Friday, July 26, 2013

ကယ်ဆယ်ရေးစခန်း အရည်အသွေး စစ်ဆေးရေး အဖွဲ့အား ရိုက်နှက်ခဲ့သည့် တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိသေး

စစ်တွေမြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများ ဆောက်လုပ်ရာတွင် ကန်ထရိုက်ပေး ဆောက်လုပ်ခြင်းအား အရည်အသွေး စစ်ဆေးရေးအဖွဲ့ Quality Control (Q.C) မှ အဖွဲ့ဝင် အချို့အား ဘင်္ဂါလီများက အုပ်စုဖွဲ့ သတ်ပုတ် ရိုက်နှက်ခြင်းအပေါ် အမှုဖွင့် အရေးယူ ထားသော်လည်း တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်က စစ်တွေခရိုင် အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီးသော (၁၄) ဦးပါ အဖွဲ့သည် မော်တော်ယာဉ် နှစ်စီးဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ စစ်တွေမြို့နယ်၊ ဘောဒူဖ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ ပြီး ဦးကိုကိုအောင် ဦးစီးအဖွဲ့နှင့် နတလဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့သည် ဘောဒူဖ ဒုက္ခသည်စခန်းရှိ ကုမ္ပဏီများမှ ဆောက်လုပ်ထားရှိသော အဆောက်အအုံများကို စစ်ဆေးနေစဉ် ဘင်္ဂါလီဒုက္ခသည် ၇၀ ဦးခန့်မှ ခဲများဖြင့် ပစ်ပေါက်သဖြင့် မြို့နယ်စာရင်း စစ်ရုံးမှရုံးအကူ ခိုင်မင်းထွန်း (၂၀) နှစ်၏ နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)၊ နတလဒုဦးစီးမှူး ဦးကျော်ဟိန်း (၂၅)နှစ်တွင် ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက် အသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့ စီးလာသည့် ဟွန်ဒါ ၁ခ/၅၈၉၇ ၏ ရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ရကာ လုံခြုံရေး တပ်ဖွဲ့မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး စစ်ဆေးရေး လုပ်ငန်းလည်း ပျက်ပြားခဲ့ရကြောင်း သိရသည်။
ယင်းသို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ(ပ)၁၆၅။ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂။ ၁၁၄ အမှုဖွင့်ထားပြီး တရားခံများအား ရှာဖွေလျက်ရှိကြောင်းနှင့် ဖမ်းဆီးထားသူ မရှိသေးကြောင်းလည်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ''ကျွန်တော်တို့ စခန်းမှာ အမှုဖွင့် ထားတာလောက်ပဲ ရှိတယ်။ ဖမ်းထားတာ မရှိသေးပါဘူး'' ဟု အမည်မဖော်လိုသူ ရဲဝန်ထမ်း တစ်ဦးက ဇူလိုင် ၂၄ ရက်က ဖြေကြားခဲ့သည်။
ဘင်္ဂါလီများသည် အစိုးရအဖွဲ့မှ စစ်ဆေးခြင်း အမျိုးမျိုးကို ပျက်ပြားအောင် လုပ်ဆောင်နေသည်မှာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် ဒုတိယအကြိမ် ဖြစ်ကြောင်းနှင့် ဆွဲ၊ တင် စစ် လူဦးရေစာရင်း ကောက်ခံရာတွင်လည်း လူအုပ်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံးမှုကြောင့် ဆေးရုံတက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ကျေးရွာသား ခုနစ်ဦးသည် ဇူလိုင် ၁၆ ရက်က ကျေးရွာ အရက်အရောင်းဆိုင်မှ ဘီအီး အရက်ဝယ်သောက်သုံးခဲ့ရာ သေဆုံးသူနှစ်ဦး၊ မူးဝေအော့အန်သဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျေးရွာနေ မောင်နီချေ (၅၀)နှစ် (ဘ)မောင်ကာလီ နေအိမ်မှ ရောင်းချသော ဘီအီးအရက်ကို သောက်သုံးခြင်းကြောင့် ဆိုင်ရှင်မောင်နီချေ အပါအ၀င် မောင်ဘလှိုင် (၄၇နှစ်)၊ ကျန်စောအောင် (၂၅ နှစ်)၊ ထွန်းတင် (၃၅ နှစ်)၊ ခင်ကျော် (၃၆ နှစ်) မောင်သန်းခင် (ခ) မောင်သန်းဝင်း (၂၄ နှစ်) တို့သည် ဇူလိုင် ၁၇ ရက်တွင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရပြီး မောင်သန်းခင်(ခ) မောင်သန်းဝင်းမှာ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် မောင်သန်းခင်(ခ) မောင်သန်းဝင်း၏ အစာအိမ် အရည်များကို ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့၍ ထင်မြင်ချက် တောင်းခံထားကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်ညက ပေါက်တောမြို့နယ်၊ ပိန္နဲချောင်း ကျေးရွာနေ ဦးခင်မောင်လှ (၅၀) နှစ်သည်လည်း အရက်ဝယ်ယူ သောက်သုံး၍ အော့အန်ပြီး ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီတွင် နေအိမ်၌ သေဆုံးခဲ့ကြောင်း၊ အမှုအား ပေါက်တောမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃။၂၀၁၃)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များအား ဇူလိုင် ၁၃ ရက်က စစ်တွေမြို့မဈေးကြီးရှိ ကြယ်လဆိုင်မှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ဆိုင်ပိုင်ရှင် ဦးမောင်သန်းကျော်(၃၅)နှစ် (ဘ) ဦးယိုင်သာအောင်အား စစ်တွေမြို့မ ရဲစခန်း နယ်ထိန်းအဖွဲ့က သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ဟိုက်ကလပ်ဝီစကီ ၁၂ လုံး၊ ရန်ကုန်ရမ် ၂၄ လုံး၊ တော့ပ်ဘရမ် ဒီ ၄၈ လုံး၊ အက်ဒမန်ဘီယာ ၄၈ လုံး၊ ဒါဘယ် စထရောင်ဘီယာ ၄၈ လုံး သိမ်းဆည်း ရမိခဲ့၍ ဇူလိုင် ၂၃ ရက်က စစ်တွေမြို့မ ရဲစခန်းတွင် (ပ)၁၇၂။၂၀၁၃၊ ယစ်မျိုးပုဒ်မ၃၀(က)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
ဦးမောင်သန်းကျော်အား စစ်ဆေးချက်အရ ယင်းဘီအီး အရက်ဆီများကို မြနှင်းအေးဆိုင်၊ မန်နေဂျာ မောင်လှထွန်းထံမှ ၀ယ်ယူပေးလိုက်ကြောင်း သိရှိရ၍ ဦးမောင်လှထွန်း (၄၆)နှစ်(ဘ) ဦးသာဖြူဆိုင်အား ဆက်လက် ရှာဖွေခဲ့ရာ ဘီအီးအရက်ဆီ ငါးဂါလံခန့်နှင့် ရေသန့်ဗူး သုံးဘူးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ဒုက္ခသည်စခန်း အဟောင်းများကို လေလံတင်ဒါဖြင့် ရောင်းချသွားရန်ရှိဟုဆို

7.25.21
ဒုံးတိုက်ကွင်း ဒုက္ခသည် စခန်းဟောင်းမှ ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်း အဟောင်းများတွင် ဒုက္ခသည်များ မရှိတော့သဖြင့် မကြာမီ ရက်ပိုင်းအတွင်း ဒုက္ခသည် စခန်းဟောင်းများကို လေလံတင် ရောင်းချသွား မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။
ယင်းဒုက္ခသည် စခန်းများမှာ ရဲနွယ်စု စခန်း၊ ဘောလုံးကွင်းစခန်း၊ မင်းဂံစခန်း၊ ဒုံးတိုက်ကွင်း စခန်းများနှင့် တိုးချဲ့စခန်းများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်းများမှ ဒုက္ခသည်များသည် ယခုခါတွင် မင်းဒြားချိတ်တွင် ဆောက်လုပ် ပေးထားသော လုံးချင်းနေအိမ်များသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ ယင်းအတွက် ဒုက္ခသည် စခန်းဟောင်းများအား ထိုသို့ရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။
စစ်တွေမြို့နယ်တွင်း ကယ်ဆယ်ရေး စခန်းများတွင် ရခိုင်တိုင်းရင်းသား လူနည်းစုများသာ လုံးချင်းနေအိမ်များသို့ ရောက်ရှိနေသေးပြီး ဘင်္ဂါလီများ အနေဖြင့် အများစုမှာ အိမ်ခန်းများသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း စခန်းဆောက်လုပ်ခြင်းများကို အနှောင့်အယှက် ပေးနေခြင်းများကြောင့် တချို့သော ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် အမိုးအကာအောက်သို့ မရောက်ရှိ သေးသော်လည်း ဇူလိုင်လကုန်တွင် အပြီးသတ် အမိုးအကာအောက်သို့ ရောက်ရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးမြအောင်က ''စခန်းဟောင်းတွေကို ရောင်းမှာတော့ ဟုတ်တယ်။ အခုလောလောဆယ်တော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါကြောင့် ဘယ်နေ့ရောင်းမယ် ဆိုတာ မသိသေးဘူး'' ဟု ပြောကြားသည်။ လက်ရှိအနေအထားတွင် ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရှိနိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့မှ အပူတပြင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘင်္ဂါလီများ၏ လူဦးရေစာရင်းကို ကောက်ခံသွားရန် ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ဓာတ်ငွေ့စီမံကိန်း နစ်နာမှုများ အတွက် ရခိုင်ဒေသခံများ တောင်းဆိုမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၂၀၁၂ ခု ဒီဇင်ဘာလအတွင်းက တွေ့ရသော မြှုပ်လက်စ ဂက်စ်ပိုက်လိုင်း (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

ရခိုင်ပြည်နယ်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တလျှောက်မှ အဓမ္မ သိမ်းယူထားသော လယ်မြေများအနက် လျော်ကြေးမရသေးသည် များအား လျော်ကြေး အမြန်ပေးရန်နှင့် ၎င်းတို့၏ အထွေထွေနစ်နာမှုများ အမြန်ဆုံး ဆောင်ရွက်ပေးရန် ကျေးရွာ ၂၀ ကျော်မှ ရခိုင်ဒေသခံများ က တောင်းဆိုမည်ဟု သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှ သိမ်းထားသော လယ်မြေများတွင် တန်ရာတန်ကြေး လျော်ကြေး မပေးသေးသည့် လယ်ဧက အများအပြားရှိသေး၍ အမြန်ဆုံးလျော်ကြေးပေးရေး၊ ပိုက်လိုင်းလမ်း တလျှောက်ရှိ ကျေးရွာများအတွက် ရွာချင်းဆက် လမ်းများဆောင်ရွက်ပေးရေးနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ယခု ရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဟု ကျောက်ဖြူ လူမှုကွန်ရက် အဖွဲ့မှ ဦးထွန်းလွင် က ဧရာဝတီ ကို ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်များကို ခရိုင်၊ မြို့နယ်အဆင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်ဂက်စ်ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) ကုမ္ပဏီတို့ထံ ပထမအဆင့် အနေဖြင့် တင်ပြ တောင်းဆိုရန် ကျောက်ဖြူဒေသရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများနှင့်ရခိုင်ဒေသ အခြေစိုက် လူမှုကွန်ရက် အဖွဲ့ တချို့က ဇူလိုင်လ ၂၂ ရက်နေ့တွင် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဦးထွန်းလွင် က“ကျနော်တို့ရဲ့ နစ်နာမှု၊ ရပိုင်ခွင့်တွေကို ဒီ ၃ ရက်လောက်အတွင်းမှာ တင်ပြတောင်းဆိုသွားမယ်၊ ၁၀ ရက်အ တွင်းမှာ တခုခု တုံ့ပြန်ဖို့လည်း တောင်းဆိုမယ်၊ ၁၀ ရက်အတွင်း တခုမှ အကြောင်းမပြန်ရင် ဥပဒေ ဘောင်အတွင်း က လုပ် သင့်တာတွေ ဆက်လုပ်သွားကြမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထို့အပြင် ကျောက်ဖြူ အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စသည့် နိုင်ငံရေးပါတီများထံလည်း တင်ပြသွားမည်ဟု သိရသည်။
ဒေသတွင်း လျှပ်စစ်မီး ရရှိရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် ဗဟိုအစိုးရ က ဒေသဆိုင်ရာ အာဏာပိုင်များကို လွှဲအပ်ထားကြောင်း၊ ထို့ကြောင့် ၎င်းတို့ထံ ပထမ အဆင့်အနေဖြင့် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မပေး ပါက သမ္မတနှင့် ဗဟိုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရ၊ လွှတ်တော် အသီးသီးတို့ထံလည်း တင်ပြသွားရန် အစည်းအဝေး၌ ဆုံးဖြတ် ခဲ့ကြသည်။
China National Petroleum Corporation (CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျေးရွာများမှ ဒေသခံများသည်လည်း ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအတွက် ပြီးခဲ့သည့် ဧပြီလအတွင်းက CNPC ရုံးသို့ လမ်းလျှောက်ချီတက်၍ အချက် ၉ ချက် ကို ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ရာ ပြေလည်မှု တချို့ရှိခဲ့သည်။ သို့သော် ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရား စွဲထား၍ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။ မဒေးကျွန်းတွင် ရွာ ၄ ရွာရှိပြီး လူဦးရေ ၃၀၀၀ ခန့်ရှိသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူတဦး ဖြစ်ပြီး မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးဆောင်ပေးနေသူ တဦးလည်း ဖြစ်သည့် ဦးထွန်းကြည် က “တောင်းဆို ချက်တွေက ကျေးရွာလမ်းတချို့ခင်းဖို့ လုပ်နေတယ်၊ လျှပ်စစ်မီးတိုင် တချို့လုပ်ဆောင်နေ တာ တွေ့ရပေမယ့် ထိထိရောက်ရောက် လုပ်ပေးတာ ဘာမှ မရှိသေးဘူး”ဟု ဧရာဝတီ ကို ပြောသည်။  ဦးထွန်းကြည်ကို ဆန္ဒပြရာတွင် ဦးဆောင်မှုဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုထားသည်။
ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းများအပြင် ၎င်းတို့နှင့်ဆက်စပ်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသ ခံများ၏ လယ်မြေသိမ်းမှု ပြဿနာများ၊ ဒေသတွင်း လမ်းများပျက်စီးသွားမှုများ၊ ပိုက်လိုင်း တလျောက်ရှိ လယ်မြေများ ပျက် စီးသွား၍  လုပ်ကိုင်မရတော့ခြင်း၊ သဘာဝ ပျက်စီးမှု ဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် ပြဿနာများကို ဖြေရှင်းပေးမှု မရှိသေးဘဲ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်နေပြီဟု CNPC က ပြောဆိုထားမှု အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကာ ပိုက်လိုင်းအတွင်း ဓာတ်ငွေ့များစတင် ဖြည့်တင်းနေကြောင်းဇူလိုင်လ၂၁ရက်နေ့ထုတ်အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။ CNPC ကမူ ယခု လ ၁၅ ရက် နေ့မှစတင်၍ ဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်နေပြီဟု ထုတ်ပြန်ထားသည်။
ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ မှ စတင်၍ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ် သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရခိုင်ဒေသအတွင်း ဂက်စ်ပိုက်လိုင်းသည် ရွာပေါင်း ၄၀ ၀န်းကျင် ဖြတ်သန်းသွားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ရခိုင်တွင် ဖျော်စပ် အရက်ဆီ သောက်၍ လူ ၄ ဦး သေဆုံးပြီး၊ ၁၀ ကျော် မူးမော်အော့အန်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းမှ ကျေးရွာတချို့တွင် ဖျော်စပ် အရက်ဆီများ သောက်သုံးသည့် လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်မှာ မူးမော်အော့အန်မှု ဖြစ်ပွားကြောင်း သိရသည်။

ပေါက်တောမြို့နယ် ဖရုံကာကျွန်း၊ ကြက်သရေရွာနှင့် ပိန္နဲချောင်းကျေးရွာတို့မှ ဦးသာစိန် (၅၆ နှစ်)နှင့်သားဖြစ်သူ ဦးမောင် သန်းဝင်း(၃၂ နှစ်)၊ ဦးလှထွန်းအောင် (၅၄ နှစ်)၊ ဦးခင်မောင်လှ (၄၉ နှစ်) တို့သည် ထို ဖျော်စပ် အရက်ဆီသောက်ရာမှ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ဆက်တိုက် သေဆုံးခဲ့ကြကြောင်း ဇူလိုင် ၂၁ ရက်ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြ ထား သည်။

သေဆုံးသူ တချို့သည် ကျေးရွာတွင် ဖျော်စပ်သည့် အရက်အဆီများအား သောက်သုံးခြင်း ဖြစ်ပြီး တချို့မှာ စစ်တွေမြို့မှ ၀ယ်ယူလာသော အရက်များကို ဖျော်စပ် သောက်သုံးရာမှ သေဆုံးခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။

ထို့အပြင် တခြားလူ ၁၀ ဦးကျော်မှာလည်း မူးမော် အော့အန်သည့် အတွက် စစ်တွေ ဆေးရုံ၊ ပေါက်တော ဆေးရုံတို့တွင် ကု သမှုခံယူရကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အရက်ရောင်းချသူ တချို့အား အရေးယူခြင်း၊ အရက်များကို သိမ်းဆည်း၍ ဓာတ်ခွဲ စမ်းသပ်နိုင်ရန် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

သိမ်းဆည်းရမိသည့် အရက်များတွင် လိုင်စင်မဲ့ ဟိုက်ကလပ် ၀ီစကီ ၁၂ လုံး၊ ရန်ကုန်ရမ် ၂၄ လုံး၊ တော့ပ်ဘရမ်ဒီ ၄၈ လုံး၊ အက်ဒမန် ဘီယာ ၄၈ လုံး၊ ဒါဘယ်စထရင်း ဘီယာ ၄၈ လုံး တို့လည်း ပါဝင်ပြီး စစ်တွေ မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း ပြည်နယ်အစိုးရ၏ သာစွဌာနေ ရခိုင်ပြေ လူမှုကွန်ရက် အင်တာနက် စာမျက်နှာ၌ ရေးသားထားသည်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးသည်လည်း ဘီအီးအရက်ဖြူ သောက်သုံးရာမှ စစ်တွေဆေးရုံကြီး၌ ကုသမှုခံယူခဲ့ရပြီး သေဆုံးသွားကြောင်း သတင်းသည်လည်း ရခိုင်အခြေစိုက် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ပြည်နယ်အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကမူ စစ်တွေ မြို့နယ် ရဲတပ်ဖွဲ့မှူး သေဆုံးသည့် သတင်းမှာ မမှန်ကန်ကြောင်း ငြင်း ဆို သည်။

(ဤသတင်းအား Rakhine Citizen Journalists ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

Thursday, July 25, 2013

မြဒေးကျွန်းအမှုတွင် တရားခံကို မည်သူဟုမသိဘဲ မြို့နယ်ရဲမှူးက စာရင်းအရတရားစွဲ

မြဒေးကျွန်းတွင် ဧပြီလ(၁၈)ရက်နေ့က ဒေသခံများ ဆန္ဒပြစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ ကန့်ကွက်မူကြောင့် တရားစွဲခံရသူ ရွာသားများကို တရားလို ဖြစ်သူ စခန်းမှူးက မည်သူ မည်ဝါဟု တိတိကျကျ မသိဘဲ စာရင်းအရ တရားစွဲဆိုထားသည်ဟု သတင်း ရရှိသည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင် စွဲချက်တင်စဉ် တရားခံ ရှေ့နေက တရားခံများကို သိပါသလားဟု မေးမြန်းစဉ် တရားလို စခန်းမှူးက တရားလို ၁၀ ဦးထဲတွင် ရှစ်ဦးကို မသိရှိဘဲ ဖြစ်နေသည်ဟု တရားစွဲခံထားရသူ မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။ “စွဲချက်တင်ပြီးလို့ ဇူလိုင်လ၁၈ရက်နေ့ ရုံးချိန်းမှာ ကျနော်တို့ရှေ့နေ ဦးထိန်လင်းက တရားလို ဖြစ်တဲ့ ကျောက်ဖြူမြို့နယ် ရဲမှူး ဦးကျော်ဌေးကို ကိုယ်တရားစွဲ ထားတဲ့တရားခံတွေအပေါ် အသေအချာ သိမသိ မေးတော့ တရားစွဲဆိုခံရသူ ၁၀ ယောက်မှာ ကျနော်နဲ့ နောက်တစ်ယောက်ကလွဲလို့ ကျန်တဲ့ ၈ယောက် ကို လူနဲ့ အမည်နာမ တွဲမရဖြစ်နေခဲ့တယ်” ဟု ပြောသည်။ ၄င်းဖြစ်ရပ်နှင့် ပတ်သက်၍ ရှေ့နေဦးထိန်လင်းအား မေးမြန်းကြည့်ရာ ၄င်းက“ ဖြစ်ရပ်မှာ အမှန်တကယ် ဟုတ်မှန်ကြောင်း” နိရဉ္ဖရာကို အတည်ပြုပြောဆိုခဲ့သည်။ “ ဥပဒေကြောင်းအရ ကျနော့် အမှုကို သုံးသပ်ရရင် ဆန္ဒဖော်ထုတ်ခွင့် တင်တဲ့သူ တွေကိုပဲ ခေါင်းဆောင်အဖြစ် ယတိပြတ် သတ်မှတ်ပြီးတော့ သူတို့ အမည်စာရင်းအရပဲ တရားစွဲဆိုတာ ဖြစ်ပုံရပါတယ်။ တရားခံတွေဟာ တကယ်ခေါင်းဆောင်သလားဆိုတာကို ဂဃနဏ မသိဘဲ တရားစွဲဆို လိုက်ပုံရတယ်”ဟု ဦးထိန်လင်းက သုံးသပ် ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ် CNPC ကုမ္ပဏီအား ဧပြီလ ၁၈ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှု ဖြင့် မြဒေးကျွန်းမှ ဒေသခံ ပြည်သူ ၁၀ ကို ကျောက်ဖြူမြို့နယ် ရဲမှူး ဦးကျော်ဌေးမှ တရားလို အဖြစ် ဆောင်ရွက်ကာ တရားစွဲဆိုထားသည်။ တရားဥပဒေ လုပ်ထုံး လုပ်နည်းအရ တရားစွဲဆိုသူသည် တရားစွဲခံရသူကို အမည်နှင့် လူကို သိရှိရန် လိုအပ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ အမည်နှင့် လူကို တွဲမသိဘဲ တရားစွဲဆိုခြင်းမှာ တရား ဥပဒေ ရှု့ထောင့်က ကြည့်လျှင် လုံးဝ မဖြစ်သင့်ဟု ဆိုသည်။ မြဒေးကျွန်းသား ၁၀ ဦးအား စွဲဆိုထားသည့် ပုဒ်မနှင့်ပတ်သက်၍ ပုဒ်မ ၁၈ ပြဋ္ဌာန်း ချက်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၃အရ ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ်ကိုခံယူရန် ဇွန်လ ၃ရက်နေ့တွင် ၄င်းတို့၏ ရှေ့နေက တရားရုံးသို့ လျှောက်ထားခဲ့ရာ မြို့နယ် တရားသူကြီး ဦးနေ၀င်းက ပယ်ချခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံ ခုံရုံး အဆုံးအဖြတ် ခံယူရန် လိုခြင်း လျှောက်လဲချက်နှင့်စပ်လျဉ်း၍ရှေ့နေဦးထိန်လင်းက ယခုလို ရှင်းပြသည်။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာ ပြောဆို စုဝေး၊ စီတန်း လှည့်လည်နိုင်တယ်လို့ ဆိုထားတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈မှာ ကျတော့ ခွင့်ပြု ချက် မပါဘဲ ဆန္ဒပြရင် ဖမ်းဆီး၊ တရားစွဲဆို၊ အရေးယူမယ်လို့ဆိုထားပြန်တယ်။ ဒီဥပဒေပြဋ္ဌာန်း ချက်နှစ်ရပ်ဟာ မရှင်းမလင်းဖြစ်နေလို့ ခုံရုံးအဆုံးအဖြတ်ကို ခံယူဖို့ တင်ပြခဲ့တာ ဖြစ်တယ်။ ဒါကို တရားသူကြီး ဦးနေ၀င်းင ပယ်ချခဲပါတယ်”ဟု ဆိုသည်။ မြဒေးကျွန်းအမှု၌ ကနဦးစွဲဆိုစဉ်က လိုပြသက်သေ ၁၅ ဦး ထိ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မြဒေးကျွန်း သားများ နှင့် ကျောက်ဖြူ ရပ်မိရပ်ဖ ၁၀ ဦးကို လိုပြ သက်သေအဖြစ်မှ ဖယ်ရှားပစ်ခဲ့သည်။ နောက်ထပ် ရုံးချိန်းကို လာမည့်ဇူလိုင်လ ၂၉ ရက်နေ့တွင် ဆင့်ခေါ်ထားသည်ဟု ရှေ့နေက ဆိုသည်။ အမှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဦးထွန်းကြည်က “ခွင့်ပြုချက်တင်တဲ့အခါမှာ သူတို့ ကိုယ်စား လုပ်ဆောင်ပေးခဲ့တာ မှန်ပေမယ့် ခွင့်ပြုချက် မပေးတဲ့အခါ ကျနော်တို့ မလုပ်ဖြစ်ခဲ့ဘူး။ တကယ်တမ်း ခွင့်ပြုမဲ့ဆန္ဒ ပြတဲ့အခါကျတော့ ၀ရုန်းသုန်းကား မဖြစ်ရလေအောင် ဆန္ဒပြသူတွေရဲ့ ဘေးကနေပြီး ထိန်းသိမ်းတဲ့ သဘောနဲ့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်ပေးခဲ့တယ်။ ဒါကိုကြည့်ပြီးတော့ ဆန္ဒပြခေါင်းဆောင်အဖြစ် တမင်ရည်ရွယ်ပြီးတော့ တံဆိပ် ကပ်ပေး လိုက်တာသာ ဖြစ်တယ်။ ကျနော်တို့ကတော့ တရားဥပဒေနဲ့အညီ အမှုကို ရင်ဆိုင်သွား မှာပါ” ဟု ရှင်းပြသည်။ ဧပြီလ ၁၈ရက်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး အပါအ၀င် တောင်းဆိုချက်များ ရရှိရေး အတွက် မြဒေးကျွန်းသားတို့က CNPC ကို ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့ရာ ဒေသခံ ၁၀ဦးကို မေလ ၆ရက်နေ့မှ စ၍ ကျောက်ဖြူမြို့နယ် တရားရုံး၌ပုဒ်မ(၁၈) အရ ရုံးတင် တရားစွဲခဲ့သည်။ လက်ရှိ ရခိုင်တပြည်နယ်လုံးတွင် ပုဒ်မ ၁၈ဖြင့်တရားစွဲခံထားရသူပေါင်း ၂၇ ဦးရှိနေပြီး၊ မဒေးကျွန်းCNPC ဆန္ဒပြမှုဖြင့် ၁၀ ဦး နှင့် နိုင်ငံသားမစီစစ်ဘဲ ဒုက္ခသည်များအတွက် အိမ်ရာဆောက်ပေးခြင်းအား ကန့်ကွက်ဆန္ဒပြမှုဖြင့် ၁၇ ဦးတို့ ပါဝင် ကြောင်းသိရသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး)