Friday, August 30, 2013

ဒုက္ခသည်စခန်းများ ၀န်းရံလျက်ရှိသော နိုင်ငံကို...ဟုခေါ်သည်

8.1.1
ပြည်တွင်း စစ်ဒဏ်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ ခံစားခဲ့ရသော မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည် အရေအတွက် လျော့ကျသွားခဲ့ခြင်း မရှိသေးပေ။ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းပြီး သေနတ်သံ တိတ်ဆိတ်သော နိုင်ငံဖြစ်ရန် ကြိုးပမ်းခြင်းများ ရှိသော်လည်း နေ့စဉ်နှင့်အမျှ ကြိုကြားဖြစ်ပေါ်နေသော တိုက်ပွဲများက စစ်ပြေးဒုက္ခသည် အရေအတွက်ကို ဆက်လက် တိုးပွားစေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များလည်း ရှိနေခဲ့ပါသည်။ လက်ရှိ အခြေအနေများအရ စစ်ပြေးဒုက္ခသည် စခန်းများမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အခိုင်အမာ ရှိနေပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး ဧရိယာများတွင် စစ်ပြေးဒုက္ခသည်စခန်း အများအပြား ရှိနေပါသည်။ ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည် စခန်းများ ရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိထ္တီလာမြို့တွင်လည်း ပဋိပက္ခကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခသည်စခန်းများ ရှိနေခဲ့ပါသည်။
စစ်ကြောင့်ဖြစ်သော ဒုက္ခသည်များ
ပြီးခဲ့သောဆယ်စုနှစ်များအတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် စစ်ပြေးဒုက္ခသည် စခန်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက် ပေးရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ နှစ်ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဘ၀ရောက်နေ ကြသူများ ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန် လျော့ကျသွားသော်လည်း စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ မရေရာသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။
ယခုနှစ်ပိုင်းများအတွင်း တိုင်းရင်းသား ဒေသများ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ဆက်လက် တိုးပွားနေဆဲ ဖြစ်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခု နှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် KIOI ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များ ပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရပါသည်။ ထိုတိုက်ပွဲများ ကြောင့်ပင် အစိုးရထိန်းချုပ် နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော် အစရှိသော မြို့များတွင် စစ်ပြေးဒုက္ခ စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော် ပေါ်ပေါက်ခဲ့ပြီး ထိုသူများ၏ နေရပ်ပြန်ရေး ကိစ္စမှာလည်း နှောင့်နှေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ  ...

