Friday, August 30, 2013

တရုတ်-မြန်မာ ပိုက်လိုင်း ဆွေးနွေးပွဲတက်သူ တစ်ဦးပို၍ ပွဲပျက်

 
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နှစ် ၃၀ ကြာ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံများ၏ နစ်နာမှုများ ကို ဆွေးနွေးရန် ရည်ရွယ် ပြုလုပ်သည့် တရုတ်-မြန်မာ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနှင့် ယင်းပိုက်လိုင်း စီမံကိန်းကို လုပ်ပိုင်ခွင့် ရထားသည့် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEAGP/SEAOP) ကုမ္ပဏီတို့၏ ဆွေးနွေးပွဲသည် ကော်မတီဘက်မှ တက်ရောက်သူ တစ်ဦးပို၍ဟု ဆိုကာ ဆွေးနွေးပွဲ ပျက်သွားကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဒေါ်စနိုးက ပြောကြားသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ က အဖွဲ့ဝင် ခုနစ်ဦးသာ တက်ရောက်ရန်SEAGP/SEAOPကုမ္ပဏီနှင့်အကြိုသဘောတူထားသော်လည်း ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီက မူလ သဘော တူညီထားသည့် လူဦးရေထက် ပိုတက်ရောက်သည့် အတွက် ဆွေးနွေးပွဲ ပျက်ရခြင်း ဖြစ်ကြောင်း CNPC ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းမှုများ ပြုလုပ်ထားသည့် အရှေ့တောင် အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEAGP) လူမှု ဆက်ဆံရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ဒီတစ်ခေါက် မတွေ့ဖြစ်ဘူး။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဘက်က အကြို သဘောတူညီထားတဲ့ လူဦးရေထက် ပိုပြီး ဆွေးနွေးပွဲကို ရောက်လာ လို့ မတွေ့ဖြစ်တာ” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုမှ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် ပိုက်လိုင်း ဖြတ်သွားရာ ဒေသများ ရှိ ဒေသခံများ၏ နစ်နာမှုကို နယ်မြေအလိုက် တင်ပြနိုင်ရန် အတွက် ဆွေးနွေးပွဲသို့ မူလ သဘောတူထားသည့် လူခုနစ်ဦးထက် တစ်ဦး ပို၍ ရှစ်ဦး တက်ရောက်ခြင်း ဖြစ်သည်ဟု ယင်းကော်မတီ အဖွဲ့ဝင် ဦးတင်သစ်က ဆိုသည်။

“သူတို့ တကယ် တွေ့ချင်တယ်ဆိုရင် ခြောက်ယောက်ဖြစ်ဖြစ် ခုနစ်ယောက်ဖြစ်ဖြစ် အကြောင်း မဟုတ်ဘူး။ သူတို့ဘက်က အဆင့်ဆင့် တင်ပြရလို့ပါ ဆိုပြီး ပြဿနာ မဟုတ်တာကို ပြဿနာ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီသည် ဒေသခံများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို လေးစားမှု မရှိဘဲ ထိပ်ပိုင်း အာဏာပိုင်များနှင့် သဘောတူညီမှုကိုသာ အဓိကထား၍ လုပ်ကိုင်နေကြောင်း မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ဒေါ်စနိုးက ဝေဖန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို ဇူလိုင်လ အတွင်း တရုတ်နိုင်ငံသို့ စတင် ပို့လွှတ်ခဲ့ပြီး ယင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာ သည့် ဒေသခံများ၏ ဆုံးရှုံး နစ်နာမှုများကိုမူ CNPC ကုမ္ပဏီက အပြည့်အဝ တာဝန်ယူခြင်း မရှိကြောင်း မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က ဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly၊ ဓာတ်ပုံ- အင်တာနက်)

No comments: