Friday, July 26, 2013

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံးမှုကြောင့် ဆေးရုံတက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ကျေးရွာသား ခုနစ်ဦးသည် ဇူလိုင် ၁၆ ရက်က ကျေးရွာ အရက်အရောင်းဆိုင်မှ ဘီအီး အရက်ဝယ်သောက်သုံးခဲ့ရာ သေဆုံးသူနှစ်ဦး၊ မူးဝေအော့အန်သဖြင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျေးရွာနေ မောင်နီချေ (၅၀)နှစ် (ဘ)မောင်ကာလီ နေအိမ်မှ ရောင်းချသော ဘီအီးအရက်ကို သောက်သုံးခြင်းကြောင့် ဆိုင်ရှင်မောင်နီချေ အပါအ၀င် မောင်ဘလှိုင် (၄၇နှစ်)၊ ကျန်စောအောင် (၂၅ နှစ်)၊ ထွန်းတင် (၃၅ နှစ်)၊ ခင်ကျော် (၃၆ နှစ်) မောင်သန်းခင် (ခ) မောင်သန်းဝင်း (၂၄ နှစ်) တို့သည် ဇူလိုင် ၁၇ ရက်တွင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရပြီး မောင်သန်းခင်(ခ) မောင်သန်းဝင်းမှာ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် မောင်သန်းခင်(ခ) မောင်သန်းဝင်း၏ အစာအိမ် အရည်များကို ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့၍ ထင်မြင်ချက် တောင်းခံထားကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်ညက ပေါက်တောမြို့နယ်၊ ပိန္နဲချောင်း ကျေးရွာနေ ဦးခင်မောင်လှ (၅၀) နှစ်သည်လည်း အရက်ဝယ်ယူ သောက်သုံး၍ အော့အန်ပြီး ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီတွင် နေအိမ်၌ သေဆုံးခဲ့ကြောင်း၊ အမှုအား ပေါက်တောမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃။၂၀၁၃)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များအား ဇူလိုင် ၁၃ ရက်က စစ်တွေမြို့မဈေးကြီးရှိ ကြယ်လဆိုင်မှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ဆိုင်ပိုင်ရှင် ဦးမောင်သန်းကျော်(၃၅)နှစ် (ဘ) ဦးယိုင်သာအောင်အား စစ်တွေမြို့မ ရဲစခန်း နယ်ထိန်းအဖွဲ့က သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ဟိုက်ကလပ်ဝီစကီ ၁၂ လုံး၊ ရန်ကုန်ရမ် ၂၄ လုံး၊ တော့ပ်ဘရမ် ဒီ ၄၈ လုံး၊ အက်ဒမန်ဘီယာ ၄၈ လုံး၊ ဒါဘယ် စထရောင်ဘီယာ ၄၈ လုံး သိမ်းဆည်း ရမိခဲ့၍ ဇူလိုင် ၂၃ ရက်က စစ်တွေမြို့မ ရဲစခန်းတွင် (ပ)၁၇၂။၂၀၁၃၊ ယစ်မျိုးပုဒ်မ၃၀(က)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
ဦးမောင်သန်းကျော်အား စစ်ဆေးချက်အရ ယင်းဘီအီး အရက်ဆီများကို မြနှင်းအေးဆိုင်၊ မန်နေဂျာ မောင်လှထွန်းထံမှ ၀ယ်ယူပေးလိုက်ကြောင်း သိရှိရ၍ ဦးမောင်လှထွန်း (၄၆)နှစ်(ဘ) ဦးသာဖြူဆိုင်အား ဆက်လက် ရှာဖွေခဲ့ရာ ဘီအီးအရက်ဆီ ငါးဂါလံခန့်နှင့် ရေသန့်ဗူး သုံးဘူးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: