Friday, January 30, 2015

သံတွဲမီးရှို့မှု လူ ၁၂ ဦး ထောင်ချခံရ

Thandwe-prison
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြူချိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော  ပဋိပက္ခအတွင်း အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ရွာသား ၁၂ ဦးအား ထောင်ဒဏ်များ အသီးသီး ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၈ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှ စီရင်ချမှတ်ရာတွင် သူတို့ ၁၂ ဦးအား ပုဒ်မ  ၄၃၆/၃၄ အရ အလုပ်နှင့် ထောင်ဒဏ်၂နှစ်စီချမှတ်ခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထောင်၂ နှစ်စီချမှတ်ခံရသူများမှာမိုးကျော်သူ၊ မောင်မောင်အေး၊ ဇော်မျိုးသက်၊ ဇော်မင်းဦး၊ ကျော်ကျော်နိုင်၊ ကျော်ကျော်၊ အောင်အောင်၊ တင်လှ၊ နေမျိုးကျော်၊ ဇော်မျိုးလွှင်၊ ကျော်ကြီး(ခ)ကျော်ထွန်းခိုင်နှင့် ဂျပန်(ခ) ညီလင်းထွန်းတို့ ဖြစ်ကြသည်။
ပြစ်မှု မထင်ရှားသဖြင့် ညွန့်ခင် ခင်မောင်လွှင်တို့နှစ်ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၃(၁)အရ အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့သည်ဟု သိရသည်။
တရားခံပြေး ကိုကြီးနိုင်အားပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အတည်ပြု အမှု ပိတ်ခဲ့ကြောင်း သိရသည်။
၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့ က သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောပ ဋိပက္ခကြောင့် နေအိမ် ၃၉လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး တန်ဖိုး ကျပ် ၁၉သိန်း ၅သောင်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ယင်းအရာရှိက ဆိုသည်။
ယင်းမီးလောင်မှုအား အောက်နတ်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းခင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မလေးရှားသွားငါးဖမ်းစက်လှေနစ်ရာမှ လူ ၅၀ ခန့်သေဆုံး

photo by The Daily Star
photo by The Daily Star
မလေးရှားနိုင်ငံသို့ တရားမ၀င် လူပို့ဆောင်သည့် သင်္ဘောပေါ်သို့ လူများကို ပို့ဆောင်ရန် သွားသည့် ငါးဖမ်း စက်လှေ တစ်စီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ပင်လယ် ကမ်းခြေတွင် နစ်မြုပ်သွားသဖြင့် လူပေါင်း ၅၀ ခန့် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ယင်းစက်လှေသည် လူပေါင်း ၁၀၀ ခန့်ကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် စစ်တကောင်းမြို့ အနောက်ဘက် ကတူဒီယာ ( Kutubdia) ကမ်းခြေမှ ၇ ကီလိုမီတာ အကွာတွင် ယမန်နေ့ နံနက်က နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
လူပေါင်း ၁၀၀ အထဲမှ လူမှောင်ခိုသမား ၃ ဦး အပါအ၀င် လူပေါင်း ၄၃ ဦးကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုသည်။
စက်လှေကို ရေထဲမှ ဖေါ်ယူနိုင်ခဲ့သော်လည်း ကျန်လူများမှာ စက်လှေထဲတွင် ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင် တစ်ဦးဖြစ်သူ  Lieutenant Commander Fazlul Karim ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်မှ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေသော်လည်း အချိန်ကုန်လာသည်နှင့် အမျှ သူတို့အား တွေ့ရှိရန် မျှော်လင့်ချက်မှာ ပျက်ပြားလာသည်ဟု ဆိုသည်။
သူတို့အား လူမှောင်ခိုသမားများမှ အလုပ်ကောင်းကောင်းရမည်ဟု ဖျားယောင်းသွေးဆောင်ရာမှ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ သွားရောက်ရန် ငါးဖမ်းစက်လှေဖြင့် နံနက် ၁ နာရီက ရေလယ်တွင် ကျောက်ချ ရပ်နားထားသော သင်္ဘောပေါ်သို့ တက်ရောက်ရန် ထွက်ခွာလာစဉ် လင်းအားကြီး အချိန်တွင် နစ်မြုပ်ခဲ့သည်ဟု သိရသည်။
ရှာဖွေကယ်တင်နိုင်ခဲ့ရသူ ၄၃ ဦးထဲမှ ၁၄ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာဆိုး ( Jessore) ခရိုင်မှ ဖြစ်ပြီး တစ်ခြား သူများမှာခရိုင်မြို့များ ဖြစ်ကြသော Narayanganj, Bogra, Cox’s Bazaar, Narsingdi, Madaripur and Naogaon ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 29, 2015

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV, AIDS, ဆေးမြီးတို
ဆေးမြှီးတို အယူအဆ ပပျောက်ရေး ART ဆေးဝါး လက်လှမ်းမီဖို့ လိုသည် (ဓာတ်ပုံ – Reuters)
HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့် ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများ၌သာမက မြို့ကြီး ပြကြီးများတွင်လည်း ရှိနေဆဲဖြစ်သည်။
“နယ်ကလူတွေ နှုန်းပြည့်နီးပါးက အဲလိုယူဆကြတယ်။ ဘီးစပ်ရွက်ကလည်း ပြဿနာကြီးတယ်။ ဈေးကြီးတဲ့ လင်းဇီးထက် အလွယ်တကူရနိုင်တဲ့ ဘီးစပ်ရွက်က ပိုနှိပ်စက်တယ်။ သူ့ကြောင့် သေသွားတဲ့လူတွေ တော်တော် များပြီ။ ပြီးတော့ ဘယ်ဗိန္ဒောဆရာက ဘယ်လိုစွမ်းတာဆိုပြီး အများစုက အားကိုးရာ မြက်တပင်လို လှမ်းဆွဲကြတယ်” ဟု ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ စေတနာ့အားမာန်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက ပြောသည်။
HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကွန်ရက်များနှင့် နီးစပ်သူများက ထိုယူဆချက်များ မှားယွင်းကြောင်း သိရှိကြသော်လည်း၊ မနီးစပ်သူများက ဆေးမြီးတိုနည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။
“ကျနော့်သူငယ်ချင်းရဲ့ အမေက HIV ဖြစ်နေတယ်။ သားသမီးတွေက သူ့အမေကို ဆေးကုပေးနေပေမယ့် ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြမထားဘူး။ ARV ဆေးကိုတော့ မသိဘူး။ အထက်က ပေးတဲ့ဆေး (ဘိုးတော်ပေးသည့်ဆေး) နဲ့ ကုလို့ ပျောက်သွားတဲ့ လူနာတွေရှိတယ်။ ကျနော့် မိတ်ဆွေအတွက် အဲဒီဆရာဆီကို ဆက်သွယ်ပေးမလို့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက ပြောသည်။
HIV ကူးစက်ခံထားရသူများ အပါအဝင် တခြားသော ရောဂါများကို ကုသပေးနေသည့် တိုင်းရင်းဆေးခန်း တခုသို့ လာရောက် ကုသခံသူများသည် ၎င်းတို့ပေးသည့် ဆေးကြောင့် အားအင်ပြည့်ကာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် မိမိတို့ ဆေးဝါးကိုအာမခံကြောင်း ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်ရှိ တိုင်းရင်း ဆေးခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆေးခန်းမှ တိုင်းရင်းဆေးဖြင့် ကုသပေးနေသည့် အမျိုးသမီးတဦးက “ကျမတို့ဆေးက တိုင်းရင်း ဆေးဝါးတွေနဲ့ ဖော်စပ်တဲ့ဆေးပဲ။ အားအင် ပြန်ဖြည့်တဲ့ဆေးဖြစ်လို့ အာမခံတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ယခင်က HIV ပိုး ကူးစက်ခံထားရသည့် လူနာ အများစု လာရောက်ကုသခံကြောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ဆေးခန်းမှ ရောင်းချသည့် ဆေးဝါးသည် တလစာအတွက် ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသဖြင့် ငွေကြေးမတတ်နိုင်သူများက စွဲမြဲစွာမသောက် သုံးနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
“ကျမတို့ဆေးသောက်ပြီးတော့ သူတို့ ဆေးပြန် စစ်သလား၊ မစစ်လားတော့မသိဘူး။ သူတို့အားအင် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတယ်။ ကျန်းမာပြီး အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေကြတယ်လေ” ဟု သူကပြော သည်။
HIV ကူးစက်ခံရပြီးနောက် ဆေးမြီးတိုများဖြင့် ကုသခဲ့ရာမှ နောင်တချိန်တွင် မှန်ကန်သော ကုထုံး ဖြစ်သည့် ART ဆေးဝါးကုထုံးကို ခံယူခဲ့သော်လည်း ဆေးယဉ်ပါးမှုဒဏ်ကို တခြားသူများထက် စောစီးစွာ ခံစားရသည်ကို ကြုံဖူးကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
သူက “ကချင်ပြည်နယ်ဘက်က လင်မယားနှစ်ယောက်နဲ့ ကြုံဖူးတယ်။ ကုန်တင်ကား ၅ စီး ပိုင်တယ်။ သူတို့က အစပိုင်းက လင်ဇီးဆေးတွေသောက် နေတာ။ ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ဆေးဝယ်သောက်ရင်း ကား ၂ စီးပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့နဲ့ချိတ်ဆက်ပြီး ARV ရသွားတယ်။ ဒါပေမယ့် ရှေ့ကသုံးထားတဲ့ ဆေးမြီးတိုကြောင့်  ARV ဆေးရဲ့အာနိသင်ကို ပြည့်ပြည့်ဝ၀ မရတော့ဘူး” ဟု ပြောသည်။
ကမ္ဘာပေါ်တွင် HIV ရောဂါပိုးအား အပြီးသတ် ကုသ၍ ပျောက်ကင်းနိုင်သည့်ဆေးဝါး မပေါ်သေးဘဲ ခန္ဓာကိုယ်တွင်း၌ HIV ပိုးများ ပိုမိုမပြန့်ပွားနိုင်အောင် ထိန်းသည့် ကုထုံးတမျိုးတည်းသာ ရှိသေးသည်။ ထိုကုထုံးမှာ ART/ARV ကုထုံးဖြစ်သည်။
ထိုကုထုံးကို သိရှိသူများက ဈေးကွက်အတွင်း၌ တန်ဖိုးကြီးပေးကာ ဝယ်ယူသောက်သုံးလျက်ရှိပြီး အများစုက NGO,INGO နှင့် အစိုးရ၏ အထောက်အပံ့ဖြင့် အခမဲ့ကုသခံယူလျက်ရှိသည်။
“HIVဟာ ဆေးမြီးတိုနဲ့ မပျောက်နိုင်ဘူး။ တချို့ စွဲလမ်းမှု၊ ရိုးရာယုံကြည်မှုတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်ဖို့” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ National AIDS Program (NAP) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ဒီရောဂါက အရင်လို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုး ရောဂါတွေလိုပဲ တသက်လုံး ဆေးသောက်ရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဆေးမှန် မှန်သောက်မယ်ဆိုရင် လူတန်းစေ့နေနိုင်ပြီ။ ဖြစ်လာပြီဆိုရင် တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ များအနက် ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ဆေးဝါးလိုအပ်နေသူများအတွက် ဆေးဝါး လက်လှမ်းမီ နိုင်စေရန် ARV စင်တာများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင် ၁၀ဝ အထက် ဆေးရုံများတွင် ARV စင်တာစုစုပေါင်း ၇၇ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စင်တာငယ် ပေါင်း ၁၀၂ ခုအထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း NAP မှ သိရသည်။
“တိုင်းနဲ့ ပြည်နယ် အားလုံးက မြို့နယ်ပေါင်း ၁၄၀ လောက်မှာ အနည်းဆုံး ARV စင်တာ ၃ ခု လောက် ရှိလာမယ်” ဟု NAP မှ ဒေါက်တာ ထွန်းညွန့်ဦးက ဆက်ပြောသည်။
HIV ကို ဆေးမြီးတိုဖြင့် ကုသ၍ ပျောက်ကင်း နိုင်သည်ဆိုသည့် အယူအဆသည် ARV ဆေးဝါးကို လက်လှမ်းမီ သည့် နေရာဒေသများတွင် လျော့နည်းလာကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် လှုပ်ရှားလျက်ရှိသည့် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ သိရသည်။
“ကျနော်တို့မြို့မှာ ARV လက်လှမ်းမီလာတော့ အဲဒီလိုအယူအဆတွေ နည်းလာတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကုလို့ ပျောက်တယ်၊ ဗမာဆေးနဲ့ ပျောက်တယ်ဆိုပြီး ကုခဲ့ကြလို့ အသေအပျောက်တွေ တော်တော်များ ခဲ့တယ်” ဟု မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် ရွှေညာမောင်မယ်အဖွဲ့မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ရှိန်းက ဧရာဝတီသို့ ပြောသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ စွမ်းအားသစ်အဖွဲ့မှ ဦးမင်းသူကလည်း “ကျနော်တို့ ဆီမှာ ရှိတော့ရှိတယ်။ နည်းတယ်။ နယ်ဘက်တွေက အသိအမြင်နည်းတဲ့ လူတွေလောက်ပဲ ဘုန်းကြီးဆေးနဲ့ ပျောက်တယ်၊ ဗမာဆေးရွက်တွေနဲ့ ပျောက်တယ်ဆိုပြီး သွားကုကြတာရှိတယ်။ တောင်ငူမှာNAP က ဆေးယူရတာ သိပ်အခက်အခဲ မရှိဘူး” ဟု ၎င်းတို့ဒေသ၏ အတွေ့အကြုံကို ရှင်းပြသည်။
ထို့အပြင် မိတ္ထီလာနယ် အနီးတဝိုက်ရှိ မြို့နယ်များသည်လည်း ART ဆေးဝါး လက်လှမ်းမီသဖြင့် ထိုသို့သော အယူအဆများ သိပ်မရှိကြောင်း အဆိုပါ မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့မှ ဒေါက်တာ တင်စိန်က ပြောသည်။
“ကျောက်ဆည်ဘက်မှာ ဆရာဝန်တယောက် ကုပေးလို့ ပျောက်တယ်ဆိုပြီး သွားကုနေကြတာ ရှိတယ်။ စနစ်တကျမဟုတ်ဘဲ အားဆေးသွင်းပေးလိုက်လို့ ခဏကောင်းလာတာ။ ကျနော်တို့ဘက်မှာ ဆေးသောက်ဖို့ မလိုသေးလို့ မပေးသေးတာပဲရှိတယ်။ ဆေးသောက်ဖို့ လိုတဲ့လူတွေအားလုံး  ဆေးရလို့ အဆင်ပြေကြတယ်” ဒေါက်တာတင်စိန်က ဆိုသည်။
ထို့ပြင် ယခင်က ARV ဆေးဝါး လိုအပ်သည့် HIV Positive များအတွက် ဆေးထုတ်ယူရမည့် နေရာကန့်သတ် ချက်၊ ဦးရေကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီး၊ ARV Centre တိုင်းတွင်း လွတ်လပ်စွာ ဆေးယူနိုင်ရန် စီစဉ်ပေးထားကြောင်း NAP မှ ဒေါက်တာ တင်မောင်ဇော်က ပြောသည်။
“ဘယ်နေရာကလူက ဘယ်ဆေးရုံမှာမှ ယူရ မယ်ဆိုတဲ့စနစ် မရှိတော့ဘူး။ ART နဲ့ပတ်သက်ပြီး လူနာတွေ လက်လှမ်းမမီတော့ဘူးဆိုတာ မရှိတော့ ဘူး” ဟု ၎င်းကဆိုသည်။
သို့သော် ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်တချို့တွင် နေထိုင်သည့်သူ အများစုသည် HIV ပိုးကို ထိန်းချုပ်နိုင်သည့် တခုတည်းသော ART ကုထုံးကို ရရှိပြီးသည့်တိုင်အောင်  ဆေးနှင့်ပတ်သက်သည့် အသိပညာကို ကောင်းစွာ မရရှိသေးသည် လည်းရှိနေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။
“ART ရအောင် ချိတ်ဆက်ထားပြီးသား လူတချို့ကတောင် ဆေးသောက်ပြီးရင် ကောင်းသွားပြီ ဆိုပြီး၊ ရေမန်း သောက်တယ်။ သက်သာသွားရင် ဆေးကို ထပ်သွားမယူတော့ဘူး။ ကောင်းသွားတာနဲ့ ပျောက်သွားတာကို မကွဲကြဘူး။ ဒီဆေးက တသက်လုံး သောက်ရမယ်ဆိုတာကို လက်မခံချင်ကြတာ” ဟု သူကရှင်းပြသည်။
ကျေးလက်ဒေသများသည် သတင်းစာ၊ ဂျာနယ်များနှင့် HIV/AIDS ဆိုင်ရာ အသိပညာရရှိနိုင်မည့် စာရွက်စာတမ်းများကို လက်လှမ်းမီမှု အားနည်းခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်နှင့် အဖွဲ့အစည်းများသည် ရုပ်သံများကို အသုံးပြုကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်သင့်ကြောင်း သူကအကြံပြုသည်။
“ART ကုထုံးတခုပဲရှိတယ်ဆိုတာမျိုး၊ တသက်လုံး သောက်ရမယ့် ဆေးဖြစ်တယ်ဆိုတာမျိုး သူတို့ နားလည် လွယ်တဲ့ ရှင်းလင်းတဲ့ စကားလုံးမျိုးတွေနဲ့ ဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်။ မြန်မာ့အသံနဲ့ မြဝတီက လူတွေသိပ်မကြည့်ဘူး။ Sky Net ကတော့ အိမ်တိုင်းမှာရှိတယ်။ အဲဒီမှာ ပညာပေးဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်” ဟု စေတနာ့ အားမာန်အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက အကြံပြုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် အစိုးရ ကျန်းမာရေးဌာနများနှင့် ပြည်တွင်းပြည်ပ လူမှုအထောက်အကူပြုနေသည့် အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ လူနာအများစုက အစိုးရထက်၊ NGO များက ပေးသော ဝန်ဆောင်မှုများကို ပို၍ကြိုက်နှစ်သက်ကြောင်း သုတေသန စစ်တမ်းတရပ်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) နှင့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) တို့ ပူးပေါင်း၍ ၄ လတာ ကာလအတွင်း ကောက်ယူထားသည့် ယင်းစစ်တမ်းကို ယခုလ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ယင်းအချက် ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် တချို့သော အစိုးရဆေးရုံများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံ လိုသည့် သဘောထားများနှင့် အရည်အသွေးနိမ့်သော ဝန်ဆောင်မှုများကြောင့် HIV ပိုး ကူးစက်ခံထားရသူ များသည် ART ဆေးဝါး ဝန်ဆောင်မှုများကို လာယူရန် စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း ယင်းသုတေသန စစ်တမ်းတွင် ပါဝင်သည်။
“လူတွေက NGO တွေကပေးတဲ့ ဝန်ဆောင်မှု ကို အစိုးရ ကျန်းမာရေးဌာနတွေကပေးတာထက် ပိုကြိုက်ကြ တယ်။ တချို့က အစိုးရဌာနကို ပိုကြိုက်ပေမယ့် ဝန်ထမ်းအင်အားနည်ပါးမှု၊ အချိန်ကြန့်ကြာမှုတွေကြောင့် ဝန်ဆောင်မှု မကောင်းတာမျိုးကို ထောက်ပြတယ်” ဟု ဆေးဝါးသုတေသန ဦးစီးဌာနမှ သုတေသန စာတမ်းရေးသားသူ တဦးဖြစ်သည့် ဒေါက်တာ ခင်စုစုလှိုင်က ရှင်းပြသည်။
ထို့ပြင်  HIV ပိုး ကူးစက်ခံထားရသူများကို နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးနိုင်သည့် နေရာများ၊ အခန်းများ၊ လျှို့ဝှက်ထိန်းသိမ်းပေးခြင်းစနစ်၊ လုံလောက်သောဝန်ထမ်းဦးရေ၊ နည်းပညာကိုကျွမ်းကျင်သော ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း စသည့်အချက်များက ယခုထက် တိုးတက်ကောင်းမွန် ရန်လိုအပ်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် “မြန်မာပြည်ရှိ ART ဆေး ပေးမှုလုပ်ငန်းတွင် HIV ပိုးရှိသော အုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စစ်တမ်းတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းတွင်HIVပိုးကူးစက်ခံထားရသူများ၊ထိုသူများကို ဆေးဝါးဝန်ဆောင်မှု ပေးနေသည့် ပြည်တွင်း ပြည်ပ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) မှ သုတေသနမှူး ဒေါက်တာ ခင်စုစုလှိုင်က ပြောသည်။
သူက ဆက်လက်၍ “NGO တွေမှာလည်း နှစ်သိမ့်ဆွေးနွေးပညာပေးရေး စတဲ့ ပုံစံတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုးတွေကို မကြိုက်တာတွေရှိတဲ့အကြောင်း ထောက်ပြကြတယ်” ဟု ပြောသည်။
ထို့ပြင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ သိရသည်။
ထိုကိန်းဂဏန်းအနက် HIVကို ဆေးမြီတိုဖြင့် ပျောက်ကင်းကြောင်း ယုံကြည်နေကြဆဲ လူများအတွက် စိတ်အစွဲကိုချွတ်မည့် နည်းလမ်းကောင်းများကို တာဝန်ရှိသူများက အကောင်အထည်ဖော်ရန်၊ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

တရုတ်သို့ သွယ်တန်းထားသည့် ကျောက်ဖြူ ရေနံပိုက်လိုင်း ဇန်န၀ါရီလကုန်၌ ဖွင့်လှစ်မည်

ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ တည်နေရာပြ မြေပုံအား ပြင်ဦးလွင် အတက်ကားလမ်းပိုင်း၌ ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရပုံ (ဓာတ်ပုံ - ဧရာဝတီ)
ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ တည်နေရာပြ မြေပုံအား ပြင်ဦးလွင် အတက်ကားလမ်းပိုင်း၌ ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရပုံ (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းကို ယခုလကုန်တွင် စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းနှင့် ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ကိုဇန်န၀ါရီလ၃၀ရက်တွင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ဧရာဝတီကို ပြောသည်။
စီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်တော့မည် ဖြစ်သော်လည်း ထိုစီမံကိန်းများ အတွက် သိမ်းဆည်းထားသည့် မဒေးကျွန်းပေါ်ရှိ လယ်ယာမြေများ၊ နွားစားကျက်မြေများ၊ မြေလွတ်မြေရိုင်းများ အတွက် လျော်ကြေး၊ နစ်နာကြေးများ အပြည့်အ၀ သို့မဟုတ် လုံးဝမရသေးသည့် ဒေသခံများ ရှိနေသေးသောကြောင့် ထိုစီမံကိန်း ဖွင့်မည့်ရက်တွင် ဒေသခံများက မိမိတို့ နစ်နာမှုများ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။
ဦးထွန်းကြည်က “ကျနော်တို့ ဒေသခံတွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေ အတွက် ဖွင့်ပွဲရက်မှာ ဆန္ဒထုတ်ဖော် သွားမှာပါ၊ ဖွင့်ပွဲကို ဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ဖွင့်ပေးမယ်လို့ သိရပါတယ်” ဟု ပြောသည်။
ကျောက်ဖြူဒေသ၌ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း အပြင် စတင် လည်ပတ်နေပြီ ဖြစ်သော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့သည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို အလေးမထားခြင်းတို့ကြောင့် လူအများ၏ ဝေဖန်မှုများနှင့် ကြုံနေရသည်။
ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က “ရေနံတင် သင်္ဘောကြီးတွေ ရောက်လာရင်၊ မတော်တဆမှု တခုခုဖြစ်ရင် ကျနော် တို့ဒေသရဲ့ မြစ်ချောင်းတွေ ပျက်စီးမယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက တခုခု ဆောင်ရွက်သွားဖို့ ရှိတယ်၊ တရုတ်တွေဆီကိုလည်း စာတွေ ပေးပို့ပြီး မေးမြန်းထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်ပွဲ အတွက် လုံခြုံရေးယူရန် ရဲတပ်ဖွဲ့ဝင် အများအပြားကို မဒေးကျွန်းပေါ်၌ ကြိုတင် ချထားနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် တို့သည် မဒေးကျွန်းပေါ်သို့ လာရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံ၍ တယ်လီဖုန်း ၃ လုံးနှင့် ငါးဖမ်းပိုက်ကွန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က “တသိန်း တသောင်းဝန်းကျင် တန်ဖိုးရှိတဲ့ တယ်လီဖုန်း ၃ လုံး ပေးတယ်၊ ကျနော့်ကို တလုံး၊ ရွာက ကျောင်းထိုင်ဆရာတော်ကို တလုံး၊ ရပ်မိရပ်ဖတွေကို တလုံးပါ။ ကြာဆံပိုက်လို့ ခေါ်တဲ့ တခုကို ၄၀၀၀ ကျပ်လောက် တန်ဖိုးရှိတဲ့ ငါးဖမ်းပိုက်ကွန်ကိုတော့ တအိမ် တခု ပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဒေသမှာ သုံးမရလို့ ပြောတဲ့အတွက် ပြန်ယူသွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်၊ အဲဒီအစား ငွေကျပ် သိန်း ၁၀၀ ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ဆိုသည်။
တန်ချိန် သိန်းချီ တင်ဆောင်နိုင်မည့် နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများသည် ရခိုင်ပင်လယ်ပြင်ကို နေ့စဉ် ဖြတ်သန်း ၀င်ထွက် သွားလာတော့မည် ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမည်ကို စိုးရိမ်သည်ဟု ဒေသခံများက တင်ပြကြရာ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်၍ စိုးရိမ်ရန် မလိုကြောင်း ၀န်ကြီး ဦးဇေယျာအောင်က ပြောဆိုသွားသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိက ဒေသတွင်းမှ တင်သွင်းလာမည့် ရေနံစိမ်းများအား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်မည် ဖြစ်သည်။ ထိုရေနံပိုက်လိုင်းသည် ကီလိုမီတာ ၇၇၁ မီတာရှည် လျားကြောင်း သိရသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများအား တည်ဆောက်ရန် ယခင်စစ်အစိုးရ လက်ထက်က သဘောတူညီ လက်မှတ် ရေးထိုးခဲ့ကြပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူ ရေနံပိုက်လိုင်း စီမံကိန်းအား မြန်မာ အစိုးရက ၄၉ ရာခိုင်နှုန်းနှင့် တရုတ် နိုင်ငံက ၅၁ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။  မြန်မာအစိုးရသည် ရေနံပိုက်လိုင်း ဖြတ်သန်းခနှင့် ရေနံစည်များ တင်ပို့မှုအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂ သန်း နှစ်စဉ် ရရှိမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ဆားငန်ရေ၀င်၍ ပေါက်တောမြို့နယ်မှ စိုက်လယ်ဧက ၄၀၀ ခန့်ပျက်စီး

ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဥိ (ဓါတ်ပုံ- နိရဉ္စရာ)
ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာတွင် ဆားငန်ရေ ၀င်ရောက်ရာမှ လယ်ဧက ၄၀၀ ခန့် ပျက်စီးခဲ့ပြီး လယ်သမား ၄၀ ကျော် နစ်နာခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ ၃ ရက်နေ့ထိ ဒီရေကြီးပြီး လယ်ကွင်းများသို့ ဆားငန်ရေ များ အဆက်မပြတ် ၀င်ရောက်ရာမှ ယင်းစိုက်ပျိုး လယ်မြေများမှာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
” ကျွန်တော့် အသက် ၆၆ နှစ်ထဲ ရောက်နေပါပြီ၊ ယခုလိုအဖြစ်အပျက်မျိုး ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြုံဖူးပါ” ဟု ဆားပြင်ကျေးရွာမှ လယ်သမား ဦးအောင်ကျော်စိန်က ပြောသည်။
ယင်းပြင် သူက “လယ် ၁၈ ဧက လုပ်ပါတယ်။ ၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ ၃ ရက်နေ့ထိ ဒီရေကြီးပြီး ဆားငန်ရေ ၀င်သွားပါတယ်။ ဆားပြင်ကျေးရွာတစ်ခုလုံးရှိ လယ်တွေအားလုံး အငန်ပေါက်ပြီး ပျက်စီးသွားပါတယ်။ ကျွန်တော့် အသက် ၆၆ နှစ်ရှိပါပြီ၊ ဘ၀မှာ တစ်ခါမှ ဒီလို မကြုံဖူးပါဘူး။ ဆားငန်ရေ ၀င်ပြီး လယ်ကွင်းတွေလည်း အရောင်ပြောင်းသွားပါတယ်”ဟု ဆိုသည်။
မိမိမှာ အစိုးရထံမှ ဘဏ်ချေးငွေ ၆ သိန်းချေးထားပြီး ပေးဆပ်နိုင်သည့် အရည်အချင်းမရှိတော့ကြောင်း၊ မဖြစ်မနေ ဆပ်ရမည်ဆိုပါက ကျွဲနွားများကို ရောင်းပြီး ဆပ်ရမည်ဖြစ်ပြီး၊ လက်ရှိမှာ ၀မ်းစာမရှိ၊ ကောက်မျိုးမရှိ၊ လယ်လုပ်ခကိုလည်း ထက်ဝက်သာ ပေးရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောဆိုသည်။
မိဘနှင့် အတူ လယ်လုပ်နေခဲ့သည့် သားငယ်တောင်မှ ဘ၀ ရပ်တည်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ သွားရပါပြီဟု တစ်ခြား လယ်သမ တစ်ဦးဖြစ်သူ ဒေါ်စိန်သာနုက ပြောသည်။
“ကျွန်မက ၁၅ ဧက လုပ်ပါတယ်။ လယ်လုပ်ခနဲ့ စပါးရိပ်သိမ်းခ ငွေမရှင်းရသေးပါဘူး။ လယ်ဦးစီးလုပ်ခဲ့တဲ့ သားငယ်တောင် ထိုင်းကို အလုပ်လုပ်ဖို့ သွားရပါပြီ။ ဘဏ်ငွေ ၅ သိန်းချေးထားပါတယ်။ နွားရောင်းပြီး ဆပ်ရတော့မှာပါ။ လယ်လုပ်ခ ပေးဖို့ နွားကို ရောင်းတာတောင် ၀ယ်မယ့်သူ မရှိလို့ မရောင်းရသေးပါဘူး” ဟု သူမက ပြောသည်။
တောင်သူလယ်သမားဆိုသည်မှာ မိဘပိုင်လယ်မြေကိုချစ်၍ လယ်လုပ်စားသူဖြစ်ကြောင်း လယ်သမား ကိုမောင်သန်းဝင်းက ဆိုသည်။
“တောင်သူလယ်သမားတိုတာ မိဘပိုင်လယ်မြေကိုချစ်လို့ လုပ်စားသူတွေပါ။ မိန်းမမှာ ရှိတဲ့ ရွှေစတွေကိုပေါင်ပြီးတော့ အရင်းနှီးပြု လုပ်ခဲ့ရပါတယ်။ အသီးအနှံထွက်မည့်အချိန်မှာ ဆားငန်ရေ ၀င်သွားတဲ့အတွက် အားလုံးကုန်သွားပါပြီ၊ လုပ်အားခတောင် မိမိမှီခိုနေရတဲ့ ကျွဲနွားကို ရောင်းပြီး ပေးနေရပါတယ်။ စုဆောင်းလာခဲ့သမျှ အားလုံးကုန်ပါပြီ” ဟု ဆိုသည်။
Rakhine-village-Arakan-pic
သူက ဆက်လက်၍ အိမ်မှာ စားစရာဆန်မရှိသလို လယ်လုပ်ဖို့ မျိုးစပါးတောင် မကျန်တော့ကြောင်း၊ ဘဏ်ချေးငွေကို ဆပ်နိုင်ဖို့ လမ်းစမရှိတော့ကြောင်း၊ သို့သော်လည်း အစိုးရက တစ်စုံတစ်ရာ စစ်ဆေး ကူညီပေးခြင်းလည်း မရှိကြောင်း သူက ပြောဆိုသည်။
လယ်ပျက်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကောက်ခံပြီး မြို့နယ်သို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ တစုံတရာ ကြောင်းပြန်ကြားမှုမရှိ သေးကြောင်း၊ ဘဏ်ချေးငွေကို ဆပ်ရမည်ဟု ကျေးရွာ၌ ဆော်သြနေသည်ကိုသာ တွေ့ရှိရကြောင်း၊ ကျေးရွာသားများ အခက်အခဲကို တစ်စုံတရာ ဖြေရှင်းပေးရန် ပြောကြားသည်ကို လုံးဝမတွေ့ရှိရသေးကြောင်း ဆားပြင်ကျေးရွာသားများက ပြောသည်။
ယင်းဆားပြင်ကျေးရွာ အနီးနားရှိ ကျေးရွာများဖြစ်ကြသော ငွေဒင်းဒွေ၊ လှခိုင်ရွာ၊ င၀က်စွေ၊ သရက်၊ စကေးချောင်း ကျေးရွာများ၌လည်း ဆားငံရေ၀င်ပြီး လယ်အမြောက်အများ ပျက်စီးခဲ့ရသည်ဟု လေ့လာသိရှိရသည်။

ALP မှ ရခိုင်ပြည်သူများသို့ ဆန်အပါအ၀င် တခြား လူအသုံးအဆောင် ပစ္စည်းများလှူ ဒါန်း

ALP Arakan
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ပြည်နယ် ပုဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာ၌ ဆိုလာပြား၊ ဆန်၊ ဆီနှင့် ခြင်ထောင်များကို ဇန်န၀ါရီလ ၂၅ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
“ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီက နေပြီးတော့ ဆိုလာပြား ၈၀၊ ဆန်အိတ် ၈၀၊ ဆီ ပုလင်း ၈၀၊ ခြင်ထောင် အလုံး ၈၀ လှူဒါန်းခဲ့ပါတယ်”ဟု ဒီပါရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
ဒီပါရုံကျေးရွာတွင် အိမ်ခြေ ၁၅၄ ဆောင် ရှိပြီး လယ်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်သည်။ ယခုနှစ်တွင် စပါးစိုက်ခင်းများသို့ ဆာငန်ရေများ ၀င်ရောက်ရာမှ စပါးများ ပျက်စီးခဲ့ပြီး အထွက်နူန်းမှာ ယခင်နှစ်များကထက် လျော့ကျခဲ့သည်ဟု သိရှိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ယခုကဲ့သို့ လာရောက်လှူဒါန်းသောကြောင့် ကျေးရွာသားများက အထူး ၀မ်းသာရပါကြောင်း ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။
လှူဒါန်းသော ပစ္စည်းများကို မျှတမှုရှိစေရန် အတွက် မဲစနစ်ဖြင့် ရွာသားများကို ခွဲဝေ ပေးခဲ့သည်ဟု သိရသည်။
“ကျွန်တော်က ဆိုလာပြားနဲ့ ခြင်ထောင် မဲပေါက်ပါတယ်”ဟု ဥယျာဉ်လုပ်ငန်း လုပ်နေသူ ဦးစိန်လှက ပြောသည်။
ဆိုလာပြားမဲပေါက်၍ ကျောင်းသားများအတွက် အဆင်ပြေကြောင်း ဒေါ်ရွှေဦးစိန်ကလည်း ပြောဆိုသည်။
“ကျွန်မမှာ ၄ တန်းကျောင်းသား တစ်ယောက်နဲ့ ၁၀ တန်းကျောင်းသားတစ်ယောက် ရှိပါတယ်။ ဆိုလာပြား မဲပေါက်တဲ့အတွက် ကျောင်းသားတွေအတွက် အဆင်ပြေသွားပါတယ်”ဟု သူမက ပြောသည်။
ALP Arakan
ပုဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့်ရှိပြီး မူလွန်ကျောင်းအဆင့်ကို အစိုးရက ချပေးထားပြီး အလယ်တန်းကျောင်း ရရှိရန် ပညာရေးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ကျောင်းဆောင် နှစ်ဆောင်ရှိသည့်အနက် တစ်ဆောင်မှာ အကာမလုံလောက်သဖြင့် ကျောင်းသားများ စာသင်ရာတွင် အခက်အခဲ ရှိနေသည်ဟုလည်း  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် မြန်မာအစိုးရနှင့် ၂၀၁၂ -ခုနှစ် ဧပြီလမှ စ၍ ပြည်နယ်အဆင့် ဆွေးနွေးထားပြီး မြန်မာအစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ဂျပန်မှ နီပွန်ဖေါင်ဒေးရှင်းနှင့် လက်တွဲကာ ရခိုင်ပြည်နယ်ကျေးလက်ဒေသ များတွင် ဆင်းရဲသော ကျေးရွာများအား အကူအညီပေးလျှက်ရှိကြောင်း လေ့လာ သိရှိရသည်။

ရခိုင်စာသူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင်ပြုလုပ်

UNICEF, Australian Aid, EU, UK Aid, Myanmar
ရခိုင်စာ သူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ မင်းသူရိယခန်းမတွင် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်စာ သင်ရိုးညွန်းတမ်းပြုစုရေး ကော်မီတီ ဥက္ကဌ ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးလှသိန်း၊ ရခိုင်စာပေပညာရှင်များ၊ ရခိုင်စာရေးဆရာများ၊ ရခိုင်စာသင်ရိုးပြုစုရေး မြို့နယ်ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ခန့်တက်ရောက်ပြီး ဆွေးနွေးနွေးခဲ့ကြသည်။
သူငယ်တန်းနှင့် မူလတန်းပညာကို သင်ကြားရာတွင် မိမိမိခင်ဘာသာစကားဖြင့် သင်ကြားလျှင် တတ်မြောက်ရန် လွယ်ကူသောကြောင့် တိုင်းရင်းသားများ အတွက် မိမိတို့၏ ဘာသာဖြင့် သင်ရိုးညွှန်းတမ်း ပြုစုရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။
“တိုင်းရင်းသား လူမျိုးတွေ အတွက် မြန်မာစာကို သင်ယူတဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူငယ်တန်းနဲ့ မူလတန်းအတွက် မိမိ မိခင်ဘာသာနဲ့ သင်တာ ပိုပြီးတတ်မြောက် လွယ်ကူတယ်ဆိုပြီး သုတေသနပြုသူများရဲ့ တွေ့ရှိချက်အပေါ်မူတည်ပြီး တိုင်းရင်းသား အလိုက် မိမိတို့ စာနဲ့ သင်ကြားနိုင်ဖို့အတွက် ဒီလိုမျိုးသင်ရိုးတွေ ပြုစုရခြင်းဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီးက ပြောသည်။
ပုဂံခေတ်ကတည်းက ပျူလူမျိုး၊ ပျူနိုင်ငံဆိုပြီး ပေါ်ပေါက်ခဲ့ပြီး၊ ပျူဘာသာစာကို တွေ့ရှိရသော်လည်း ပျူလူမျိုးကို ရှာမတွေ့ရတော့ကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။
သူက ဆက်လက်၍ “ရခိုင်လူမျိုးတွေ ဂုဏ်သိက္ခာရှိရှိ အဓွန့်ရှည်တည်တံ့နိုင်ဖို့အတွက် ဆိုရင် ရခိုင်စာပေ၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ မိဘဘိုးဘွားအမွေကို ထိန်းသိမ်းပြီး မိမိတို့လက်ထက်မှာ ပိုပြီးတိုးတက်အောင် လုပ်ဖို့ တာဝန်ရှိတယ်။ ဒါမှ လူသားအဖြစ် တာဝန်ကျေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်စာသင်ရိုးပြုစုရေး ကော်မီတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်ကလည်း ရခိုင်စာပေပညာရှင်များ အားလုံးလက်ခံသည့် ရခိုင်စာ သင်ရိုးတစ်ခု ရရှိရန် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း၊ တစ်ဖွဲ့က ၏-သည် စကားလုံးကို စာပိုဒ်တစ်ခု၏ အဆုံးတွင် အသုံးပြုမည်၊ နောက်တစ်ဖွဲ့က  ရေ- တေ စသည့် စကားလုံးကိုအသုံးပြုမည်စသည်ဖြင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း နောက်ဆုံး နှစ်မျိုးစလုံးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ရသည်ဟု ပြောကြားသည်။
“ယခုပြုစုထားတဲ့ဖတ်စာသုံးအုပ်ဟာတစ်သက်လုံးသုံးသွားမယ့်ဖတ်စာအုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ပြည့်စုံလုံလောက်တဲ့ စာအုပ်လို့ မယူဆ နိုင်သေးပါဘူး။ ယာယီပြုစုထားတဲ့ စာအုပ်သဘောလည်း ဖြစ်နိုင်တယ်။ အများလက်ခံနိုင်တဲ့ စာအုပ်ဖြစ်အောင်  တဆင့်ပြီး တဆင့် ပြုစုမှ သာ သင့်တော်တဲ့ စာအုပ်ဖြစ်လာမှာပါ” ဟု ကော်မီတီ အတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
တိုင်းရင်းသားစာပေ ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်ပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ စံလှကျော်က ယခုလို ပြောကြားသည်။
(၁) မည်သည့်လူမျိုးစုဖြစ်စေ မိမိတို့၏ ရိုးရာစာပေ၊ ဘာသာစကားကို ဖွံ့ဖြိုးအောင် လုပ်ပိုင်ခွင့်ရှိသည်။
(၂) လူမျိုးအသီးသီး၏ ဘာသာစကားနှင့် စာပေသည် မိဘရိုးရာ ဘိုးဘွားအမွေအနှစ်ဖြစ်သောကြောင့် တန်ဖိုးမဖြတ်နိုင်သော အလွန်တရာတန်ဖိုးရှိသော ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သောကြောင့် ထိန်းသိမ်းရန် တာဝန်ရှိသည်။
(၃) ကလေးများကို စာပေသင်ကြားရာ၌ စာသင်စအရွယ်တွင် မိခင်ဘာသာစကားဖြင့် သင်ကြားခြင်းသည် အထိရောက်ဆုံးနှင့် တတ်ရန်အလွယ်ကူဆုံးဆိုသည့် အချက်များအပေါ်တွင် မူတည်ပြီး တိုင်းရင်းသား စာပေများကို ဖေါ်ထုတ်ရန် ဖြစ်ပေါ်လာရခြင်း ဟုဆိုသည်။
UNICEF, Australian Aid, EU, UK Aid, Myanmar
ယခုအလုပ်ရုံဆွေးနွေးပွဲသည် သူငယ်တန်းသင်ရိုး တစ်ခုတည်းအတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး သူငယ်တန်း ငါးနှစ် အရွယ်နှင့်သင့်တော်မည့် စကားဝှက်၊ အရွေ့ကဗျာ၊ စကားပုံ၊ သင့်တော်သည့် ရိုးရာပုံပြင်များကို ရှာဖွေစုဆောင်း အသုံးပြုသွားမည်ဟု သိရသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် UNICEF, Australian Aid ၊ ဒိန်းမတ်နိုင်ငံက တစ်ဖွဲ့၊ EU အဖွဲ့၊ နော်ဝေသံရုံးနှင့် UK Aid တို့မှ ငွေကြေးထောက်ပံ့ ကူညီပေးခဲ့သည်ဟု သိရသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲမှလိုအပ်သည့်အချက်အလက်များရရှိရုံသာမကပိုသောအချက်အလက်များကိုလည်း ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း သင်ရိုးပြုစုရာတွင် ထည့်သွင်း အသုံးပြုသွားမည်ဟု သိရသည်။
နောက်တစ်ခေါက် အလုပ်ရုံဆွေးနွေးပွဲကို မတ်လအတွင်း ပြုလုပ်ရမည်ဖြစ်သော်လည်း ကျောင်းသားများ စာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် ဧပြီလ သို့မဟုတ် မေလတွင် ပြုလုပ်နိုင်ရန် UNICF နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟုရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဒုဥက္ကဌ ဒေါက်တာစံလှကျော်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပြည်ပတွင် ၈ နှစ်ကြာ ရပ်တည်လာသော ရခိုင်မျိုးစောင့်အုပ်စု ပြည်တွင်းတွင် တရားဝင်ဖွဲ့စည်းပြီ

Arakan Rakkhita Group (ARG)ဂျပန်နိုင်ငံတွင် ၈ နှစ်ကြာ ရပ်တည်ခဲ့သော ရခိုင်မျိုးစောင့်အုပ်စုသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဒေသခံ ရခိုင်ပြည်သူများနှင့် အောက်ခြေအဆင့်မှ နေပြီး ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ Arakan Rakkhita Group (ARG) ကို ဇန်န၀ါရီလ ၂၇ ရက်နေ့က စစ်တွေတွင် တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ရခိုင်မျိုးစောင့်အုပ်စုဟု လူသိများသော ARG အဖွဲ့သည် ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတကာမှ ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ရခိုင်အမျိုးသားရေးလုပ်ငန်းများကို ပြည်ပနေ၍ ၈ နှစ်ကြာ တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားလာသော အဖွဲ့ဖြစ်သည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ထိ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ယင်းအဖွဲ့အား ရခိုင် မျိုးစောင့်အုပ်စု အစား ရခိုင်မျိုးစောင့်အဖွဲ့ အမည်ဖြင့် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။
ရခိုင်မျိုးစောင့်အဖွဲ့ကို ဗဟိုဦးဆောင်ကော်မီတီဝင် (၄၃) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည်ဟု ဦးဆောင်တည်ထောင်သူ ဦးဘအေး (ခ) ဦးခိုင်ထူးက ပြောသည်။
ဗဟိုဦးဆောင်ကော်မီတီဝင် ၄၃ ထဲမှ ဦးဘအေးကို ဥက္ကဌ၊ ဦးထွန်းအောင်ကျော်ကို ဒုဥက္ကဌ (၁) ၊ ဦးစိုးနိုင် (လျှပ်စစ်) ကို ဒုဥက္ကဌ (၂) ၊ သံတွဲမှ တစ်ယောက် လျာထားသူအား  ဒုဥက္ကဌ (၃) အဖြစ်၎င်း၊ ဦးစိုးနိုင် (၂) (မြို့မဈေး) ကို အတွင်းရေးမှု (၁)၊ ဦးအောင်ဘဝေကို အတွင်းရေးမှု (၂)၊ ဒေါ်လှမေကို အတွင်းရေးမှု (၃) အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ဘဏ္ဍာရေးဌာန၊  ပြန်ကြားရေးဌာန၊ စီးပွားရေးဌာနနှင့် စည်းရုံးဌာန စုစုပေါင်း ဌာန ၄ ခု ဖြင့် ဖွဲ့စည်းလိုက်ပြီး သဘာပတိ ၃ ဦးနှင့် နာယက ၅ ဦးထားရှိသည်။ ဗဟိုဦးဆောင် ကော်မီတီသက်တမ်းကို (၁) နှစ်အဖြစ် သတ်မှတ်ထားပြီး ဆက်လက်သက်တမ်းတိုး မတိုးကို အဖွဲ့မှတ်ပုံတင်ကျပြီး (၆) လပတ် ဗဟိုဦးဆောင် ကော်မီတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု သိရသည်။
ပြည်သူများ၏ အကြံဥာဏ်ပံ့ပိုးမှုများကို ရယူပြီး ရခိုင်ပြည်နယ် ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ် လုပ်ဆောင်သွားပါမည်ဟု အခမ်းအနားတွင် ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဌ ဦးဘအေးက ဂတိစကား ပြောကြားသည်။
“ပြည်ပရှိ ရခိုင်ခေါင်းဆောင်တွေထဲမှာ အဘက်ဘက်က ပြည့်စုံတဲ့ ခေါင်းဆောင် မတွေ့ခဲ့ရဘူး။ ပြည်တွင်းက ခေါင်းဆောင်တွေကိုတော့ မပြောတတ်သေးဘူး။ ကျွန်တော်လည်း အရည်အချင်း ပြည့်စုံတဲ့ ခေါင်းဆောင် တစ်ယောက်မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ တစ်ခုကောင်း ပြည့်စုံသူတွေရဲ့ အကြံဥာဏ်တွေ၊ ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ အတူ အသက်ကို ပဓါန မထားဘဲ ကိုယ်ကျိုးစွန့် လုပ်သွား ပါမယ်”ဟု ဆိုသည်။
ရခိုင်ပြည်၌ လူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းတစ်ရပ်မရှိသေး၍ အမှန်တကယ် ကိုယ်စားပြုနိုင်မည့် အဖွဲ့အစည်းတစ်ရပ်လိုအပ်နေကြောင်း၊ လူထုက ဤအဖွဲ့သည် လူထုကို ကိုယ်စားပြုနေသည်ဟု သတ်မှတ်ခံရအောင် ရခိုင်မျိုးစောင့်အဖွဲ့ကို ကြိုးစား တည်ဆောက်သွားမည်ဟု ဦးဘအေးက ဆက်လက် ပြောသည်။
ရခိုင်မျိုးစောင့်အဖွဲ့ ဒုဥက္ကဌ (၁) ဖြစ်သူ ဦးထွန်းအောင်ကျော်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အရိုးသားဆုံး ဆောင်ရွက် လုပ်ဆောင်သွားမည်ကို ယခုလို ပြောသည်။
“ ကျွန်တော်တို့ ရခိုင်မျိုးစောင့်အဖွဲ့အနေနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရိုးသားဆုံး၊ အကြိုးစားဆုံး၊ အစွမ်းရှိသလောက် ကြိုးစားဆောင်ရွက်ပါမယ်” ဟု ဆိုသည်။
ဒုဥက္ကဌ (၂) အဖြစ် ရွေးချယ်ခံရသူ ဦးစိုးနိုင် (လျှပ်စစ်) ကလည်း အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးဘအေးမှာ ဂျပန်နိုင်ငံတွင် နေထိုင်သည်ကို စွန့်လွတ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်၍ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တိုးတက်ရေး အတွက် ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်မည့် အပေါ် ယုံကြည်သဖြင့် ယခုလို အဖွဲ့သို့ ၀င်ရောက် ရခြင်း ဖြစ်သည်ဟု ပြောသည်။
“ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်နေတဲ့ ယခုလက်ရှိ ရခိုင်မျိုးစောင့်အုပ်စု ဥက္ကဌ ဦးဘအေးကို အပြည့်အ၀ ယုံကြည်တဲ့အတွက် ဒုဥက္ကဌ တာဝန်ကို လက်ခံတာပါ” ဟု ဆိုသည်။
ARG အဖွဲ့ကို ၀င်ရန်ဆုံးဖြတ်ရခြင်းမှာ ရခိုင်လူမှုအဖွဲ့အစည်းသည် ကမ္ဘာမှာ အောက်တန်း၊ နောက်တန်းရောက်နေသည်ကို  တိုးတက်အောင်လုပ်ဆောင် သွားမည်ဟု ယုံကြည်၍ ၀င်ရောက်ရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်နေသူ မြောက်ဦးမြို့နယ်မှ ဦးမောင်သာစိန်က ပြောသည်။
လက်ရှိအတွင်းရေးမှု (၃) ဖြစ်သူ၊ ကျောက်တော်မြို့နယ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသူ ဒေါ်လှမေကလည်း သူမ၏ သဘောထားကို နိရဉ္စရာ သတင်းဌာနသို့ ယခုလို ပြောသည်။
Arakan Rakkhita Group (ARG)
“ARG ဟာ ရခိုင်မျိုးစောင့်အဖွဲ့ဖြစ်တယ်။ ကျွန်မ ရခိုင်သူတစ်ယောက်ဖြစ်တယ်။ မိမိရခိုင်အမျိုးကို စောင့်ရှောက်မယ့် နေရမှာ တတ်နိုင်တဲ့နေရာက အချိန်ပေးပြီး ပါဝင်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ရခိုင်မျိုးစောင့်အဖွဲ့သည် ရခိုင်ပြည်နယ် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ စီးပွားရေးအရသာမက လူမှုရေးကိုလည်း အတူ မြှင့်တင် လုပ်ဆောင်သွားမည်ဟု သိရသည်။
ယင်းပြင် ရခိုင်ပြည်နယ်သည် စီးပွားရေးချွတ်ခြုံကျမှုကြောင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် အနိမ့်ကျဆုံး အခြေအနေ၌ ကျရောက်နေသဖြင့် မျိုးဆက်သစ် မြှင့်တင်ရေး လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဟု သိရသည်။
ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ ရည်ရွယ်ချက်မှာ
(၁) ရခိုင်နှင့်မျိုးနွယ်စုများ လူမှုရေးအရ တိုးတက်လာစေရန်။ (လူမှုရေးဆိုရာ၌ ပညာရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေး)
(၂)ရခိုင်နှင့် မျိုးနွယ်စုများ၏ စီးပွားရေး ဖွံ့ဖြိုးလာစေရန်။
(၃) ရခိုင်နှင့် မျိုးနွယ်စုများ အခြေခံ စဉ်းစားတွေးခေါ်ပုံနှင့် အသိအမြင်များ မြင့်မားလာစေရန်။
(၄) ရခိုင်တစ်မျိုးသားလုံး ညီညွတ်ကြစေရန်(အိန္ဒိယရခိုင်၊ ဘင်္ဂလာရခိုင်နှင့် ပြည်ပရောက် ရခိုင်များအားလုံး)
(၅) တည်ငြိမ်ငြိမ်းချမ်းသော ရခိုင်ဒေသဖြစ်လာစေရန် တို့ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်မီဒီယာများ တွေ့ဆုံပွဲ စစ်တွေတွင်ပြုလုပ်

International Media Support  ( IMS)ရခိုင်ပြည်နယ်တွင် သတင်းထောက်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၏ တွေ့ဆုံပွဲ တစ်ခုကို  ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် သတင်းဂျာနယ်တိုက်တွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲကို International Media Support  (IMS)မှကမကထ ပြုလုပ်ပေးခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်မှ အနှံ့အပြားမှ သတင်းထောက် ၂၀ ခန့်တက်ရောက်ခဲ့သည်။
ဒိန်းမတ်နိုင်ငံ၌ အခြေစိုက်သော IMS သည် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် သတင်းမီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် လွန်ခဲ့သော သုံးနှစ်တာကာလ ကတည်းက လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင်ရခိုင်မီဒီယာလောကဖွံ့ဖြိုးမှု၊ရင်ဆိုင်နေရသောအခက်အခဲများကိုသုတေသနပြုလုပ်သည့် အနေဖြင့် သတင်းထောက်များ ရင်ဆိုင်ကြုံတွေ့နေရသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ခဲ့သည်။
သတင်းထောက်များက ဖြေကြားရာတွင် မစ္စယင်ဟီးလီ ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်သည့်အခါ မစ္စယင်ဟီးလီ၊ ကုလသမဂ္ဂဆုံးဖြတ်ချက် နှင့် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းကို အစိုးရမီဒီယာ သတင်းဌာနတစ်ခုသို့ ပို့ခဲ့ရာ အသုံးပြုခဲ့ခြင်း မရှိဟု သိရသည်။
တစ်ချို့သတင်းထောက်များက အစိုးရက သတ်မှတ်ထားသော မီဒီယာများ ကျင့်ဝတ်စာအုပ်သည် သတင်းသမားများကို အကာကွယ်ပေးထားသည့် စာအုပ်မဟုတ်သောကြောင့် သဘော မတွေ့ကြဟု ပြောဆိုသည်။
ရခိုင့်အသံဂျာနယ်၏ Voice of Arakan နေရာတွင် Voice of Rakhine အဖြစ်သာ သုံးရန် အစိုးရမီဒီယာ မှတ်ပုံတင်ဌာန၏ ဖိအားပေးခံနေရမှုများကိုလည်း တင်ပြခဲ့ကြသည်။
ယခုတွေ့ဆုံပွဲမှရရှိသော သုတေသန တွေ့ရှိချက်များကို မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် အစီရင်စာတစ်စောင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ မြန်မာမီဒီလောကဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် မြန်မာအစိုးရအား ဝေဖန်ထောက်ပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိသတင်းထောက်များသည် သတင်းထောက်သင်တန်း တက်ရောက်နိုင်ရန် အခွင့်အလမ်း နည်းပါးနေသည်ကို တွေ့ရှိနေရသည်ဟု ယင်း International Media Support မှ တာဝန်ရှိသူ Mr Glen Swanson က မှတ်ချပေး ပြောကြားသွားခဲ့သည်။
International Media Support မှ ရန်ကုန်၌ သတင်းသမားများ တွေ့ဆုံနိုင်ရန် မီဒီယာ စာအုပ်စင်တစ်ခုကို ပြုလုပ်ပေးထားပြီဖြစ်ပြီး၊ မန္တလေးမြို့တွင်လည်း အလားတူမီဒီယာ စာအုပ်စင်တစ်ခုကို မကြာမီ ပြုလုပ်ပေးသွားမည်ဖြစ်ကာရခိုင်ပြည်၌လည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ယင်းမီဒီယာ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်သတင်းဂျာနယ်မှ သတင်းထောက်များ၊ နိရဉ္စရာဂျာနယ်မှ သတင်းထောက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်မှ သတင်းထောက်များ၊ ရခိုင့်အသံမှ သတင်းထောက်များ၊ အခြားမြန်မာ ပုဂ္ဂလိက သတင်းဌာန နှင့် အစိုးရသတင်းဌာနများတွင် လုပ်ကိုင်နေသော သတင်းထောက်များ၊ Sky Net ရုပ်သံမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
International Media Support သည် မြန်မာနိုင်ငံမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် UNESCO၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်မှ Journalism Department နှင့် Data Collection Team များနှင့် လက်တွဲ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့တည်သည့် ၁၉၀ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် ကော်မတီဖွဲ့စည်း

Sittwe-foundation.jpg၂၀၁၆ ခုနှစ်တွင် ကျရောက်မည့် စစ်တွေမြို့တည်သည့်  နှစ် ၁၉၀ ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ရန် အတွက် ကော်မတီ တစ်ရပ်အား ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတွင် သာကီ မဏ္ဍိုင်ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့က ဦးဆောင်၍ ဇန်န၀ါရီလ ၂၄ ရက်နေ့က  ပြုလုပ်ခဲ့သော စစ်တွေ တည်သည့် ၁၈၉ နှစ်မြောက်နေ့ အခမ်းအနားကို ကျင်းပစဉ် ယင်းကော်မတီအား ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ (AKYAB) ကို ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန်န၀ါရီလ ၁၂ ရက်နေ့ တည်ခဲ့သည်ဟု သိရသည်။
စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton) နှင့် ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင်များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က ထူထောင်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ သာကီမဏ္ဍိုင် ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စံမောင် က အောက်ပါအတိုင်း ပြောကြားသည်။
“ကိုယ်တို့ရဲ့မြို့တော် စစ်တွေမြို့ ပေါ်ပေါက်လာပုံကို ရခိုင်ပြည်သူလူထု အားလုံးနဲ့ စစ်တွေမြို့နေလူထုကို သိစေချင်တဲ့ သဘောထားနဲ့ ပြုလုပ်ရခြင်းဖြစ်တယ်။ အခု ၁၈၉ နှစ်မြှောက် အခမ်းအနားကို ကျယ်ကျယ်ပြန့် မလုပ်ဖြစ်ဘဲ နောင်နှစ်မှာတော့ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားပါမယ် ”ဟု ဆိုပါသည်။
အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေး အတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ယခု တည်နေရာသည် ရခိုင်ဘုရင်လက်ထက်ကတည်းက အုပ်ချုပ်ရေးအဆင့် ကျွန်း ၄၄ ကျွန်းထဲတွင် တစ်ကျွန်းအပါအ၀င် ဖြစ်သည်ဟု အခမ်းအနားတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သူ ဆရာဦးကျော်မောင်က ပြောသည်။
“စစ်တွေမြို့ဟာ အင်္ဂလိပ်ကိုလိုနီ လက်ထက်တုန်းက ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာပြီးတော့ အဲဒီတုန်းက အရှေ့တောင်အာရှမှာ ဆန်စပါး အထွက်ဆုံးဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ အနောက်တိုင်း ပညာရေးကို မြန်မာနိုင်ငံမှာ ပထမဆုံး ထိတွေ့ခွင့်ရခဲ့တဲ့ ဒေသဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်တုန်းက စစ်တွေဟာ ပညာရေးလောကမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးတော့ အုပ်ချုပ်ရေးတာဝန်တွေကို ကြီးကြီးမားမား ထမ်းဆောင်ခဲ့ကြပါတယ်”ဟု ဆရာဦးကျော်မောင်က ပြောသည်။
အင်္ဂလိပ်ခေတ်က ထိုကဲ့သို့ စီးပွားရေးမြင့်နေခဲ့ပြီး ပညာရေးမှာ ထိပ်တန်းရောက်နေခဲ့သော ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဆုတ်ယုတ်လာခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင်ကား ချွတ်ခြုံကျခဲ့ရသည်ဟု သိရှိရသည်။
ပိုက်ဆိပ် (မိဇံ) အဆင့်မှ စတင်တည်ထောင်ခဲ့သော စစ်တွေမြို့သည် ယခုအခါ မောလိပ်၊ ရူပ၊ ပါဒလိတ်ချိတ်၊ တရားသီးစု၊ ရွှေပြား၊ လမ်းမတော်၊ ရွာကြီး၊ နပူခံ၊ ဘောင်းဒွတ်သားစု စသည်ဖြင့် ပွားများလာကာ ၃၁ ရပ်ကွက်ထိ ရှိလာပြီဖြစ်သည်။
စစ်တွေမြို့သည် ရခိုင်တိုင်း၊ ထိုမှ ရခိုင်ပြည်နယ် မြို့တော်အဖြစ် ဆက်လက်တည်ရှိလာခဲ့ပြီး ရခိုင်တို့၏ ဂုဏ်ဆောင် ယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်အောင် ဖေါ်ထုတ်ထိန်းသိမ်းနေသည့် မြို့အဖြစ်လည်း ထင်ရှားနေဆဲဖြစ်သည်။
၂၀၁၆ ခုနှစ် စစ်တွေမြို့ ၁၉၀ နှစ်ပြည့် အခမ်းအနားကျင်းနိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သာမက   ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ စိတ်ပါဝင်စားသူ ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ စစ်တွေတွင် ကျင်းပ

အထက အာစရိယ ပူဇော်ပွဲ
အထက (၂)အာစရိယ ပူဇော်ပွဲ
နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားတစ်ခုကို ဇန်န၀ါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်ရှိ အထက (၂) တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ် နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၂) နှင့် ရန်ကုန်မြို့တွင် ဓည၀တီ ရခိုင်ဘုန်းတော်ကြီးကျောင်း၌ နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးအနက် ၄၀ ဦးက လာရောက်အပူဇော်ခံယူခဲ့ပြီး၊ ရန်ကုန်မြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးရှိရာ ၄၃ ဦးက လာရောက်အပူဇော်ခံခဲ့ကြကြောင်း သိရသည်။
ထိုသို့ပူဇော်ရာတွင် အသက် ၇၀ မှအထက်ကို ၁၈၀၀၀၀ ကျပ်၊ ၆၉ နှစ်နှင့်အောက်ကို ၁၅၀၀၀၀ ကျပ် ပူဇော်ခဲ့ကြကြောင်းသိရှိရသည်။ စစ်တွေမြို့တွင် စုစုပေါင်းကောက်ခံရှိငွေ ၁၀၂-သိန်းကျော်ရှိပြီး၊ ရန်ကုန်မြို့တွင် သိန်း ၁၂၀ ကျော် ရှိကြောင်း သိရသည်။
ဆရာ ဆရာမများသည် ကောင်းသုံးကောင်းနှင့် ပြည့်စုံဖို့ လိုအပ်သည်ဟု ဆရာဦးကျော်အေးက အပူဇော်ခံ ဆရာ ဆရာမ များကိုယ်စား ပြောကြားခဲ့သည်။
“ဆရာ ဆရာမ တွေဟာ ကောင်း ၃ ကောင်းနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။ (၁) မိမိကိုယ်ကို ကောင်းအောင်နေ၊ ကောင်းအောင်စီမံ၊ စိတ်ချမ်းသာအောင် နေနိုင်ဖို့အတွက် မိမိဝါသနာပါတဲ့ဟာ တစ်ခုကို လိုက်လုပ်ပြီး အနားယူကာ ကျန်းမာရေးကောင်းအောင် လုပ်ရပါမယ်။ (၂) မိမိလုပ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး အလုပ်ကိုကြိုးစားကာ အောင်မြင်မှုတစ်ခုရအောင် လုပ်ရပါမယ်။ (၃) စိတ်ကောင်းထားပြီး သူများကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်ရပါမယ်” ဟု ဆရာဦးကျော် အေးက ပြောသည်။
အပူဇော်ခံ ဆရာမ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်မြသန်းရွှေကလည်း “ဒီနေ့ ဆရာမ မသေသေးလို့ ကိုယ့်တပည့် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ပြန်ဆုံရတာ ရေထိပန်းလို လန်းဆန်းသွားပါတယ်။ မိုးရာသီမှာ အမိုးအကာ မလုံလို့ ထီးဆောင်းပြီး စာပြခဲ့ရတာကိုလည်း အမှတ်ရနေပါသေးတယ်”ဟု ပြောသည်။
စစ်တွေမြို့ အထက (၂) တွင် (၇၅-၇၆) ခုနှစ်က ဆယ်တန်းအောင်ခဲ့သူ ကျောင်းသားဟောင်း ဦးကျော်သန်းလှိုင်ကလည်း သူနှင့် ကျောင်းတက်ဘက် ဗွီဒီယို ကင်မရာဆရာ တစ်ဦးတည်းကိုသာ တွေ့ရပြီး ကျန်သည့် သူငယ်ချင်းဟောင်း တစ်ယောက်ကိုမျှ မတွေ့ရ၍ စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားသည်။
မိမိ၏ ကျောင်းသူကျောင်းသား ဟောင်းများနှင့် ပြန်ဆုံခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း မီဇံရပ်ကွက် မူလတန်းကျောင်တွင် စာပြနေသော မပန်းဦးသဇင်ဝေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အထက (၂) ကျောင်းသည် အတန်းပညာကိုသာမက မိမိအတွက် အသက်မွေးဝမ်းကျောင်း ပညာအတွက်ပါ အထောက်အပံ့ရစေခဲ့သည်ဟု အထက (၂) ကျောင်းသူဟောင်း ANP ပါတီ ဒုဥက္ကဌ ဒေါ် အေးနုစိန်က ပြောသည်။
SHS-2--1
“အထက (၂) မှာ ၅ တန်းကနေ ၁၀ တန်းထိ နေခဲ့ပါတယ်။ စာပေ၀ါသနာကို အရောင်တင် ပေးခဲ့ပါတယ်။ စာစီစာကုံး ဟောပြောပွဲ ပြိုင်ပွဲတွေကို ကျောင်းတွင်း၊ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပြီး ပထမ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒီကျောင်းက စာရေးဆရာတွေ အများကြီး မွေးထုတ်ပေးခဲ့ပါတယ်။ မိမိအတွက် အတန်းပညာသာမက အသက်မွေးဝမ်းကျောင်းအတွက်ပါ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အသက်ရှင်နေသမျှ ဒီကျောင်းကြီးကို မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မိမိကာတွန်းဆရာဖြစ်အောင် ဆရာမောင်သန်းအေးက နည်းပြ တိုက်တွန်းခဲ့ကြောင်း ပန်းချီ၊ ကာတွန်း ၀င်ပြိုင်ခဲ့ရာမှ ကာတွန်းဆရာ တစ်ယောက်ဖြစ်လာကြောင်း ကိုတက်သစ်အောင်က ပြောသည်။
အာစရိယ ပူဇော်ကန်တော့ပွဲကို မွန်းလွဲ ၁ နာရီကျော်တွင် စတင်ပြီး၊ ညနေ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း၊ အခမ်းအနားသို့ လူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်အဆိုတော် ကိုမောင်ကိုကို၊ မချိုချိုနှင့် အထက (၂) မှ ၈ တန်းကျောင်းသူ အဆိုတော် မဒိုးကလေးတို့ကလည်း ဆရာ ဆရာမ များအားဂုဏ်ပြု သီချင်းများ သီဆို ဖျော်ဖြေခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

တူးဖေါ်ပြုပြင်မွန်းမံနေသော မြောက်ဦးနန်းတော်ရာကုန်း အနီးရှိ လူနေအိမ်များ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို

q2spcwdkမြောက်ဦးမြို့ ရှေးဟောင်းနန်းတော်ရာကုန်းကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ယူ တူးဖေါ် ပြုပြင် မွန်းမံနေသော်လည်း နန်းတော်ရာကုန်း အနီးတ၀ိုက်ရှိ လူနေအိမ်များအား ပြောင်းရွှေ့ ဖယ်ရှားရန် အစီအစဉ် မရှိကြောင်း  အဆိုပါ ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
နန်းတော်ရာကုန်းတူးဖေါ်မှုနှင့်  ခြံစည်းရိုးတည်ဆောက်မှုကို ပြီးခဲ့သည့် ၂၀၁၄ ခု နိုဝင်ဘာလကတည်းက  စတင်ကာ အကောင်အထည်ဖေါ်လျှက်ရှိရာ နန်းတော်ရာကုန်း ပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေ ၂၀၀ ကျော်ခန့် မှာ  ပြောင်းရွှေ့ဖယ်ရှားခံရနိုင်ကြောင်း ဒေသခံများ သံသယဖြစ်နေစဉ်  ရှေးဟောင်း ဦးစီးဌာန ညွန်ကြားရေးမှူးက  ပြောင်းရွှေ့ဖယ်ရှားရန် အစီအစဉ်မရှိကြောင်းပြောဆို လိုက်ခြင်းဖြစ်သည်။
“လူနေအိမ်တွေကျတော့ လောလောဆယ် ပြောင်းရွှေ့ ဖယ်ရှားဖို့ အစီအစဉ် မရှိဘူး၊ ဒါပေမယ့် ခြံစည်းရိုး စည်း ၀ိုင်းသတ်မှတ်ထားတာရှိတယ်၊ ဒီနေရာမှာတော့ ဘယ်လိုအဆောက်အဦးကိုမှ ဆောက်လုပ်ခွင့်မပြု တဲ့ အမိန့် ထုတ်ပြန်ထားတာ ရှိတယ်” ဟု ၄င်းကဆိုသည်။
မြောက်ဦးနန်းရာကုန်း၏ ရှေးဟောင်းဇုံအဖြစ် မြေနေရာသတ်မှတ်ခြင်းမှာ မင်းဘာကြီး လမ်းမှ ဈေးကြီးတို့ ပါဝင်ပြီး ၄င်းနေရာများရှိလူနေအိမ်ခြေများကို ပြောင်းရွှေ့ရန်အစီအစဉ်မရှိ သော်လည်း တံတိုင်းနှင့် ပေ ၁၀၀ ကျော်အကွာအဝေး ခြံစည်းရိုးစည်းဝိုင်းသတ်မှတ်နေရာအတွင်း မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခွင့် မပြုဟု အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။
နန်းတော်ရာကုန်းမှာ ပထမ၊ ဒုတိယနှင့် တတိယဟူ၍ တံတိုင်းသုံးထပ်ကာရံထားရှိပြီး တတိယတံတိုင်းမှ ပေ ၁၂၀ အကွာကို ခြံစည်းရိုးစည်းဝိုင်းအဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ တံတိုင်းသုံးထပ်ကားရံထားသော နန်းတော်ရာကုန်းတွင် ပထမတံတိုင်းနှင့် ဒုတိယ တံတိုင်း တို့မှာ အထင်အရှားမြင်တွေ့ရသော်လည်း ရေပေါက်ဝမှ ရွှေဂူဒေါင်ထိရှိသော တတိယတံတိုင်းမှာမူ  ၀ရစ်တောနှင့် ဘောလုံးကွင်းအနီးတွင် အစအန အနည်းငယ်ကိုသာလျှင် တွေ့မြင်ရပြီး ငုပ်လျှိုး ကွယ်ပျောက်လျှက် ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ငုပ်လျှိုးနေသော  တတိယတံတိုင်းအပိုင်းအစ တခုကို နန်းတော်ရာကုန်း အရှေ့မြောက် ဖက်တွင် ပြီးခဲ့သည့်ဒီဇင် ဘာလက ခြံစည်းရိုး လုပ်ငန်းစဉ်အတွင်း မြေမြောင်း ဖေါက်လုပ်စဉ် ထပ်မံတွေ့ရှိရကြောင်း၊ မောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူး ဦး မောင်သိန်းလှိုင်ကဆိုသည်။
“အနံ ၉ ပေထူပါတယ်၊ အလျားကတော့ ၁၅ ပေလောက်ဖေါ်ထားခဲ့ကြတာကိုတွေ့ပါတယ်” ဟု ၄င်းကဆိုသည်။
ကနဦးက မြောက်ဦးနန်းရာကုန်းခြံစည်းရိုးတည်ဆောက်မှုကြောင့် ပတ်ဝန်ကျင်လူနေအိမ် များ ပြောင်းရွှေ့ ရမည်ဟု ဖေ့စ်ဘုတ်စာမျက်နှာများတွင်ဖေါ်ပြမှုများရှိနေခဲ့သဖြင့်  မြောက်ဦးမြို့ရှိ ရခိုင်လူ ထုအကြား စိုးရိမ်မှုများရှိနေခဲ့ကြကြောင်း၊ လက်ရှိတွင် အဆိုပါအိမ် ခြေများမှာ ခြံစည်းရိုး စည်း ၀ိုင်းသတ်မှတ်ရာတွင် ပါဝင်ပတ်သက်မှု မရှိသဖြင့် ပြောင်းရွှေ့ခံရလိမ့်မည်မဟုတ်ကြောင်း မြောက်ဦးမြို့ ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးထွန်းနေ၀င်းကပြောဆိုသည်။
“ကျွန်တော်တို့က ရှေးဟောင်းအမွေအနှစ်တွေထိန်းသိမ်းတာကို ကြိုဆိုတယ်၊ ဒါပေမယ့် ရှေး ဟောင်းလက်ရာကို မကွယ်မပျောက်ရအောင် နဂိုအတိုင်းပဲထားစေချင်တယ်၊ အဲဒါတွေကို ထပ်မံပြီး ဆေးချယ်လိုက်၊ မွမ်းမံလိုက်တာမျိုးတွေမလုပ်ဖို့ ပြောချင်ပါတယ်”ဟု ဦးထွန်းနေ၀င်းက ဆက်ဆိုသည်။
နန်းတော်ရာကုန်း ခြံစည်းရိုးတည်ဆောက်မှုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနက ကျပ်သိန်း ၈၀၀ ကျော်ဖြင့် တာဝန်ယူ တည်ဆောက်လျှက်ရှိရာ လက်ရှိတွင် ရာနှုန်းထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ယင်းဦးစီးဌာနတာဝန်ရှိသူအဆိုအရသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တရုတ်ရေနံတင်သင်္ဘော ကျောက်ဖြူ-မဒဲကျွန်းဆိပ်ကမ်းတွင် စတင် ဆိပ်ကပ်

( တရုတ်ရေနံတင် သင်္ဘောကို ကျောက်ဖြူမြို့သို့ ၀င်လာစဉ်)
တရုတ်ရေနံတင် သင်္ဘောကို ကျောက်ဖြူမြို့သို့ ၀င်လာစဉ်
အရှေ့အလယ်ပိုင်းမှ ရေနံများတင်ဆောင်လာသော ရေနံတင် သင်္ဘောသည်သည် ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်းတွင် ဇန်န၀ါရီလ၂၄ရက်နေ့က စတင်ဆိပ်ကပ်ခဲ့ကြောင်း သိရသည်။
ယင်းသင်္ဘောသယ်ယူလာသော ရေနံများကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ ရေနံ သိုလှောင်ကန်များမှ တဆင့် မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့မည် ဖြစ်သည်။
“ အခု ၀င်လာတဲ့ သင်္ဘောက အလျားပေ ၁၁၅၀ရှိပြီး  ရေနံစိမ်း တန်ချိန် တစ်သိန်းသုံးသောင်း(၁၃၀၀၀၀)ခန့် တင်ဆောင်လာတယ်လို့ သိရပါတယ်။  ဇန်န၀ါရီ၂၄ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ မဒဲကျွန်း ဆိပ်ကမ်းကို ဆိပ်ကပ်လာပါတယ်” ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင် တစ်ဦးက ပြောသည်။
ယင်းသင်္ဘောသည် လွန်ခဲ့သော ငါးရက်က သင်္ဘော ကျောက်ဖြူနှင့် ရေမိုင်၃၀ အကွာလောက်မှာ ကျောက်ချရပ်နားနေခဲ့ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့က ၀င်ရောက်ဆိပ်ကပ်လာခြင်း ဖြစ်သည်။
“ ရေနံပိုက်လိုင်းဖွင့်ပွဲကို ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်။ နိုင်ငံတော်အဆင့် အကြီးအကဲတွေ လာရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်” ဟု ယင်းဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။
received_392851544210018
ယခု သင်္ဘောသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ပထမဆုံး မြန်မာမြေပေါ်ကို ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုသို့ ရေနံပို့ရန် ၀င်ရောက်လာသော သင်္ဘောဖြစ်သည်။
ဒေသခံများအနေဖြင့်မူ ရေနံတင်သင်္ဘောများဝင်ရောက် လာသဖြင့် ၎င်းတို့ လုပ်ကိုင်စားသောက်နေသော ရေလုပ်ငန်းများ ပျက်စီးမည်ကို သာမက သဘာဝ ပတ်ဝန်းကျင်များလည်း ပျက်စီးထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
ဒေသခံများ ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် မဒဲကျွန်းတွင်နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်ကိုလည်း နေရာချထားကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်း တရုတ်ရေနံဆိပ်ကမ်းမှ တဆင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သသေင်္ဘာများဖြင့် သယ်ယူလာသော ရေနံများကို မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပေါက်တောမြို့နယ် ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်

bangali-camp
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် အိမ်ထောင်စု ၁၀၆စု၊ လူပေါင်း ၄၅၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က အတည်ပြု ပြောကြားသည်။
“ မီးလောင်တာက ဇန်န၀ါရီလ ၂၃ ရက်နေ့  ညနေ ၃ နာရီခွဲက စလောင်ပြီး ၄နာရီခွဲမှာ ပီးသွားပါတယ်။ ရှစ်ခန်းတွဲ အဆောင် ၁၀ ခုမီးထဲပါသွားပါတယ်။ ပေါ့ဆမီးပါ။ ထမင်းချက်ရာကနေ လောင်တာပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယင်းမီးသည် ကြိမ်နီပြင် ဒုက္ခသည်စခန်းရှိ အဒူချော်ဘီအိမ်က စလောင်ခြင်းဖြစ်ပြီး အဆောင် (၁၀) ခုအား ၀ါးမျိုဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။
“ မီးသတ် ဌာနရဲ့ ခန့်မှန်းချက်အရ ကျပ်သိန်း ၈၀ ခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ အခုတော့ အဒူချော်ဘီကို ဖမ်းဆီးအရေးယူထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။
ယခုအခါ သက်ဆိုင်ရာမှ မီးဘေးဒုက္ခသည်များအတွက် ယာယီစခန်းဖွင့်လှစ်ထားပြီး ဆန်ဆီဆားစည့် လိုအပ်သည့် စားသောက်ကုန်များအပြင် ရွက်ဖျင်တဲများ၊ စောင်များ ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့မှ ၀န်ကြီး ၂ ဦး အပါအ၀င် အစိုးရ တာဝန်ရှိသူများသွားရောက်ပြီး အကူအညီနှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 22, 2015

စစ်တွေမြို့လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းပြီး အဆင့်မြင့်တင်

DSC02263
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဓိက လမ်းမကြီးအား ယခင်ကွန်ကရစ်လမ်းအဖြစ်ရှိနေရာမှ ယခုအခါ နိုင်လွန် ကတ္တရာခင်းပြီး အဆင့်မြှင့်တင်နေသည်ဟု သိရသည်။
ယင်းနိုင်လွန် ကတ္တရာလမ်းခင်းမှုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းက စတင် ဆောင်ရွက်ခဲ့သည်။ စစ်တွေလမ်းမကြီး စတင်လမ်းခင်းသည့်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
အစပိုင်းတွင် နိုင်လွန်ကတ္တရာလမ်းခင်းရာတွင် အသုံးပြုသော စက်ယန္တရားများ ချွတ်ယွင်းမှုတို့ကြောင်း ခေတ္တ ရပ်နားခဲ့ရသည်။
ယင်းချွတ်ယွင်းစက်များကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်းတွင်မူ နိုင်လွန်ကတ္တရာ လမ်းခင်းမှု ပိုမိုချော့မွေ့ လျင်မြန်လာပြီးဖြစ်ကြောင်း စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ နိုင်လွန်ကတ္တရာခင်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကို ကားတွေနဲ့ သင်္ဘောတွေနဲ့ အဆင်ပြေသလိုမျိုး သယ်ယူလာရတယ်။ အဲဒီလို သယ်ယူလာတဲ့အခါမှာ အဲဒီဟာတွေရဲ့ ပစ္စည်းတစ်ချို့ ချွတ်ယွင်းသွားတဲ့အတွက် စက်ပစ္စည်း ကရိယာတွေကို ပြန်ပြင်ခဲ့ရပါတယ်။ အခု ဒီစက်ယန္တရားတွေကို ထုတ်လုပ်တဲ့ XCMG ကုမ္ပဏီက ကျွမ်းကျင်အင်ဂျင်နီယာ တရုတ်လူမျိုးကိုယ်တိုင် လာရောက်ကြီးကြပ် စောင့်ကြည့်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးတင်မောင်မြင့်က ပြောသည်။
နိုင်လွန် ကတ္တရာခင်းရာတွင် လာရောက်စောင့်ကြည့် ကြီးကြပ်နေသော တရုတ်လူမျိုး အင်ဂျင်နီယာသည်နိုင်လွန်ကတ္တရာ လမ်းခင်းရာတွင် အသုံးပြုနေသော စက်ယန္တရားများကို ထုတ်လုပ်သည့် XCMG ကုမ္ပဏီမှဖြစ်ပြီး နာမည်မှာ DING WGN KE ဖြစ်ကြောင်း သိရသည်။
ယင်း XCMG ကုမ္ပဏီသည် တရုတ်ပြည်၌ စက်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး လုပ်သား ၄၀၀၀၀ ရှိသည်ဟု ယင်းတရုတ်အင်ဂျင်နီယာက ပြောသည်။
ယခုစစ်တွေမြို့ လမ်းမကြီး နိုင်လွန်ကတ္တရာခင်းရာတွင် အသုံးပြုနေစက်ယန္တရားများမှာ ကတ္တရာသယ်ရန် ထရပ်ကား ၇ စီး၊ Road paper ကားတစ်စီး၊ Two Wheel ကားတစ်စီး နှင့် တာယာရိုလာ ကားတစ်စီးပါဝင်ကြောင်း သိရသည်။
စုထူးစံကုမ္ပဏီသည် စစ်တွေမြို့ စည်ပင်သာယာရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာတွင် စစ်တွေမြို့လမ်းမကြီးနှင် ဝေသာလီလမ်း၌ နိုင်လွန်ကတ္တရာခင်းခြင်းအပြင် ဘီလူးမချောင်း ရေလားရေလာကောင်းရေးနှင့် ကမ်းနားလမ်းတစ်လျှောက် ဆည်ဖို့ပြီး လှိုင်းကာများ ဆောက်လုပ်ခြင်းများကိုပါ တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။
DSC02257စုထူးစံကုမ္ပဏီတွင် အင်ဂျင်နီယာ ၂၀၀ ဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရာတွင် ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်ပါ လုပ်ဆောင်လျှက်ရှိပြီး ရခိုင်ပြည်နယ်ရှိ လမ်းတံတားဆောက်လုပ်ရာ၌ အင်ဂျင်နီယာ ၇၀ ဦးကို အသုံးပြုနေကြောင်းသိရသည်။
“စုထူးစံ ကုမ္ပဏီအနေနဲ့ လမ်းတံတားတွေကို ရခိုင်ပြည်နယ်မှာ ဆောက်လုပ်တဲ့အပိုင်းမှာ လှူတာတွေရှိပါတယ်။ အမြတ်အစွမ်းအပိုင်းကို မကြည့်ပါဘူး။ လမ်းတံတား ကောင်းမွန်ဖို့နဲ့ တာရှည်ခံဖို့အတွက် လုပ်ပေးနေတာပါ။ အခု စစ်တွေမြို့လမ်းမကြီးပေါ်မှာ ခင်းနေတဲ့ နိုင်လွန်ကတ္တရာက ၂ လက်မခွဲထူပြီးတော့ သတ်မှတ်ထားတဲ့ ခံနိုင်ရည် တန်ချိန်အတိုင်း ကားတွေကို အသုံးပြုမယ်တိုရင် အနည်းဆုံး နှစ်ပေါင်း ၃၀ အထိ အာမခံချက် ရှိပါတယ်”ဟု စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွမြို့ စည်ပင်သာယာ လှပရေးအတွက် ယခုလက်ရှိအကောင်အထည်ဖေါ် လုပ်ဆောင်နေသော လုပ်ငန်းများမှာ စုထူးစံကုမ္ပဏီက လက်ရှိတာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းများအပြင် ဆတ်ရိုးကျချောင်း တူးခြင်း၊ ဆတ်ရိုးကျချောင်းဘဲ ရေကာတံတိုင်း တည်ဆောက်ခြင်း၊ ဆတ်ရိုးကျကိုဖြတ်၍ အဆင်မြင့်တံတား တစ်စင်း တည်ဆောက်နေခြင်း၊ စစ်တွေမြို့ပတ်လမ်းကို ဖေါက်လုပ်နေခြင်းတို့ ဖြစ်ကြောင်း လေ့လာသိရှိရသည်။
စစ်တွေမြို့တော် စည်ပင် သာယာလှပရေးအတွက် စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင် စစ်တွေမြို့ လမ်းမကြီးနှင့် ဝေသာလီလမ်း တစ်လျှောက်ကို နိုင်လွန်ကတ္တရာခင်းမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ၂၀၁၄ ခုနှစ် စတင်ဘာလတွင် တရားဝင် ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စစ်တွေမြို့တော်စည်ပင်သာယာ လှပရေးအတွက် အပန်းဖြေခေတ်မီ ဥယျာဉ်နှစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ လူများမလာချင်သည့် စစ်တွေမြို့ကို မြန်မာနိုင်ငံတွင် လူအလာချင်ဆုံး မြို့တစ်မြို့ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု အခမ်းအနားများတွင် မကြာခဏပြောကြားခဲ့သည်။
ယခင်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တွေမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ ယခင်နှစ်များထက် လာရောက်လည်ပတ်မှု ရှိလာသည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ

troller_1
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းသည့် မြန်မာဘက်မှ ငါးဖမ်းစက်လှေ ၂ စီးကို လူ ၁၅ ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာ ငါးဖမ်းစက်လှေ နှစ်စီးကို ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေပိုင်းက နစ်မြစ်ဝရှိ စိန့်မာတင်ခေါ် အုန်းကျွန်းအနီး ၀င်ရောက်ငါးဖမ်းနေစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားပြီး ကော့စ်ဘာဇားသတင်း တပုဒ်တွင်ဖော်ပြသည်။
ဖမ်းမိသည့် စက်လှေနှစ်စီးတွင် ရေလုပ်သား ၁၅ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး စိန့်မာတင်အခြေစိုက် ဘင်္ဂလာရေတပ်မှ အရာရှိတစ်ဦးက အတည်ပြုပြော ဆိုပြောဆိုသည်။  ဖမ်းဆီးရမိသည့် စက်လှေနှင့်ရေလုပ်သားများကို တက်ကနက် ဆိပ်ကမ်းသို့ ယူဆောင်လာပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း

(ဓာတ်ပုံ - စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
(ဓာတ်ပုံ – စစ်တွေမြို့မဈေးကြီးအားတွေ့ရစဉ်)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကိုးရီးယား ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်တွေဆိပ်ကမ်း သာယာလှပရေးကို စီမံကိန်းချ လုပ်ကိုင်ရန် ကိုးရီးယားနိုင်ငံမှ ကုမ္ပဏီ တစ်ခုဖြစ်သော BXT Construction & Development ကုမ္ပဏီက ပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ယခုလ အစောပိုင်းက ကမ်းလှမ်းလာခြင်းဖြစ်သည်။
စီမံကိန်း၏ အဓိကလုပ်ငန်းများမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်တွေမြို့ မြို့မဈေးအနီး ကမ်းခြေအား မြေဖို့ကာ မြို့ပြမြေယာဖော်ထုတ်မည်ဖြစ်ပြီး ယင်းနေရာများတွင် လူနေအိမ်ခန်းများ၊ စူပါမားကတ်များ၊ ဟိုတယ်များ၊ အပန်းဖြေကလေးကစားကွင်း၊ ဈေးဆိုင်စသည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
၎င်းကိုးရီးယားကုမ္ပဏီသည်  လုပ်ငန်းများစတင်နိုင်ရန် မြို့လူထုနှင့် ယခုလ ၇ ရက်နေ့က စစ်တွေမြို့တွင်တွေ့ဆုံပြီး သဘောထားများကို မေးမြန်းတောင်းခံသွားသည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ခံများ၏ ဆန္ဒ သဘောထားကို တောင်းခံခဲ့သည်ဟု  မြို့ခံ တစ်ဦးက ပြောသည်။
“လက်ရှိလုပ်ကိုင်နေတဲ့ စစ်တွေပင်လယ်ကူး ဆိပ်ကမ်းကိုလုပ်ကိုင်နေတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ လက်မခံနိုင်စရာမရှိဘူး။ ဒါပေမယ့် ဒေသတွင်းကအဆီအနှစ်တွေကို သူတို့တွေကယူသွားပြီးတော့ ဒေသအတွက် အရိုးအရင်းလေးပဲ ပေးမယ်ဆိုရင်တော့ ကန့်ကွက်ရလိမ့်မယ်”ဟု မြို့ခံတစ်ဦးက ဆက်ပြောသည်။
မြို့မိမြို့ဖ တစ်ဦးကလည်း အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
DSC03233“ရလာတဲ့အကျိုးအမြတ် ပြည်နယ်အစိုးရကိုလွှဲပေးမယ်လို့ အဲဒီကုမ္ပဏီရဲ့အရာရှိပြောတာကို ပြည်နယ်ဝန်ကြီးချုပ်က ကျွန်တော်တို့ကို ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုအသုံးချမှာလဲဆိုတာကို ပြည်နယ်အစိုးရက ဘာမှမပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့မြို့လူထုအနေနဲ့လည်း အခြေအနေကို စောင့်ကြည့် နေသေးတယ်”ဟု ဆိုသည်။
စစ်တွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုးရီးယားကုမ္ပဏီအပြင် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သော ဆုထူးစံကုမ္ပဏီကလည်းပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။
ယခုအခါ ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံမှ  တည်ဆောက်နေပြီး  များမကြာမီ စီမံကိန်းပြီးစီးတော့မည် ဖြစ်ကာ စီမံကိန်းပြီးစီးပါက မြန်မာ အစိုးရကို လွှဲပြောင်းပေးအပ် လုပ်ကိုင်စေမည်ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

နိုင်ငံတော်သမ္မတမှ ရခိုင်အရေးအခင်းတွင် ထိပ်တန်းက ပါဝင်ပတ်သက်သူတစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာ ခွင့်ထုတ်ပြန်

အလယ်မှ အကျီ အဖြူနှင့် သူမှာ ဒေါက်တာ ထွန်းအောင်ဖြစ်ပြီး သူ့ဘေးမှသူမှာ သမီးဖြစ်သူနှင့် နောက်တစ်ဦးမှာ သူလွှတ်မြောက်ရေးအတွက် ကူညီသူ Aaron Schock မှာ အစွန်ဆုံးလူ ဖြစ်သည်။ (ဓါတ်ပုံ- RFA)
အလယ်မှ အကျီ အဖြူနှင့် သူမှာ ဒေါက်တာ ထွန်းအောင်ဖြစ်ပြီး သူ့ဘေးမှသူမှာ သမီးဖြစ်သူနှင့် နောက်တစ်ဦးမှာ သူလွှတ်မြောက်ရေးအတွက် ကူညီသူ Aaron Schock မှာ အစွန်ဆုံးလူ ဖြစ်သည်။ (ဓါတ်ပုံ- RFA)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အရေးအခင်းတွင် ကြိုးကိုင်ပါဝင်သူဟု စွပ်စွဲခံရပြီး ထောင် ၁၇ နှစ် ချမှတ်ခံထားရသူ တစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းထုတ်ပြန် ချက်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းလွှတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ ထောင်ထဲမှ လွှတ်မြှောက်လာသူမှာ မောင်တောအကြမ်းဖက်မှုတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင် ပတ်သက်သည်မှာ ထင်ရှားသဖြင့် စစ်တွေခရိုင် တရားရုံးမှ ထောင်  ၁၇ နှစ်ချမှတ်ခံရသူ ဒေါက်တာထွန်းအောင် (ခ) နူရာဟောက် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည် နယ် မောင်တောမြို့ပေါ်ရှိ ရခိုင်ရပ်ကွက်နှင့် ရခိုင်ကျေးရွာအချို့ကို ဘင်္ဂလီမွတ်ဆလင်များမှ အုပ်စုဖွဲ့ တိုက်ခိုက်မီရှို့မူ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ရခိုင်လူမျိုးအနည်းဆုံး ၇ ဦး သေဆုံးပြီး အိမ်ပေါင်း ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
ထိုတိုက်ခိုက်မူမှာ မောင်တောမြို့ မြို့မ ဗလီတွင် ဆုတောင်းပွဲတစ်ရပ် အပြီးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဆုတောင်းပွဲအား ဒေါက်တာထွန်းအောင် (ခ) နူရာဟောက်က ထိုစဉ်က နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးခွင့်ပြုချက်ဖြင့် စီစဉ် ပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲ အပြီးတွင် ရာပေါင်းများစွာသော ဘင်္ဂလီများသည် တုတ်ဓါးလက်နက်များ ကိုင်ဆောင်ပြီး ဗလီမှ ထွက်လာကြပြီး  ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာကို စတင် မီးရှို့တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တစ်ခြားရခိုင်ရွာ အများအပြားလည်း မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းပွဲအား ဦးဆောင်စီစဉ်သူ ဒေါက်တာ ထွန်းအောင်အား ဇွန်လ ၁၁ ရက်နေ့က မောင်တော UNHCR ရုံးခွဲတွင် ပုန်းခိုနေစဉ် ဖမ်းဆီးခဲ့ပြီး ပြစ်မှု ထင်ရှားသဖြင့် တရားစွဲဆိုခဲ့သည်။ ဒေါက်တာထွန်းအောင်အား မောင်တောမှ စစ်တွေသို့ ယူဆောင်ခဲ့ပြီး စစ်တွေခရိုင် တရားရုံးက ထောင်  ၁၇ နှစ် ချမှတ်ခဲ့သည်။
နောက်ပိုင်းတွင် နိုင်ငံတကာမှ ဖိအားကြောင်း ဒေါက်တာထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာမှ ပြစ်ဒဏ်ကို ၉  နှစ်လျှော့ပေါ့ သတ်မှတ်ခဲ့သည်။
ယခုတစ်ခါ နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
သူလွှတ်မြှောက်ရေးအတွက် အမေရိကန်အောက် လွှတ်တော်အမတ် Aaron Schock ၀ိုင်းဝန်းကူညီခဲ့ပြီး ကျန်ကူညီခဲ့သော အဖွဲ့အစည်းတစ်ခုမှာ ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation ဖြစ်ကြောင်း သိရသည်။
လူပေါင်းအများအပြား သေစေခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်ရေးကို ပျက်ပြားစေရန် ကျူးလွန်ခဲ့သူ တစ်ဦးအား နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ လွှတ်ပေးလိုက်ခြင်း အပေါ် အများက ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ယခုလုပ်ရပ်မှာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အယုံအကြည်မဲ့စေသည်ဟု စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောဆိုသည်။
“ ဒေါက်တာ ထွန်းအောင်ဟာ ၂၀၁၂ ခုနှစ်ရခိုင်ပဋိပက္ခ ဖြစ်ပွားအောင် လုံ့ဆော်တဲ့ နေရာမှာ အဓိက ဇာတ်ကောင် ဖြစ်ပါတယ်။ အခုသူ့ကို ပြန်လွှတ်လိုက်တယ်ဆိုတော့ သူကြောင့်  တည်ငြိမ်နေတဲ့ ရခိုင်အရေးက ပြန်ပြီး မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ တစ်ခြားတစ်ဘက်မှာလည်း အဲဒီပဋိပက္ခကြောင့် ထောင်ထဲမှာ ဒီင်္အမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း အများကြီးရှိနေတယ်။ အဲသလို ရှိနေတာကို သူတစ်ယောက်တည်းကို ပြန်လွှတ်လိုက်တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အများကြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒေ၀ူးက ကူညီတဲ့ကျောင်း သံထည်နဲ့ဆောက်၍ ဒေသခံတွေ ကန့်ကွက်

မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာတွင် ဒေ၀ူး (Daewoo) ကုမ္ပဏီက လှူဒါန်းသော ကျောင်းကို သံထည်ဖြင့် တည်ဆောက်နေသဖြင့် ဒေသခံတွေက ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းကျောင်းကို  ဆောင်းဟေမာန် ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်ပြီး အလျားပေ ၈၀၊ အနံပေ ၃၀ ရှိသော တစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
သံနဲ့ မဆောက်လုပ်ရန် ကျေးရွာသားတွေက ဇန်န၀ါရီလ ၁၃ရက်နေ့က တားမြစ် ကန့်ကွက်ထားကြောင်း ကျေးရွာ လူကြီးတစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ရီကပြောသည်။
“ ပင်လယ်နဲ့ နီးပြီး ဆားငန်းဓါတ်ရှိတဲ့ မြေဖြစ်တယ်။ ဒီလိုဒေသမှာ သံပါးပါးနဲ့ ဆောက်လုပ်ရင် တာရှည်မခံနိုင်ဘူး။ တစ်ခြား ဒေသမှာ ဆိုရင်တော့ဖြစ်နိုင်တယ်။ RC ကျောင်းဆောက်လုပ်မှ တာရှည်ခံနိုင်မှာဖြစ်တယ်။ ဒီလိုသံပါးပါးနဲ့ ဆောက်လုပ်မယ် ဆိုရင်တော့ ကျေးရွာက လုံးဝလက်မခံနိုင်ဘူး။ ခေါင်းမိုးမှာသံနဲ့ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ လုပ်ငန်း ပြီးစီးတဲ့ အခါမှ ပြောလို့ အဆင်မပြေနိုင်ဘူး။မပြီးစီးခင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်အောင် ကြိုတင်ပြီး တားမြစ် ထားရတာ ဖြစ်တယ်” ဟု ပြောသည်။
စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာလက ဒေ၀ူး ကုမ္ပဏီက တာဝန်ရှိသူများ မြေနေရာကို လာကြည့်ခဲ့သည်။  စာသင်ကျောင်းဆောက်လုပ်ရန် ကန်ထရိုက်ရထားသော ဆောင်းဟေမာန်ကုမ္ပဏီမှ ဒီဇင်ဘာ ၁၈ ရက်နေ့က ကျောင်းကို စတင်ဆောက်လုပ်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။
မလကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ယဉ် ကတော့ “ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ကျောင်းဆောက် လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ပါတယ်။ ဒေ၀ူး ကုမ္ပဏီက ကျောင်း ၃ကျောင်း လှူမယ်။ မလကျွန်း၊ စစ်တော၊ ဂုံးချိန် ၃ ကျောင်းဖြစ်ပါတယ်။ သံနဲ့ ဆောက်လုပ်ဖို့ ပြောတယ်။ ဒေ၀ူးကုမ္ပဏီက တာဝန် ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆောက်လုပ်မယ့် ကျေးရွာအုပ်စု ၃ခုက အုပ်ချုပ်ရေးမှူး တွေ တက်ရောက်ကြတယ်။ နောက်ပိုင်းမှာမှ ကျောင်းကို သံနဲ့ ဆောက်မှာကို သဘောမတူတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။
IMG_20150119_111019
ဆောင်းဟေမာန်ကုမ္ပဏီမှ လက်ထောက်မန်နေဂျာဦးသန်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ သံထည်ဖြင့် ဆောက်လုပ် နေသည်မှာ ဒေ၀ူးကုမ္ပဏီ၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဒေ၀ူး ကုမ္ပဏီက မလကျွန်းမှာ စာသင်ကျောင်းဆောက်ဖို့အတွက် လှူတာဖြစ်တယ်။ ဒေ၀ူး ကုမ္ပဏီက သံနဲ့ဘဲ ဆောက်ခိုင်းတာပါ။ ရွာသားတွေက ဒေသ ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်တာဖြစ်ပါတယ်။  ကျနော်တို့က ဒေ၀ူး ကုမ္ပဏီရဲ့ ညွန်ကြားချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ ကျနော်တို့ နဲ့မဆိုင်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရွာသားများ၏ ကန်ကွက်မှုကြောင့် ကျောင်းဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းထားရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နေစရာမဲ့ဖြစ်နေကြသော ရခိုင်ဒေသခံများ အိမ်ခြံမြေရရှိရေးတွက် ဆန္ဒဖေါ်ထုတ်

image-f848ddc4acdb579ff6a912d3b3af9f9fab157216bbef5b8331d506a3804ab3af-V
ရခိုင်မြေပေါ်တွင် မွေးဖွားကြီးပြင်းပြီး ရခိုင်မြေပေါ်တွင် နေစရာမဲ့နေကြသော သံတွဲမြို့နယ်မှ အိမ်ခြံမဲ့သူများသည်  ဇန်န၀ါရီလ ၁၉ ရက်နေ့က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ကာ အိမ်ခြံမြေ ရရှိရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။
သံတွဲမြို့နယ် ဂျိတ္တောကျေးရွာတွင် အိမ်ထောင်စု ၁၁၈၁ စု၊ စုစုပေါင်းလူဦးရေ ၆၀၀၀ ခန့်သည် နေစရာ မရှိဘဲ အိမ်ခြံမဲ့ဖြစ်နေကြရသည့်အတွက် နိုင်ငံတော် အကြီးအကဲများ သိရှိနိုင်အောင် ရည်ရွယ်ပြီး ဆန္ဒပြပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ပါဝင်ခဲ့သူ လူမှုအကျိုးဆောင် ဦးကျော်သိန်းနိုင်က ပြောသည်။
“ကျွန်တော်တို့ ဒီမှာ လာရောက်လုပ်ကိုင် စားသောက်နေကြတာဟာ ၁၀ နှစ်မှ နှစ် ၄၀ ထိ ရှိနေကြပါပြီ။ အိမ်ခြံမြေ မရှိတဲ့ အတွက် သူများအိမ်တွေမှာ ငှားရမ်းပြီး နေရပါတယ်။ အိမ်ငှားခက တလကို အနည်းဆုံး ၂၀၀၀၀ ကျပ်ကနေ ၄၀၀၀၀ ကျပ်ထိ ရှိပါတယ်။ နှစ်အတွက် ငှားရင်တော့ ၂ သိန်းကနေ ၄ သိန်းထိ ပေးနေရပါတယ်။ မြေ ၁ ဧကကို အနည်းဆုံး ကျပ်သိန်း ၅၀၀ ကနေ ကျပ်သိန်း ၁၀၀၀၀ ထိ ရှိနေတော့ ၀ယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒါကြောင်း ဒီလို ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မြေနေရာ အများအပြားမှာ ယခင်စစ်အစိုးရ လက်ထက်က အာဏာရှိသူများက သိမ်းယူ ထားပြီး တချို့မြေများကို ယင်တို့နှင့် နီးစပ်သူများက ၀ယ်ယူထားသဖြင့် သာမန် ဒေသခံများအတွက် အိုးအိမ်ထူထောင်ရန် မြေမဲ့နေကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ဂျိတ္တော ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုသည်။
ယင်းဂျိတ်တော ဒေသခံများ သည် အဓိက ပယ်လယ်ပြင်ကို အမှီပြုလုပ်ကိုင် စားသောက် နေထိုင်ကြသူများဖြစ်ကြသည်။ ယခုအခါ သံတွဲမြို့နယ် ပင်လယ်ကမ်းခြေများကိုသာမက တောင်များကိုလည်း အာဏာရှိသူများနှင့် ဒေသပြင်မှ စီးပွားရေး သမားများက နည်းအမျိုးမျိုးဖြင့် ပိုင်ဆိုင် ထားကြသဖြင့် တောင်ယာနှင့် ဥယျာဉ်စိုက်ပျိုးရေးကိုလည်း လုပ်ကိုင်၍ မရကြောင်းသိရသည်။
ဆန္ဒပြရာတွင် ပါဝင်သူများသည် (၁) ရခိုင်ပြည်နယ်မှာ ရခိုင်သားများ နေစရာမရှိပါ၊ (၂) ဦးသိန်းစိန် အစိုးရ အိမ်ခြံမြေ ဖေါ်ဆောင်ပေးပါ၊ (၃) ခရိုနီ ပပျောက်ရေး ဒို့အရေး၊ (၄) အိမ်ခြံမြေရရှိရေး နှောက်ယှက်သူ ငါတို့ရန်သူ၊ (၅) ခြေသလုံးအိမ်တိုင် ဖြစ်နေတာ မမြင်ဘူးလား၊ (၆) တိုင်းတပါးသား အိမ်ယာမြေပိုင်ဆိုင်မှု အလိုမရှိ၊ (၇) ရခိုင်ပြည်ကို ချစ်တယ်ဆိုရင် ရခိုင်သားကို အလေးထား၊ (၈) ဆင်းရဲသား ပပျောက်ရေး ကူညီပေးပါ၊ (၉) ဘာသာခြားများ နယ်ချဲ့လာ မြန်မာပြည်မှာ စိုးရိမ်စရာ၊ (၁၀) အိမ်ခြံမြေရရှိရေး ချချင်းဆောင်ရွက်ပေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
ဂျိတ္တောရွာတွင် ရခိုင်ပြည်နယ်အရပ်ရပ်မှ လာရောက်နေထိုင်သူများနှင့် ဒေသခံဂျိတ်တော နေသူများ အတွက် အိမ်ခြံမဲ့များအား နေရာချထားပေးရေး အဆိုကို လာမည့်ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းရန် စီစဉ်ထားကြောင်း မြေပုံမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ဝင်းက ပြောသည်။
ဆန္ဒပြသူများသည် ဂျိတ္တောမှ မြပြင်ဟိုတယ်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး လူအင်အား ၈၀၀ ခန့် ပါဝင်ကြောင်းသိရသည်။
ဆန္ဒပြပွဲကို အိမ်ခြံမဲ့ဖြစ်နေသူများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
image-132decf5062714c5e88ffe867e36d5f9d985b1f5070621519185ab6eff0a57fe-V
ဆန္ဒပြပွဲကို မွန်းတည့် ၁၂ နာရီတွင် စတင်ပြီး မွန်းလွဲ ၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲကို ဒေသဆိုင်ရာ အာဏာပိုင်များ ခွင့်ပြုချဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ရခိုင်ပြည်နယ်အရပ်ရပ်မှ ရခိုင်ပြည်သူများ ဂျိတ္တောတွင် လာရောက်လုပ်ကိုင် စားသောက်ကြရခြင်းမှာမိမိတို့ ဒေသတွင်အလုပ်အကိုင်ရှားပါး၍ ဖြစ်ပြီးရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတ ပေါကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ဖြစ်နေသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြန်လည်နေရာချထားရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်မှာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းဖြစ်ကြောင်း လေ့လာ သိရှိရသည်။
သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးကမူ အထက်ကို တင်ပြပြီး ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လမ်းပေါ်ထွက်ဆန္ဒပြသည်မှာ ခြေပူ၊နေပူရုံသာရှိပြီး ဘင်္ဂါလီကိုရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးပါက မြန်မာပြည်သူတစ်ရပ်လုံး ရင်ပူရမည်ဟု ဦးဝီရသူမိန့်ကြား

DSCN8645
ဘင်္ဂါလီကိစ္စကြောင့် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြရသဖြင့် မိမိတို့တတွေမှာ ခြေပူရုံ၊ နေပူရုံသာရှိမည် ဖြစ်ပြီး ဘင်္ဂါလီဆိုသည့် ပုဂ္ဂိုလ်များက ရိုဟင်ဂျာအမည်ဖြင့် သူတို့တောင်းဆိုနေသည်ကိုရသွားလျှင် မိမိတို့ပြည်သူတစ်ရပ်လုံးမှာ ရင်ပူရမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂညီလာခံ၏ ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဆရာတော် ဦးဝီရသူ ထိုသို့ မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆရာတော်က “ကမ္ဘာ့မြေပုံထဲကနေ မြန်မာ့မြေပုံကိုပျောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားနေတာက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလိမ်တွေ၊ အဲဒီဘင်္ဂါလိမ်တွေ ကုလသမဂ္ဂရုံးခန်းထဲ၊ ရုံးခန်းစားပွဲပေါ်ထိ ဒီလောက် အတင့် ရဲလာအောင် မြှောက်ပင့် ပေးနေတဲ့သူတွေကတော့ လောက်ကောင်တွေပါပဲ။ အဲဒီလောက်ကောင်တွေဟာ မစင်တွင်းထဲက လောက်ကောင်တော့ မဟုတ်ဘူး။ အသားထဲက လောက်ကောင်တွေပဲ။ အဲဒီလောက်ကောင်တွေဟာ တစ်မျိုးသားလုံးကို သစ္စာဖောက်ရုံတင်မက ဘူး။ မြန်မာပြည်ကြီးကိုပါ ဒေါ်လာနဲ့ရောင်းစားဖို့လုပ်နေတာ”ဟု မိန့်ကြားခဲ့သည်။
ယခုအခါ ကမ္ဘာကုလသမဂ္ဂမှာ အင်္ဂလိပ်လိုခေါ်ဆိုသော United Nations မဟုတ်တော့ဘဲ United Muslims ဖြစ်သွားပြီဟု ဆရာတော်က ဆိုသည်။
“United Muslim မူဆလင်သမဂ္ဂပါ။ အဲဒီမှာ ဌာနပေါင်းစုံရှိတယ်။ ဌာနပေါင်းစုံကို လိုက်ကြည့်လိုက်။ ငွေမကြိုက်တဲ့လက် တစ်ကောင်မှ မပါဘူး။ အရက်မငတ်တဲ့ပါးစပ် တစ်ပေါက်မှ မပါဘူး။ အဲဒီ အရက်နဲ့ငွေကို ရေကြိုသောက်ပြီး တော့ တို့နိုင်ငံကိုရောင်းစားတဲ့ အခြေအနေမျိုး တို့လက်ခံ နိုင်မလား”ဟု ဆရာတော်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံရှိဘင်္ဂါလီများကို ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရခိုင်တိုင်းရင်းသားများ အပါအ၀င် မြန်မာတိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူပေါင်း ၅၀၀ ခန့်က ဇန်န၀ါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ လူအုပ်ကြီးသည် နေ့လယ် ၁ နာရီမှစတင်ကာ ရန်ကုန်မြို့၊ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်း ဘုရားကြီးအနီးတွင် စုဝေးခဲ့ကြပြီး ယင်းမှတဆင့် တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ရခိုင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦးက  “မစ္စယန်ဟီးလီက တရားမဝင် ခိုးဝင်လာတဲ့ သူတွေကို နိုင်ငံသားဖြစ်ခွင့်တွေ၊ လူ့အခွင့်အရေးအရ အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ကိစ္စတွေကျတော့ဒါကတော့ နိုင်ငံတကာမှာလည်းမရှိဘူး။ ဘယ်တိုင်းပြည်မှာမှမရှိဘူး။ ဒီလိုမျိုး သူတို့ရဲ့ဖိအားပေးမှုက အကြမ်းဖက်မှုကို ဆွပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့မြင်တယ်” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
ယခုဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် ဆရာတော် များဖြစ်ကြသော မန္တလေးမြို့မှ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၊ ရန်ကုန်မှ မကွေးကျောင်းဆရာတော် ဦးပါမောက္ခစသည့် သံဃာတော်များအပါအဝင် သီလရှင်များနှင့် အခြား ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။
DSCN8647
“မြန်မာ့ပြည်တွင်းရေး ပဋိပက္ခဖြစ်ပေါ်စေရန်ဖန်တီးနေသော ကုသလမဂ္ဂ၏ ဆုံးဖြတ် ချက် အလိုမရှိ”၊ “ခိုးဝင် ဘင်္ဂါလီများအား လူမျိုးအတုအယောင်အမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အား လုံးဝ ကန့်ကွက်သည်”၊ “တိုင်းရင်းမျိုးနွယ်ကို လုပ်ကြံ၍ မရ”၊  “Ethnicity can’t be fabricated”၊ “Supporters of Rohingya are our enemy ”၊ “ကုလသမဂ္ဂနှင့် မစ္စယန်ဟီးလီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါ၊ ပဋိပက္ခကို မဖန်တီးပါနှင့်”၊ “တိုင်းရင်းမျိုးနွယ်စုကို ဖန်တီး၍ မရနိုင်”၊ “ဘန်ကီမွန်းနှင့် ရန်ဟီးလီ တောင်နှင့် မြောက် ပေါင်းစည်းရေး ကြိုးပမ်းပါ၊ ကျုပ်တို့ တိုင်းပြည်(မြန်မာ)အတွင်းမှာ ပဋိပက္ခဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး မလုပ်ပါနဲ့” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင်ကာ လူအုပ်ကြီးက ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ယင်းအပြင် ဆန္ဒပြသူများသည် “ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့်ပြု ခြင်းမှ ပယ်ဖျက် ပေးရေး ဒို့အရေး”၊ “တိုင်းရင်းသား ၁၃၅ မျိုးတွင်ထပ်တိုးမည့်အကြံ ဒို့လက်မခံ”၊ “ခိုးဝင် ဘင်္ဂါလီ များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလ သမဂ္ဂရဲ့ဆုံးဖြတ်ချက် ချက်ချင်းရပ်”၊ “နိုင်ငံသား ဥပဒေအရ ခိုးဝင်ဘင်္ဂါလီများအား အရေးယူရေး ဒို့အရေး ”စသည့် စာသားများကိုလည်း လမ်းတစ်လျှောက် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လမ်းလျှောက်ဆန္ဒပြလာသည့် လူအုပ်သည် ယင်းတို့ဦးတည်ရာ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ဟစ်တိုင်ကွင်းတွင် ဟောပြောခြင်းများကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြသည်။
ယခုဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပွဲ ပြီးဆုံး သွားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးရမည် ဖြစ်သည့် အပြင် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ မြေပုံတွင်ပြုလုပ်

DSC02203
တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်မှုများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဇန္န၀ါရီလ ၁၂ ရက်နေ့ကပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ပြခန်းများ ဖွင့်လှစ်ပြီး တက်လမ်းစီမံကိန်း၏ ဆောင်ရွက်မှုများကို ပြသ ထားခြင်း၊ အခြားစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများကလည်း သူတို့၏ လုပ်ဆောင်ချက်များကို  ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ပြခန်းများမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနပြခန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပြခန်း၊ ငါးလုပ်ငန်း ဦးစီးဌာနပြခန်း၊ အာရက္ခဖေါင်းဒေးရှင်းပြခန်း နှင့် Green Lives ပြခန်းတို့ဖြစ်သည်။
ကုန်စည်ပြပွဲ ပြိုင်ပွဲများအနေဖြင့် ဒေသထွက် ပန်းမာန်၊ စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလန်၊ ရွှေပုဇွန်ခြောက်နှင့် လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းတို့ဖြစ်သည်။
ယင်းအခမ်းအနားပြုလုပ်ရန်အတွက် အားလုံးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့မှုများကြောင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တက်လမ်းစီမံကိန်း Coordinator ဒေါ်ချယ်ရီစိုးက ပြောသည်။
“ဒီပွဲမလုပ်ခင် တက်လမ်းမိသားစု၊ မြို့ပေါ်အုပ်ချုပ်ရေးဌာနနဲ့ အခြားဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး အားလုံးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် အားလုံးဆင်ပြေချောမွေ့ခဲ့ပါတယ်”ဟု သူမကပြောသည်။
ယင်းအခမ်းအနားပြုလုပ်ရခြင်းမှာ တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ချပြရန်နှင့် ကောက်ရိတ်သိမ်းချိန်၌ ဒေသခံ လယ်သမားများ အနေဖြင့် ၄င်းတို့စိုက်ပျိုးထုတ်လုပ်သော သီးနှံအရည်အသွေးကို  ပြသနိုင်ရန်ဖြစ်သည်ဟု တက်လမ်းစီမံကိန်း ဒါရိုက်တာ Marcel De Brune က ပြောသည်။
တက်လမ်းစီမံကိန်းကို IRC, Save the Children, OXFAN, Better Life နှင့် Care အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ဂီရိမုန်တိုင်းသင့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား ပေါက်တောရှိ ကျေးရွာပေါင်း ၂၁၄ ရွာ၌ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖန်တီးပေးခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန် အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
တက်လမ်းစီမံကိန်းအနေဖြင့် အဓိကထား အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လုပ်ငန်းများမှာ ဆန်စပါး စိုက်ပျိုးရေး၊ သစ်သီးဝလန်စိုက်ပျိုးရေး၊ ငါး ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ဂဏန်းဖမ်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းနှင့်ပတ်သက်၍ တံငှာလုပ်ငန်းလုပ်ကိုင်သူများကို ပစ္စည်းများထောက်ပံ့ပေးခြင်း၊ အစိုးရငါးလုပ်ငန်းဦးစီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပြီး နည်းပညာများကို ပံ့ပိုးပေးကာ ကျေးရွာ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးလာအောင် လုပ်ဆောင်ပေးနေကြောင်းသိရသည်။
စပါးခင်းများသို့ ဆားငန်ရေ မ၀င်ရောက်စေရန် ကာရီများဆည်ဖို့ပေးခြင်းများကိုပါ လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ယင်းသို့လုပ်ငန်းအကောင်အထည်ဖေါ်ရာ၌ ရန်ကုန်၊ စစ်တွေမှ ကန်ထရိုက်များကို မခေါ်ယူပဲ ဒေသခံကျေးရွာသားများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ကျေးရွာလူထု အတွက် အပို ၀င်ငွေများ ရရှိအောင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
DSC02157
တချိန်တည်း၌ တက်လမ်းစီမံကိန်းမှ အသေးစားငွေစု ငွေချေးလုပ်ငန်းများကို လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ကျေးရွာသားများ အနေဖြင့် မိမိတို့လုပ်ငန်းများမှ ရရှိသော ငွေများကို စုနိုင်သည့်အပြင်၊ မိမိတို့လုပ်ငန်းဆောင်ရွက်ရန်အတွက် အတိုးနှုန်းအနည်းငယ်ဖြင့် ငွေချေးနိုင်ကြောင်းသိရသည်။
ယင်းငွေစုငွေချေးလုပ်ငန်း၏ စီမံခန့်ခွဲမှုများကို ဒေသခံကျေးရွာများမှ အမျိုးသမီးများက စီမံခန့်ခွဲလုပ်ဆောင်လျှက်ရှိပြီး အမျိုးသမီးတို့၏ အရည်အသွေးများကိုမြှင့်တင်ပေးခြင်းအပြင် အမျိုးသမီးတို့၏ ပူးပေါင်းပါဝင်မှုကို အလေးထား လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်
“ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုကို အားလုံးဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲဒီ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာ နိုင်ငံတော်အစိုးရရော၊ ပြည်နယ်အစိုးရရော၊ သက်ဆိုင်ရာဌန အဖွဲ့အစည်းအသီးသီးကရော၊ အခုလို NGO, INGO အားလုံးနဲ့ ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းဝင်းကပြောသည်။
ရခိုင်ပြည်နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍလုပ်ကိုင်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ အခြားကဏ္ဍတိုးတက်ပြီး၊ လယ်ယာကဏ္ဍမတိုးတက်လျှင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးက ထပ်လောင်းပြောကြားသည်။
IRC အနေဖြင့် ဂီရိမုန်းတိုင်းသင့် မြို့နယ် ၄ မြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ်မှ စတင်လုပ်ဆောင်လျှက်ရှိပြီး တက်လမ်းစီမံကိန်းကို အခြားအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ စီမံကိန်းများ အကောင်အထည် ဖေါ်နိုင်ရန်အတွက် LIFT အဖွဲ့မှ ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။
လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းနှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသူ ၆၂ ယောက်ကို မွေးထုတ်ပေးထားပြီး၊ ယင်းမီးဖိုများကို သဲ၊ ကျောက်စရစ်၊ ဘဲလပ်မြေများကို အသုံးပြုကာ နာရီပိုင်းအတွင်း အပြီးအစီးပြုလုပ်နိုင်ပြီး၊ မီးဖိုတစ်လုံးကို ၅၀၀၀ ကျပ်စီဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲခြောက်ခုလုံးအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ပေးအပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ရခိုင်ရိုးရာအကဖြင့် တင်ဆက်ကပြသည့်အပြင် မြေပုံမြို့ရှိ ချင်းတိုင်းရင်းသူ၊တိုင်းရင်းသားများကလည်း ချင်းရိုးရာ အကဖြင့် တင်ဆက်ကပြခဲ့ကြသည်။
“ကျွန်တော့်အမက စိုက်ပျိုးရေးဌာနကဆိုတော့ စိုက်ပျိုးရေးကို ၀ါသနာပါပါတယ်။ ဒီနှစ်မှ စတင်စိုက်ပျိုးတာပါ”ဟု ပန်းမာန်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ၉ တန်းကျောင်းသား မောင်ပိုင်ထူးကျော်က ပြောသည်။
အခမ်းအနားကို နံနက် ၉ နာရီခန့်တွင် စတင်ပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ယင်းအခမ်းအနားသို့ မြို့ပေါ်နေ လူထုအပြင် မြေပုံမြို့နယ်ရှိ ကျေးရွာတစ်ရွာစီမှ ကိုယ်စားလှယ်  ၅ ဦးကျစီ တက်ရောက်ကြောင်းလည်း သိရသည်။ စုစု ပေါင်း လူ ၁၀၀၀ ခန့်တက်ရောက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နတ်မြစ်အတွင်း စိတ်ကြွဆေးပြားနှင့် လူ၎ ဦးကိုဖမ်း

Yaba-Tablets
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် နတ်မြစ်အတွင်း စိတ်ကြွဆေးပြား ၆၀၀၀ နှင့်အတူ ရခိုင်ပြည်ဖွား ဘင်္ဂလီ ၄ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။
ဇန်န၀ါရီလ ၁၃ ရက် အင်္ဂါနေ့ ညဥ့် ၁၀ နာရီခန့်တွင် နတ်မြစ်အတွင်း ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တစ်ဖွဲ့  စက်လှေတစ်စီးနှင့် ကင်းလှည့်နေစဉ် ယင်းယာဘား ဆေးပြားများနှင့် လူ ၄ ဦးကို လှေတစ်စီးဖြင့် သယ်ယူလာစဉ် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ယခုဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ တန်ဖိုးမှာ ကာလတန်ဖိုးအားဖြင့် ဘင်္ဂလားတာကာငွေ တစ်ကုဋေနှင့် သိန်း ၈၀ ဖိုးရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရော်ဘီအာလာမ် (၂၅) နှစ်၊ ဇာမာန် ဟောဆာန်း (၂၄)နှစ်၊ မိုလ်ဇီဘူလ္လာ(၂၀)နှစ်နှင့် ရော်ဖီလ် (၂၀)နှစ်တို့ ဖြစ်ကြောင်း ဘင်္ဂလာရဲ အရာရှိ တစ်ဦးကေ ပြာသည်။
ဖမ်းဆီးရမိသူများကို တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း တက်ကနက်အခြေစိုက် အမှတ် (၄၂) ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ထပ်မံ အတည်ပြု ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pb

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။
“ ကျွန်တော့်ကို ဦးအေးသာအောင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ရခိုင်အမျိုးသား ပါတီဆိုပြီး ဖိတ်တာပါ။ နောက်ထပ် ဘယ်သူတွေ ပါတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်ကို ဖိတ်တဲ့ အတွက် ကျွန်တော် အခု အစည်းအဝေးကို တက်ရောက်ဖို့ သွားနေပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ယင်းအပြင် ဖိတ်ကြားသည့် စာထဲတွင် အချက် (၃) ချက်ကို ဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အဓိကကတော့ ဖိတ်ကြားထားတဲ့ ဖိတ်စာထဲမှာအချက် ၃ ချက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ ပထမတစ်ချက် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး (ခ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့စပ်လျဉ်းပြီးတော့ အမျိုးသား သွေးစည်းညီညွတ်ရေး (ဂ) ၂၀၁၅ ရွေးကောက်ပွဲကိုလွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ရေး စတဲ့ အချက် သုံးချက်နဲ့ ဖိတ်တာပါ” ဟု ဆိုသည်။
ယခုဖိတ်ကြားရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်ကိုတော့ မဖိတ်ဘူးဗျာ။ ဘာကြောင့် မဖိတ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အစိုးရအဖွဲ့ တစ်ခုဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအာဏာပါ။ နိုင်ငံရေး ပါတီဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပြီးမှ ပေါ်ပေါက်လာတဲ့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့  တရားဝင် ခွင့်ပြုထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဖွဲ့စည်းပုံရှိတယ်၊ ဆိုတော့ အဖွဲ့စည်း တစ်ခုကို တစ်ခုကနေ အလေးအထားဖို့နဲ့ အပြန်အလှန်  respect ထားတတ်ဖို့တော့ လိုပါတယ်။ အခုတော့ အဲဒီသလို အစဉ်အလာမဲ့နေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ပါတီကို မဖိတ်ဘဲ လူပုဂ္ဂိုလ်ကိုယ်ကို ဖိတ်ကြားမှုသည် ပါတီကို ကိုယ်စား မပြုနိုင်သဖြင့် ပါတီကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ နိုင်ငံရေးပါတီလို့ သုံးလို့ရှိရင် နိုင်ငံရေးပါတီကို အလေးအနက်ထား ဖိတ်ကြားဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီကို အမည်တပ်ပြီး ပုဂ္ဂိုလ် ကိုသာ ဖိတ်ကြားရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ အခု  ဖိတ်ကြားမှုသည် ဦးအေးသာအောင်ကိုသာ ဖိတ်ကြားတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ သို့သော် အဲဒီ ဖိတ်ကြားမှုဟာ ပါတီကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ပါ” ဟု ဆိုသည်။
ယင်းပြင် ယခုတွေ့ဆုံပွဲသည် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ နောက်ပိုင်းတွင် ၁၂ ပွင့်ဆိုင် စသည်ဖြင့် အပွင့်နိုင်ငံရေး များလာရာမှ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။
“ကျွန်တော့်အနေနဲ့အခုအခင်းအကျင်းနဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲ ရောက်သွားပုံ ပေါ်တယ်။ ပြည်ထောင်စုလွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင်ကို အဆိုပြုပြီးခါမှအတည်မဖြစ်သေးခင်မှာလေးပွင့်ဆိုင်ဆိုတဲ့ဥစ္စာလေးက၂၀၁၃ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ အခုတခါ  ၁၂ ပွင့်လိုလို တိုင်းဒေသကြီး လွှတ်တော်ဘက်က အင်အားတစ်ခုနဲ့ အခင်းအကျင်း တစ်ခုအဖြစ် ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် ထင်ပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယခုတွေ့ဆုံမှုမှာ လက်ရှိအာဏာရသူများ၏ နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ခဲ့လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ရခိုင်အမျိုးသားပါတီအားလည်း ကစားကွက်ထဲ ဆွဲခေါ်လာပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ ယခု နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီ အားသော်လည်းကောင်း၊ ယင်းပါတီ၏  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း မဖိတ်ကြားဘဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် တစ်ဦးတည်းကို သီးသန့် ဖိတ်ကြားခြင်းကြောင့် ရခိုင်အမျိုးသားပါတီရှိ ခေါင်းဆောင်မှု အကြား နားလည်မှု လွဲမှားနိုင်သည်သာမက  တစ်ဘက်နှင့် တစ်ဘက် အားပြိုင်မှုများ ပေါ်ပေါက်လာကာ ပါတီတွင်း ညီညွှတ်ရေးကို ထိခိုက်နိုက်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ယခုကဲ့သို့ အခြေအနေကို နားလည်ပါလျက် ရခိုင်အမျိုးသားပါတီကို မဖိတ်ကြားဘဲ လူပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းသည် နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခုခုပါဝင်နိုင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရန်ကုန်အပြန်ခရီးတွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြ

image-0311ab207a6193812608b6ff25c0947a02de928983e1709bbf83602871794287-V
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃ နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။
ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့ ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ရခိုင်ပြည်နယ်ရှိ နှစ်ဘက်လူ့အဖွဲ့နှစ်ရပ်ပဋိပက္ခများဆက်လက်မဖြစ် ပွားစေလိုလျှင် မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီးအစီရင်ခံစာရေးသားရာတွင် ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြားခဲ့ကြကြောင်းလည်း သိရသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်းအဝိုင်းများနှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုလ အထူးကိုယ်စားလှယ်ရဲ့ လူမျိုးစုနှစ်ခု အတူယှဉ်တွဲနေထိုင်ရေးကမ်းလှမ်းချက် မြေပုံဒေသခံတို့ လက်မခံ

image-e9270041ed6d99f3a52ba8e53e8e4899186d2844241b760582baa4009f255f6
ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ ဇန်ဝါရီလ ၈ ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြေပုံမြို့ရှိ နှစ်ဘက်လူ့ အသိုင်းအဝိုင်းနှင့်တွေ့ဆုံခဲ့ပြီး အတူ ယှဉ်တွဲ နေထိုင်မည့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း သူမနှင့်တွေ့ဆုံခဲ့ သူများထံမှ သိရသည်။
သူမသည် ယနေ့နံနက်ပိုင်းက မြေပုံမြို့တွင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဧည့်ရိပ်သာ၌ မြေပုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် မြို့မိမြို့ဖ အချို့တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“သူက ရခိုင်ပြည်မှာ ဒီလူမျိုးစုနှစ်ခု ဘာကြောင့် အတူမနေနိုင်ရတာလဲလို့လည်းမေးတော့ ရခိုင်ပြည်မှာ မနေ့တနေ့က နှစ်ဘက် သတ်ဖြတ်ထားကြတယ်၊ အချင်းချင်း နေအိမ်တွေကို မီးရှို့ထားကြတယ်၊ ဒါကို ဒီကနေ့ ချက်ချင်း အတူနေပေးပါဆိုလို့ရမလား။ လူကြီးမင်းတို့ ကိုရီးယား နိုင်ငံမှာတောင် တောင်နဲ့မြောက် မပေါင်းစည်း နိုင်တာ နှစ်ပေါင်း ၇ဝ ကျော်နေပြီ။ ကျွန်တော်တို့မှာ ၂ နှစ်အတွင်း ဘယ်လိုလုပ် ယှဉ်တွဲနေလို့ရမှာလဲလို့ ပြန်ဖြေလိုက်တယ်”ဟု သူမနှင့်တွေ့ဆုံခွင့်ရခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
မစ္စယန်ဟီးလီအနေဖြင့် မြေပုံမြို့တွင်ဆောင်ရွက်နေသည့် နိုင်ငံသားဖြစ်ခွင့်စိစစ်ရေးဆောင်ရွက်ချက် အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။
“ဘင်္ဂါလီတွေကို နိုင်ငံတကာက ရိုဟင်ဂျာဆိုပြီးပြောဆိုသုံးနှုန်းနေတဲ့အတွက်ကြောင့် နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်တဲ့ လုပ်ငန်းဟာ အချိန်ကြန့်ကြာနေရတယ်လို့ ပြန်ပြောလိုက်တယ်။ နောက်ပြီး လူကြီးမင်းအနေနဲ့ ဒီအခြေအနေ တွေကို အစီရင်ခံစာရေးတဲ့အခါ မျှမျှတတရေးပေးဖို့တောင်းဆိုတော့ သူမက ဟုတ်ကဲ့ပါ။ ကျွန်မရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး နောက်ထပ် ဆူပူမှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံးကြိုးစားရေးပေးပါ့မယ်လို့ ကတိခံခဲ့တယ်”ဟု ဦးဖေသန်းက ယန်ဟီးလီ၏ပြောဆိုချက်ကို ပြန်ပြောင်းပြောသည်။
ယန်ဟီးလီသည် ဦးဖေသန်းတို့နှင့် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး နေ့လယ် ၂ နာရီအချိန်တွင် သူမသည် မြို့တွင်းရှိ ဘင်္ဂါလီဒုက္ခစခန်းဖြစ်သော တောင်ပေါ်ဒုက္ခသည် စခန်းသို့သွားရောက်ကာ စခန်းတွင်းရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။
ယန်ဟီးလီသွားရာလမ်းတွင် မြေပုံမြို့မှ အမျိုးသမီးကွန်ရက်အဖွဲ့ဝင်အချို့က “သမိုင်းလိမ်ညာ ရိုဟင် ဂျာ မြန်မာပြည်မှာလုံးဝမရှိ”၊ “ကိုးရီးယား တောင်နှင့်မြောက်ကိုပေါင်းစည်းနိုင်အောင်လုပ်မှ ရခိုင်ပြည်မှာလည်း လူမျိုးစု နှစ်ဘက်ပေါင်းနိုင်အောင် လုပ်ပါ” ဟူသည့် စာသားပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါဗီနိုင်းဆိုင်းဘိုးများကို ရဲတပ်ဖွဲ့က ဆွဲယူဆုတ်ဖြဲပစ်သည့်အတွက် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ရုန်းရင်း ဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
“ဝန်ကြီးချုပ်နဲ့ သမ္မတကြီးကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပြီးသားလေ။ ဒါကို ကျွန် မတို့ ပြည်သူတွေကော ပြောခွင့် မရှိတော့ဘူးလား။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်က တော်တော်အရုပ်ဆိုးစေပါတယ်။ ကျွန် မတို့ကိုလည်း လူတွေအလယ်မှာ အရှက်ရစေတယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးကွန်ရက်မှ ဒေါ်ခင် သိန်းက နိရဉ္စရာသို့ပြောသည်။
ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ဆန္ဒပြသူများအနေဖြင့် ယန်ဟီးလီလိုက်ပါလာသည့်ကား အနီးတွင် ယန်ဟီးလီကို “ယန်ဟီးလီ Get Out”  ဟု ဝိုင်းဝန်းဟစ်အော်ခဲ့ကြသည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဘင်္ဂါလီဒုက္ခသည်စခန်းသို့သွားရောက်အပြီး ညနေ ၄ နာရီခန့်တွင် မြေပုံမှတဆင့် စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သူမသည် ဇန်နဝါရီလ ၁ဝ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေရှိ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက် စစ်တွေရှိ နှစ်ဘက်ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)