Friday, August 30, 2013

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးဒုက္ခသည် ၉၀ ကျော်ကို အရေးပေါ်ကူညီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည် ၉၀ ကျော်ကို လူမှုအဖွဲ့အစည်းများနှင့် အစိုးရတို့က အရေးပေါ် အကူအညီပေးခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စု ၁၈ စု (လူဦးရေအားဖြင့် ၉၁ ဦး) တို့ကို ရခိုင်သဟာယအသင်း (ရန်ကုန်)၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ရခိုင်လူမှု ကူညီစောင့်ရှောက်ရေးအသင်း၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဒုက္ခသည်များ ကယ်ဆယ်ရေးစခန်း (မောင်တော ဗဟိုကျောင်း) တို့က သြဂုတ်လ ၂၇ ရက်နေ့တွင် အရေးပေါ် အကူအညီများ ပေးခဲ့ကြောင်း ယင်းအဖွဲ့ အစည်းများထံမှ သိရှိရသည်။

မိသားစုဝင်သုံးဦးရှိသည့် မိသားစုကို ရခိုင်သဟာယအသင်း (ရန်ကုန်) က ကျပ်နှစ်သောင်း ပေးအပ်ခဲ့ပြီး သုံးဦးထက်ရှိသည့် မိသားစုအား ကျပ်ငါးသောင်းနှုန်းဖြင့် ကျပ်သိန်း ၂၁ သိန်းကျော် လှူဒါန်းခဲ့ကြောင်း၊ အခြားအဖွဲ့အစည်းများက ဆန်အိတ်၊ ဓား၊ ပေါက်ပြား၊ အဝတ်အစား၊ ရေအိုး၊ ရေခွက်စသည့် အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း ရခိုင်လူမှု ကူညီစောင့်ရှောက်ရေးအသင်း နာယက ဆရာတော်ဦးစရဏက မိန့်ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့် ရွာများတွင် နေထိုင်ခဲ့သည့် အဆိုပါ ဒုက္ခသည်များဖြစ်ပြီး တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ဒုက္ခသည်များက ပြောကြားကြသည်။

၂၀၁၂ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

(ခင်မောင်အေး)

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: