျှောက်မှာတော့ သောင်းနဲ့ ချီပြီး ရှိတဲ့ပြည်သူတွေက အားပါးတရ ဆွမ်းခြောက်တွေ လောင်းလှူ ဒါန ပြုပြီးတော့ သာဓု အနုမောဒနာ ခေါ်ကြတာတွေ့ရတယ်” ဟု ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့က သံတွဲမြို့တွင်း သာသနာ့ အလံများ စတင်စိုက်ထူချိန်မှ စ၍ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ရာ ကျော်ခန့်ကို ပွဲတော်ပြီးဆုံးသည့် ကာလထိ မြို့ပေါ်၌ နေရာအနှံ့ချထားကြောင်း ဒေသခံတို့ကဆိုသည်။

ဗုဒ္ဓဘာသာ ပွဲတော်များတွင် ယခင်နှစ်များနှင့် မတူဘဲ တင်းကြပ်စွာချထားသည့် လုံခြုံရေးအနေထားနဲ့ ပတ်သက်၍ ရခိုင်လူမှုကွန်ယက်မှ ဦးမြင့်မိုးက ယခုလို ဆိုသည်။

“နှစ်စဉ်နှစ်တိုင်း ဘာသာရေးပွဲတွေကျင်းပခဲ့တဲ့နေရာမှာ ဒီလောက်များပြားလှတဲ့ လုံခြုံရေးတွေကို တခါမှ မတွေ့ခဲ့ရဘူး။ ကောလာဟလတွေ ကြိုထွက်နေတာမို့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ၀င်တွေကို မြို့အနှံ့ ချထားပုံ ရတယ်။”

ပွဲတော် မကျင်းပမီ သံတွဲမြို့ရှိ မွတ်ဆလင် လူမျိုးများ၏ နေအိမ်များကို ဗုဒ္ဓဘာသာသာသနာ့ အလံများ လိုက်လံ ထိုးစိုက်နေပြီး မြို့ပေါ်ရှိ ဘာသာခြားများကိုလည်း ဗုဒ္ဓဘာသာ ရဟန်းတော် များက အတင်းအကြပ် ရဟန်းဝတ်ပေးနေသည် စသည်ဖြင့် အင်တာနက် စာမျက်နှာ အချို့၌ စွပ်စွဲ ဖော်ပြသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အင်တာနက်မှ သတင်းများသည် လုံးဝမဟုတ်မှန်ကြောင်း နိုင်ငံတော် ဘာသာနေ့ ကြီးမှူး ကျင်းပသည့် သံတွဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က သြဂုတ်လ ၂၅ ရက် တွင် ကြေငြာချက် တစ်စောင်ကိုထုတ်ပြန်၍ ရှင်းလင်းခဲ့ရကြောင်း သိရသည်။

တောင်ကုတ်မြို့မှ ရခိုင် အမျိုးသမီးငယ်တစ်ဦးကို သံတွဲမှ မူဆလင်ဘာသာဝင် နှစ်ဦးက အဓမ္မ ပြုကျင့်ခဲ့မှု အပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သဖြင့် သံတွဲမြို့တွင်ဇွန်လ ၂၉ရက်နေ့မှ စ၍ ညနေ ၇ နာရီမှ မနက် ၇နာရီထိ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လေကြောင်းပျံသန်းရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျတို့ ယနေ့ သဘောတူ လက်မှတ်ရေးထိုးမည်

Yangon-Airport-potoed-by-Narinjara
နှစ်နိုင်ငံ အကြား လေကြောင်းလိုင်းများ ပြေးဆွဲ ပျံသန်းရန် အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အာဏာပိုင်များ အကြား ယနေ့တွင် လက်မှတ်ရေးထိုးမည်ဟု ဘင်္ဂလာဒေခ်ျ့ မီဒီယာများတွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ လေကြာင်းဝန်ကြီးအငြိမ်းစားဒုဗိုလ်မှူးကြီးဖာရုဒ်ခန်မှ မြန်မာအာဏာပိုင်များနှင့် လေကြောင်းလိုင်းများ ပြေးဆွဲ ပျံသန်းနိုင်ရန် ယနေ့တွင် လက်မှတ်ရေးထိုးမည်ဟု မီဒီယာများသို့ အတည်ပြု ထုတ်ဖေါ် ပြောဆိုသည်။

မြန်မာနှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးပါက ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် ကုန်တင် လေယာဉ်များ အနေဖြင့် ရန်ကုန်နှင့် ဒက္ကားအကြား ပျံသန်း ပြေးဆွဲနိုင်တော့မည်ဟု သူက ဆိုသည်။

လေကြာင်းလိုင်းများ တိုးချဲ့ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမူကို ပိုမို ခိုင်မာ လာစေမှာ ဖြစ်သလို အခြားတစ်ဘက်တွင်လည်း နိုင်ငံခြား ခရီးသွား လုပ်ငန်းကို ပိုမို တိုးတက် ကောင်းမွန် လာစေမည် ဖြစ်ကြောင်း ဖာရုဒ်ခန်က ဆိုသည်။

ယင်းအပြင် နှစ်နိုင်ငံအကြားကုန်သွယ်ရေးကိုပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်သလို နှစ်နိုင်ငံ ပြည်သူများ အကြား ဆက်သွယ်မူကိုလည်း တိုးမြှင့်လာစေမည်ဟု သူက ဆက်ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က တိုက်ရိုက် လေကြောင်းလိုင်း ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရပိုင် ဘီမန် Biman လေကြောင်းမှ ရန်ကုန်နှင့် စစ်တကောင်းအကြား ပျံသန်း ပြေးဆွဲခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်က ရပ်နားခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နှစ်နိုင်ငံ ကုန်သွယ်မူကို နယ်စပ်ကုန်သွယ်ရေးမှ တဆင့် လုပ်ကိုင်နေကြပြီး နယ်စပ်ကုန်သွယ်မူ သဘောတူညီချက်ကို ၁၉၇၃ နှင့် ၁၉၉၄ တို့တွင် တစ်ကြိမ်ကျစီ လက်မှတ်ရေးထိုးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)