ထို့အတူ ရှမ်းပြည်နယ် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ဆက်လက် ပေါ်ပေါက်နေပါသည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရနှင့် ပလောင်(တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၀၀၀ ကျော်ရှိနေရာမှ ဆက်လက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါသည်။ ပလောင် တိုင်းရင်းသားများ၏ စစ်ပြေးဒုက္ခသည် စခန်းများမှာ မန်တုံမြို့တွင်နှစ်ခု၊ တန့်ယန်း မြို့တွင်တစ်ခု၊ ကွတ်ခိုင်မြို့တွင်နှစ်ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် တစ်ခုနှင့် နမ့်ခမ်းမြို့တွင် နှစ်ခု အစရှိသဖြင့် အသစ်ပေါ်ပေါက် လာခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ အစိုးရနှင့် RCSS/SSA၊ KNPP၊ KNU၊ DKBA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ အပါအ၀င် အခြားသော စီမံကိန်းများကြောင့် နေရပ်ကို စွန့်ခွာပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိခိုလှုံနေသူ အရေအတွက် တိုးပွားခဲ့ကြောင်း သိရသည်။
Myanmar Peace Monitor ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အခြားသော စီမံကိန်းများကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသော အရေအတွက်မှာ ရှမ်းပြည်နယ်တွင် ၆၇၀၀၊ ကယားပြည်နယ်တွင် ၇၀၀၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၀၊ ကရင်ပြည်နယ်တွင် ၁၆၀၀၊ မွန်ပြည်နယ်တွင် ၂၀၀ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၆၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ဖြစ်သော ဒုက္ခသည်များ
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၈၀၀၀၀ ကျော်ခန့် ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း ကထုတ်ပြန်ခဲ့သော UNOCHA ၏ အစီရင်ခံစာအရ လူဦးရေ ၇၀၀၀၀ ကျော်ခန့်သည် ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခများ စတင်ချိန်တွင် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူဦးရေ ၃၀၀၀၀ ကျော် ခန့်မှာ ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ပေါ်ပေါက် လာသည့် ဒုက္ခသည် စခန်းများမှာ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ရှိကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် မိထ္ထီလာမြို့တွင် ဒုက္ခသည် စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ရရှိသော စာရင်းများအရ မိထ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ဒုက္ခသည် အရေအတွက် ၄၀၀၀ ကျော် ခိုလှုံနေရကြောင်း သိရသည်။ အရေအတွက် အတိအကျ အနေဖြင့် သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၉၁ဦး၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေး စခန်းတွင်လူဦးရေ ၁၅၉၄ဦး၊ ရေအရင်း အမြစ် ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၆၈ ဦး၊ စုစုပေါင်း လူဦးရေ ၄၂၀၄ ဦး ခိုလှုံ နေရဆဲဖြစ်ကြောင်း သိရှိရသည်။
ဒုက္ခသည်များနှင့် အနာဂတ်
ပဋိပက္ခများကြောင့် ဖြစ်လာခဲ့သည့် ဒုက္ခသည်များ၏ အနာဂတ်မှာ နယ်မြေတည် ငြိမ်ပြီး ထိုက်သင့်သော အကူအညီများ ရရှိပါက ပြန်လည် ထူထောင်ရေး အတွက် မျှော်လင့်ချက်များ ရှိနေပါသည်။ သို့သော် အဆိုပါ ဒုက္ခသည်များအတွက် အခြေခံ စောင့်ရှောက်မှုများနှင့် အလုပ်အကိုင် ဖန်တီးပေးရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။
8.1.1
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ-နေထွန်းနိုင်)
စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်မှာ ပို၍ ခက်ခဲသော အခြေအနေသို့ ဦးတည်လျက် ရှိနေပါသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ၏ အကြီးမားဆုံး အိပ်မက်မှာ တတိယနိုင်ငံများသို့ သွားရောက်ခွင့် ရရှိရေး ဖြစ်ပါသည်။ သို့ရာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အစီအစဉ်များနှင့် တတိယ နိုင်ငံများ၏ ဒုက္ခသည် လက်ခံနိုင်စွမ်း ကန့်သတ်ချက်များက စစ်ပြေးဒုက္ခသည်များ၏ တတိယနိုင်ငံ သွားရောက်ရေး အိပ်မက်ကို မှုန်ဝါးစေခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အခြေချ နေထိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အခက်အခဲအပြင် အခြေခံ အဆောက်အအုံ လိုအပ်ချက်များလည်း ရှိနေပါသည်။ တိုက်ပွဲဖြစ်စဉ် ခကာလအတွင်း သက်ဆိုင်ရာ နယ်မြေများတွင် နှစ်ဖက်တပ်ဖွဲ့များ အသုံးပြုခဲ့သော မိုင်းအန္တရာယ်နှင့် မိုင်းရှင်းလင်းရေး ပြဿနာမှာကိုလည်း အပြည့်အ၀ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဖြစ်နေသူများ ကိုယ်တိုင်က မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်နေထိုင်ရန် ငြင်းဆန်ထားပါသည်။
သို့ရာတွင် မြန်မာစစ်ပြေး ဒုက္ခသည်များကို လက်ခံထားသော ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည် စခန်းအချို့ကို ဖျက်သိမ်းလိုပြီး ဒုက္ခသည်အချို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေပါသည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံဆိုင်ရာ UNHCR တာဝန်ခံနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့တွေ့ဆုံပြီး မြန်မာစစ်ပြေး ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးမှုတွင် လိုအပ်ချက်များ ရှိနေသေးသဖြင့် မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်းအျပ် ပြန်လည် ပို့ဆောင်မည် မဟုတ်ကြောင်း UNHCR ဘက်မှ ကတိပြုခဲ့သည်။
ထို့အတွက်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော စစ်ပြေးဒုက္ခသည်စခန်းများ ဆက်လက် တည်ရှိနေနိုင်ပြီး မြန်မာနိုင်ငံ အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက စစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း ဆက်လက် တိုးပွားနေမည် ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: