Thursday, January 29, 2015

အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ စစ်တွေတွင် ကျင်းပ

အထက အာစရိယ ပူဇော်ပွဲ
အထက (၂)အာစရိယ ပူဇော်ပွဲ
နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားတစ်ခုကို ဇန်န၀ါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်ရှိ အထက (၂) တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ် နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၂) နှင့် ရန်ကုန်မြို့တွင် ဓည၀တီ ရခိုင်ဘုန်းတော်ကြီးကျောင်း၌ နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးအနက် ၄၀ ဦးက လာရောက်အပူဇော်ခံယူခဲ့ပြီး၊ ရန်ကုန်မြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးရှိရာ ၄၃ ဦးက လာရောက်အပူဇော်ခံခဲ့ကြကြောင်း သိရသည်။
ထိုသို့ပူဇော်ရာတွင် အသက် ၇၀ မှအထက်ကို ၁၈၀၀၀၀ ကျပ်၊ ၆၉ နှစ်နှင့်အောက်ကို ၁၅၀၀၀၀ ကျပ် ပူဇော်ခဲ့ကြကြောင်းသိရှိရသည်။ စစ်တွေမြို့တွင် စုစုပေါင်းကောက်ခံရှိငွေ ၁၀၂-သိန်းကျော်ရှိပြီး၊ ရန်ကုန်မြို့တွင် သိန်း ၁၂၀ ကျော် ရှိကြောင်း သိရသည်။
ဆရာ ဆရာမများသည် ကောင်းသုံးကောင်းနှင့် ပြည့်စုံဖို့ လိုအပ်သည်ဟု ဆရာဦးကျော်အေးက အပူဇော်ခံ ဆရာ ဆရာမ များကိုယ်စား ပြောကြားခဲ့သည်။
“ဆရာ ဆရာမ တွေဟာ ကောင်း ၃ ကောင်းနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။ (၁) မိမိကိုယ်ကို ကောင်းအောင်နေ၊ ကောင်းအောင်စီမံ၊ စိတ်ချမ်းသာအောင် နေနိုင်ဖို့အတွက် မိမိဝါသနာပါတဲ့ဟာ တစ်ခုကို လိုက်လုပ်ပြီး အနားယူကာ ကျန်းမာရေးကောင်းအောင် လုပ်ရပါမယ်။ (၂) မိမိလုပ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး အလုပ်ကိုကြိုးစားကာ အောင်မြင်မှုတစ်ခုရအောင် လုပ်ရပါမယ်။ (၃) စိတ်ကောင်းထားပြီး သူများကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်ရပါမယ်” ဟု ဆရာဦးကျော် အေးက ပြောသည်။
အပူဇော်ခံ ဆရာမ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်မြသန်းရွှေကလည်း “ဒီနေ့ ဆရာမ မသေသေးလို့ ကိုယ့်တပည့် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ပြန်ဆုံရတာ ရေထိပန်းလို လန်းဆန်းသွားပါတယ်။ မိုးရာသီမှာ အမိုးအကာ မလုံလို့ ထီးဆောင်းပြီး စာပြခဲ့ရတာကိုလည်း အမှတ်ရနေပါသေးတယ်”ဟု ပြောသည်။
စစ်တွေမြို့ အထက (၂) တွင် (၇၅-၇၆) ခုနှစ်က ဆယ်တန်းအောင်ခဲ့သူ ကျောင်းသားဟောင်း ဦးကျော်သန်းလှိုင်ကလည်း သူနှင့် ကျောင်းတက်ဘက် ဗွီဒီယို ကင်မရာဆရာ တစ်ဦးတည်းကိုသာ တွေ့ရပြီး ကျန်သည့် သူငယ်ချင်းဟောင်း တစ်ယောက်ကိုမျှ မတွေ့ရ၍ စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားသည်။
မိမိ၏ ကျောင်းသူကျောင်းသား ဟောင်းများနှင့် ပြန်ဆုံခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း မီဇံရပ်ကွက် မူလတန်းကျောင်တွင် စာပြနေသော မပန်းဦးသဇင်ဝေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အထက (၂) ကျောင်းသည် အတန်းပညာကိုသာမက မိမိအတွက် အသက်မွေးဝမ်းကျောင်း ပညာအတွက်ပါ အထောက်အပံ့ရစေခဲ့သည်ဟု အထက (၂) ကျောင်းသူဟောင်း ANP ပါတီ ဒုဥက္ကဌ ဒေါ် အေးနုစိန်က ပြောသည်။
SHS-2--1
“အထက (၂) မှာ ၅ တန်းကနေ ၁၀ တန်းထိ နေခဲ့ပါတယ်။ စာပေ၀ါသနာကို အရောင်တင် ပေးခဲ့ပါတယ်။ စာစီစာကုံး ဟောပြောပွဲ ပြိုင်ပွဲတွေကို ကျောင်းတွင်း၊ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပြီး ပထမ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒီကျောင်းက စာရေးဆရာတွေ အများကြီး မွေးထုတ်ပေးခဲ့ပါတယ်။ မိမိအတွက် အတန်းပညာသာမက အသက်မွေးဝမ်းကျောင်းအတွက်ပါ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အသက်ရှင်နေသမျှ ဒီကျောင်းကြီးကို မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မိမိကာတွန်းဆရာဖြစ်အောင် ဆရာမောင်သန်းအေးက နည်းပြ တိုက်တွန်းခဲ့ကြောင်း ပန်းချီ၊ ကာတွန်း ၀င်ပြိုင်ခဲ့ရာမှ ကာတွန်းဆရာ တစ်ယောက်ဖြစ်လာကြောင်း ကိုတက်သစ်အောင်က ပြောသည်။
အာစရိယ ပူဇော်ကန်တော့ပွဲကို မွန်းလွဲ ၁ နာရီကျော်တွင် စတင်ပြီး၊ ညနေ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း၊ အခမ်းအနားသို့ လူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်အဆိုတော် ကိုမောင်ကိုကို၊ မချိုချိုနှင့် အထက (၂) မှ ၈ တန်းကျောင်းသူ အဆိုတော် မဒိုးကလေးတို့ကလည်း ဆရာ ဆရာမ များအားဂုဏ်ပြု သီချင်းများ သီဆို ဖျော်ဖြေခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

No comments: