Friday, August 30, 2013

တရုတ်ဘက်မှ တွေ့ဆုံဆွေးနွေးမည့်သူ ကန့်သတ်မှုကြောင့် CNPC နှင့် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှု ပျက်ပြယ်

8.1.1
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်ဘက်မှ ပိုက်လိုင်းကုမ္ပဏီ CNPC နှင့် မြန်မာနိုင်ငံဘက်မှ အရပ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ သြဂုတ် ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း တရုတ်ဘက်မှ ယင်းတို့ လက်ခံတွေ့ဆုံမည့်သူကို ကန့်သတ် ထားသောကြောင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှုမှာ ပျက်ပြယ်သွားကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံခြင်း အခမ်းအနားမှ သိရသည်။
''ကျွန်တော်တို့မှာ ၁၈ ဖွဲ့ရှိတယ်။ ပိုက်လိုင်းကိုက ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခု ဖြတ်သွားတော့ အခုကျွန်တော်တို့ ရှမ်းကနေ ရခိုင်အထိ ၁၀ ယောက် လာကြတယ်။ အဲဒီ ၁၀ ယောက်ထဲကမှ ကိုယ့်နယ်ကို ကိုယ်စားပြုပြီး ပြောနိုင်ဖို့က ဥပမာ-ကျွန်တော်ဆိုရင် ရှမ်းပြည်ကိစ္စ ရခိုင်ကိစ္စကို မပြောနိုင်ဘူး။ ဒါကြောင့် ရခိုင်က ပြောမယ့်လူ လိုတယ်။ မကွေး၊ မန္တလေးကလည်း ပြောမယ့်လူ လိုတယ်။ ရှမ်းလိုတယ်ပေါ့။ ညှိကြနှိုင်းကြတဲ့ အခါမှာ ကျွန်တော်တို့ဘက်က ခုနစ်ယောက်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့။ စကားပြန်က တစ်ယောက်ဆိုရင် ကျွန်တော်တို့ဘက်က ရှစ်ယောက်ပေါ့။ သူတို့က ကျွန်တော်တို့က ခြောက်ယောက်၊ စကားပြန် တစ်ယောက်နဲ့ပဲ တွေ့ခွင့်ရမယ် ဆိုပြီးပြောတယ်။ အဲဒီမှာတင် ခုနစ်ယောက်နဲ့ ရှစ်ယောက် ကွာနေတယ်။ ကျွန်တော်တို့က ဟုတ်ပြီ ခုနစ်ယောက်နဲ့ ရှစ်ယောက် ဘာကြောင့် မတွေ့နိုင် ရတာလဲဆိုတော့ သူတို့က အဆင့်ဆင့် တင်ပြရလို့ပါလို့ ပြောတယ်။ အေး အဲဒါဆိုရင် နောက်မှ ထပ်စီစဉ်တာပေါ့ ဆိုပြီး မတွေ့ဖြစ်ကြတာ'' ဟု ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောကြားသည်။
ယင်းကဲ့သို့ တွေ့ဆုံရန် စီစဉ်ထားမှု ပျက်ပြယ်သွားခြင်းနှင့် ပတ်သက်ပြီး မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနှင့် မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ် ၂၉ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မန္တလေးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
''ကျွန်မတို့အဖွဲ့ကို အောက်တိုဘာ ၁ ရက်မှာ စဖွဲ့တယ်။ စဖွဲ့တဲ့ နေ့မှာပဲ မြန်မာ- တရုတ် ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ Statement လေးတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲလိုထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ တရုတ် ကုမ္ပဏီဘက်က မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီနဲ့ တွေ့ဆုံချင်တယ်ဆိုပြီး ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကျွန်မတို့နဲ့ သူတို့နဲ့ ရန်ကုန်က Chatrium ဟိုတယ်မှာ တွေ့ခဲ့တယ်။ ကျွန်မတို့ဘက်က ပိုက်လိုင်းတစ်လျှောက် ကြုံတွေ့ရတာတွေ တင်ပြတယ်။ အဲဒီအခါ သူတို့ဘက်က ဒီပြဿနာ လေးတွေကို ဖြေရှင်းပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒေသခံတွေ ကျေနပ်လောက်တဲ့အထိ ဖြေရှင်းပေးတာ မရှိသေးဘူး'' ဟု ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ တာဝန်ခံ မစနိုးက ပြောကြားသည်။
သြဂုတ် ၂၉ ရက်တွင် CNPC နှင့် မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီတို့ တွေ့ဆုံပွဲ ကျင်းပရန် စီစဉ်ထားမှုနှင့် ပတ်သက်ပြီး Eleven Media Group မှ CNPC သို့ ဆက်သွယ်မေးမြန်းစဉ် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ဖြစ်သဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: