Wednesday, October 23, 2013

မာယာထောင်ချောက်

D-23-10
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်
မာယာထောင်ချောက်ဆိုတာ ရှေုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ပါ။ ယခု တိုက်ဆိုင်နေလို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်။ ယခုတလော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတခွင် စသည်မှာ ဗုံးတွေဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။ ဒီကိစ္စနဲ့စပ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "ဒါတွေဟာ ထောင်ချောက်တွေပဲ" လို့ မှတ်ချက်ပေးပါတယ်။ ဒေါ်စုလွှတ်တော်ထဲကို ၀င်မယ်ဆိုတော့ တချို့ဆရာကြီးတွေက သဘောမတူကြဘူး။ ဒေါ်စုရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ လွှတ်တော်ထဲမှာ အလေအလွင့် ဖြစ်ကုန်မှာကို စိုးကြတယ်။ ဒေါ်စုအတွက် လွှတ်တော်ဆို တာ ...။
မာယာထောင်ချောက် ဆိုတဲ့အတိုင်း ထောင်ချောက်တွေဟာ မာယာတွေပါ။ သူတို့ ဘာကိုလှည့်စား ချင်တာလဲ။ ပြည်သူကတော့ နောကျေနေပါပြီ။ မြန်မာနိုင်ငံရဲ့ အရွေ့ဟာ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ ထောင်ချောက်တွေကလည်း ပေါမှပေါ။ များမှများပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မကြာမီ ရခိုင်ပြဿနာ ပေါ်လာတယ်။ တကယ့်ထောင်ချောက်ပါ။ တိုင်းပြည်အတွက်လည်း ထောင်ချောက်ပါ။ ဒီမိုကရေစီ အရေးတွက်လည်း ထောင်ချောက်ပါ။ လူထုခေါင်းဆောင်လည်း အလိုလိုနေရင်း ဒီထောင်ချောက်က မလွတ်ရှာပါဘူး။ နောက်လက်ပံတောင်းတောင် ထောင်ချောက်။ ဒီထောင်ချောက်မှာတော့ လူထုခေါင်းဆောင်ဟာ တည့်တည့်ကြီးကို တိုးတော့တာပ။ ရခိုင်၊ လက်ပံတောင်းတောင် ထောင်ချောက်နှစ်ခုနဲ့တင် လူထုခေါင်းဆောင်မှာ ဂုဏ်သိက္ခာတွေ အတော်ပွန်းပဲ့ သွားရပါတယ်။
အဲဒီနောက် မသင်္ကာဖွယ်ရာ တစ်ခုခု မြစ်ဖျားခံထားတဲ့ အထူးအဆန်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး ဘာသာရေး လှုပ်ရှားမှု ထောင်ချောက်တွေ ပေါ်လာပြန်တယ်။ (တကယ်လို့ ၂၀၁၅ မှသာ အမျိုးသားရေး၊ ဘာသာရေး အခြေပြု ပါတီအသစ် တစ်ခုခု ပေါ်လာမယ်ဆိုရင် ဆိုခဲ့ပါ လူမျိုးရေး၊ ဘာသာရေး လှုပ်ရှားမှုတွေဟာ အဲဒီပါတီရဲ့ လက်ချက်တွေဆိုတာ အသေအချာပါ။) လူ့အခွင့်အရေးကို အမျိုးသားရေး ထောင်ချောက်နဲ့ ထိပ်တိုက်တွေ့ပေး လိုက်တဲ့အခါ လူ့အခွင့်အရေး သမားတွေမှာ ထောင်ချောက်ထဲကို ရောက်ရပြန်ပါတယ်။ မြန်မာနိုင်ငံ အကူးအပြောင်း ကာလမှာ ထောင်ချောက်တွေက များမှများဆိုတာ လူ့အခွင့်အရေးသမားတွေ အထူးသတိမူကြဖို့ပါ။ နောက်ကွယ်က လက်မည်းကြီး ရှိနေတယ် ဆိုတာကို အစိုးရကိုယ်တိုင်က လက်ခံထားပါတယ်။ အဲဒီ လက်မည်းကြီးဟာ ကြိုးကိုလည်း ကိုင်မှာပဲ။ ဗုံးကိုလည်း ကိုင်မှာပဲ။ ထောင်ချောက်ဟူသမျှ အားလုံးကိုင်မှာပဲ။ ကြည့်လိုက်တော့ သူတို့ကိုယ်တိုင်က အကြောက်တရားဆိုတဲ့ ထောင်ချောက်ထဲမှာ ကျရောက်နေပါတယ်။ တိုင်းပြည်တစ်ခု ထူထောင်ရာမှာ ထောင်ချောက်လေးမျိုးထဲ ကျရောက်တတ်ကြောင်း ဂျူးရဲ့အောက်ခြေသန်းတစ်ထောင်မှာ ဖတ်ရပါတယ်။
(၁) ပြည်တွင်းစစ် ထောင်ချက်
(၂) သယံဇာတ ထောင်ချက်
(၃) အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်
(၄) အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်။
ထောင်ချောက်လေးမျိုးပါ။ မိမိတို့ မြန်မာနိုင်ငံ လက်ရှိအဖြစ်အပျက်နဲ့တော့ ကွက်တိပါပဲ။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးနဲ့အတူ ဖွားဘက်တော် ပြည်တွင်းစစ် ပါလာတယ်။ ပထမတော့ ၀ါဒရေး၊ နောက်တော့ တိုင်းရင်းသားရေး၊ ၀ါဒရေးကတော့ ခေါင်းဆောင်လုပ်သူတွေ တယူသန်မှု၊ ခေါင်းမာမှုတွေကြောင့်ပါ။ အင်္ဂလိပ်က ဘယ်လိုပဲ သွေးခွဲပါတယ်ပြောပြော ကိုယ့်အချင်းချင်းတွေ ပြေလည်အောင် ညှိကြရမှာပေါ့။ အလျှော့အတင်း ရှိကြရမှာပေါ့။ လူမှုရေးဗေဒမှာ အလျှော့အတင်းဆိုတာ အဓိက ဘာသာရပ်ပါ။ လူအချင်းအချင်းကြား အဖွဲ့အစည်းတိုင်းမှာ အလျှော့အတင်းဆိုတာ ရှိကြရမှာပါ။ သဘောထားကြီးမှု၊ အပေးအယူမျှမှု၊ သည်းခံခွင့်လွှတ်မှု၊ ခံစားနားလည်မှုဆိုတာ ရှိကြရမှာပါ။
ထိုင်မျှော်နေလို့ မရပါ။ ထိုင်စောင့်နေလို့ မရပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ပြည်သူက မိမိတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသားပါပါ ပြောင်းလဲရယူ ကြရမှာ။ ဆိုခဲ့တဲ့ ထောင်ချောက်တွေက ရုန်းထွက်ကြဖို့ လုယူခံခဲ့ရတဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ဆက်လက်ရုန်းကန် ကြရဦးမှာပါ . . . . .
တိုင်းရင်းသား အရေးကတော့ ခုထက်ထိ မပြီးမစီးနိုင်ပါပဲ။ အခြေခံကတော့ တရားမမျှတမှုပါ။ တိုင်းရင်းသားတို့ရဲ့ ခံစားချက်ကို နားလည်ပေးပါ။ သူတို့လိုချင်တာ ဘာလဲ။ သူတို့တောင်းဆိုနေတာ ဘာလဲ။ သူတို့က မတရားတာလား။ ကိုယ်က မတရားတာလား။ မတရားမှု တစ်ခုခုတော့ ရှိနေလို့ပဲ။ အဲဒီမတရားမှုကို တရားမျှတမှုနဲ့ အစားထိုးလိုက်ရင် ပြည်သူတစ်ရပ်လုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာမှာပါ။ သူတို့လိုချင်တာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဆိုတာ မျှတမှုပါပဲ။ အာဏာခွဲဝေမှု၊ သယံဇာတ ရင်းမြစ်ခွဲဝေမှု၊ ဘဏ္ဍာငွေ ခွဲဝေမှု စတဲ့မျှမျှတတရှိဖို့ လိုအပ်တာ မှန်သမျှ တရားမျှတစွာ မျှမျှတတ လုပ်ပေးမှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အမျိုးသားရေး ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ အခုတော့ စစ်အစိုးရ အဆက်ဆက် တိုင်းရင်းသားတို့အရေး ထည့်မတွေး၊ ပေးသင့်တာကို မပေး၊ အာဏာကို အလွဲသုံးစား ပြုခဲ့တဲ့ အခါကျတော့ တိုင်းပြည်က ချောက်ထဲရောက်၊ တိုင်းရင်းသားတွေက ဒုက္ခသည်တွေဖြစ်၊ ပြည်တွင်းစစ် ထောင်ချောက်ဆိုတာထက် စစ်အာဏာရှင် ထောင်ချောက်ထဲကို တိုင်းပြည်က ရောက်ခဲ့ရတာပါ။
သယံဇာတကို ကျိန်စာလို့ အသုံးများ ကြတယ်။ ကျိန်စာဆိုရင်လည်း မြန်မာနိုင်ငံဟာ သယံဇာတကျိန်စာ သင့်ခဲတာပါ။ ဒီနေရာတော့ သယံဇာတကို ထောင်ချောက်လို့ သုံးတယ်။ သယံဇာတကြောင့် အာဏာရှင်တွေ ပေါ်တတ်တယ်။ အာဖရိက၊ အာရပ်နိုင်ငံတွေကို ကြည့်ပါ။ မိမိတို့နိုင်ငံ ကြည့်ပါ။ ကျွန်းသစ်စတဲ့ သယံဇာတကြောင့် အင်္ဂလိပ် ကျွန်ပြုတာကို ခံခဲ့ရတယ်။ သယံဇာတကြောင့် စစ်အာဏာရှင် သက်တမ်းရှည်ခဲ့တယ်။ သယံဇာတဟာ လက်တွေ့မှာ တိုင်းပြည်ကို သုခမပေးဘဲ ဒုက္ခပေးသလို ဖြစ်ခဲ့ရတယ်။ စစ်အာဏာရှင်နဲ့ ခရိုနီလူ တစ်စုကိုသာ အသက်သွင်းပေးခဲ့တယ်။ ဒါ့ကြောင့် သယံဇာတဟာ ကျိန်စာလည်း ဟုတ်၊ ထောင်ချောက်လည်း ဟုတ်တယ်။
အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်ဆိုတာ မိမိတို့အတွက် တကယ်ပါပဲ။ သူတို့ကြောင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ကြာခဲ့တယ်။ တိုင်းပြည်တွင်းက သယံဇာတ ဟူသမျှကိုလည်း လက်ကုန်နှိုက်ရသလောက် ခြစ်ခြုတ်ယူခဲ့ကြတယ်။ ခုလည်း ယူနေဆဲပဲ။ မိမိတို့ တိုင်းပြည်ကို သူတို့တိုင်းပြည်နယ် တစ်ခုလောက်သာ သဘောထားကြတယ်လို့ ပညာရှင်တို့က ဆိုကြတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ တစာစာ ဟစ်ကြွေးနေကြပေမယ့် မြန်မာနိုင်ငံအပေါ် သူတို့စီးပွားရေး ကိုလိုနီပြုမှုကိုကြည့်ရင် မိမိတို့ အချုပ်အခြာ အာဏာဆိုတာက သံသယဖြစ်ဖွယ် ရှိနေတယ်။ စစ်အာဏာရှင်တို့အတွက် သူတို့ဟာ ကျေးဇူးရှင်ကြီးတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုင်းပြည်အတွက်ကတော့ သူတို့ဟာ တကယ့်ထောင်ချောက် တစ်ခုပါပဲ။
အများစုက စာမဖတ်ဘူး။ ဗဟုသုတ မလိုက်စားဘူး။ ဒါ့ကြောင့် အဖြူအမည်း သိပ်မသဲကွဲဘူး ဖြစ်နေကြတယ်။ တကယ်တမ်း တိုင်းပြည်တစ်ခုလုံး ခြုံဒုက္ခပေးခဲ့တာက ပေးနေတာက အဖြူပဲ။ အမည်းက အန္တရာယ်ရှိတာ မှန်တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဖြူပေးတဲ့ ဒုက္ခက ပိုများတယ်။ တိုင်းပြည်ကို တကယ်ဝါးမျိုထားတာက အဖြူပဲ။ ဒါပေမဲ့ အမျိုးသားရေး၊ ဘာသာရေး မှိုင်းမိထားတဲ့ အစွန်းရောက် လူတစ်စု မည်းမည်းမြင်တိုင်း ရန်လိုနေမှု မဟာအဖြူက သူ့အပေါ် ကျရောက်လာမယ့် ရန်လိုမှုကို အမည်းပေါ် ပုံချထားတာရော မဖြစ်နိုင်ဘူးလား။ နောက်ကွယ်က လက်မည်းကြီးဆိုတဲ့ထဲမှာ သူတို့လည်း သံသယ စက်ကွင်းမှာ ရှိတယ်။
စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်ဆိုတာလည်း ဘယ်လိုမှ မလွဲနိုင်အောင်ပါပဲ။ လူရဲ့ အရည်ချင်းက သက္ကော-စွမ်းနိုင်သူ ဖြစ်ရမယ်။ ဥဇု-ရိုးသားဖြောင့်မတ်ရမယ်။ နှစ်ပေါင်း ၅၀ အချုပ်အခြာ အာဏာကြီး သုံးရပ်လုံးကို မူပိုင်ချုပ်ကိုင်၊ တိုင်ပြည်တစ်ခုလုံးရဲ့ သေရေးရှင်ရေးကို စီမံခန့်ခွဲခဲ့တဲ့ ခေါင်းဆောင်တွေဟာ အထက်ပါ အရည်အချင်း နှစ်ခုလုံး ချွတ်ယွင်းအားနည်း ခဲ့ကြတယ်။ စွမ်းလည်း မစွမ်းနိုင်ခဲ့ကြဘူး။ တိုင်းပြည်အပေါ်မှာလည်း မရိုးသားခဲ့ကြဘူး။ ဒီတော့ တိုင်းပြည်ဟာ စီမံအုပ်ချုပ်သူတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းဆိုတဲ့ ထောင်ချောက်ထဲကိုလည်း ကျရောက်ခဲ့ရတယ်။
လက်ရှိနိုင်ငံ အနေအထားကို ခြုံငုံသုံးသပ်ရင် လူထုခေါင်းဆောင် ဂျပန်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲနိုင်ခွင့်လေး ရနေတယ်ဆိုတဲ့ အဆင့်တစ်ခုပါပဲ။ သူတို့ကတော့ ပြောင်းလဲပေးလိမ့်မယ် မထင်ဘူး။ ထိုင်မျှော်နေလို့ မရပါ။ ထိုင်စောင့်နေလို့ မရပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ပြည်သူက မိမိတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသားပါပါ ပြောင်းလဲရယူ ကြရမှာ။ ဆိုခဲ့တဲ့ ထောင်ချောက်တွေက ရုန်းထွက်ကြဖို့ လုယူခံခဲ့ရတဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ဆက်လက်ရုန်းကန် ကြရဦးမှာပါ။ အာဏာပိုင်ဆိုတာ ပြည်သူပါ။ အစိုးရ မဟုတ်ပါဘူး။ အစိုးရဆိုတာ ပြည်သူကို ပြုစုလုပ်ကျွေးဖို့ ပြည်သူက ခန့်ထားတဲ့ သူပါ။ ပြည်သူသည်သာ အရှင်၊ ပြည်သူသည်သာ သခင်ပါ။ အစိုးရက ပြည်သူ့အစေအပါးပါ။ ဒီသဘောကို နားလည်လက်ခံ ကျင့်သုံးတဲ့ အစိုးရ အဖွဲ့အစည်းတစ်ရပ် ရရှိသည်အထိ ပြည်သူတို့က ကြိုးစားအားထုတ် ကြရမှာပါ။ အဲဒီအဆင့်ရောက်မှ ဒီမိုကရေစီက ရမှာပါ။ အဲဒီအဆင့်ရောက်အောင် ဦးစွာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြည်သူတွေက ၀ိုင်းဝန်းကြိုးစား ကြရမှာပါ။ ဤခရီး နီးပြီလား၊ ပြည်သူတို့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ တည်နေပါတယ်။
( Eleven Media Group တွင် ဆရာတော်အရှင်သံဝရာလင်္ကာရ (ဓမ္မပီယဆရာတော်) ရေးသားသည့်  မာယာထောင်ချောက် ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
Post a Comment