နိုင်ငံတကာ အိုင်အန်ဂျီအို၊ အန်ဂျီအိုများအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေချိန်တွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့၏ နောက်ကွယ်က ရည်ရွယ်ချက်ပန်းတိုင်များကို ကြိုတင်သိရှိထားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဦးအေးမောင်က ANP ဗဟိုရုံးဖွင့်ပွဲအခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ANP ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်မှ အမှာစကားပြောကြားနေပုံ။ ANP ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်မှ အမှာစကားပြောကြားနေပုံ။
" ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံတယ်။ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျနော်တို့ နိုင်ငံရေးပါတီတွေအားလုံးက လက်ခံတယ်။ ဒီ အိုင်အန်ဂျီအိုတွေ၊ အန်ဂျီအိုတွေ ယူအန်အေဂျင်စီ အားလုံးက ကမ္ဘာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူ့မှာ သူ့ရဲ့ ရည်မှန်းချက်ရှိမယ်။ ပန်းတိုင်ရှိမယ်။ သူ့ရဲ့ ပေါ်လစီလမ်းကြောင်းက အစိုးရ ခွင့်ပြုချက် ဘောင်ထဲကပဲ သွားရမယ်။ အဲဒီဘောင်ထဲကသွားဖို့အတွက် အစိုးရက တည့်မတ်ပေးရမယ်။ ပြည်ထောင်စုအစိုးရက တည့်မတ်ပေးရမှာဖြစ်သလို ပြည်နယ်အစိုးရကလည်းပဲ တည့်မတ်ပေးရမယ်။ သူ့ရဲ့ ပေါ်လစီ၊ အိုင်အန်ဂျီအိုတစ်ခုရဲ့ ပေါ်လစီပဲထားပါတော့။ ဒီပေါ်လစီဟာ အစိုးရနဲ့ MOU လုပ်ရတယ်။ အဲတော့ အဖွဲ့အစည်းတစ်ခုရဲ့ နောက်မှာ ဘာရှိလဲ ဒါကို အစိုးရသိရမယ်။ ပြည်နယ်အစိုးရသိရမယ် "
ထို့ပြင် လူထု အကျိုးခံစားခွင့်ရှိအောင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့က ဖန်တီးပေးနိုင်ရ မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတကာ အိုင်အန်ဂျီအို၊ အန်ဂျီအိုများ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူထုတောင်းဆိုတိုင်း၊ လူထု ဆန္ဒရှိတိုင်း အစိုးရအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည့် အချက်အလက်များကို ထုတ်ပြန်ပေးရမည် ဖြစ်ကြောင်းကို ဒေါက်တာ အေးမောင်က ယခုလို ဆက်ပြောသည်။
" လူထု တောင်းဆိုတိုင်း၊ လူထု ဆန္ဒရှိတိုင်း ကျနော်တို့ဟာ ဟုတ်မဟုတ် မှန်မမှန်ဆိုတာ အစိုးရဟာ သုံးသပ်ပေးရမယ်။ ထုတ်ပြန်ပေးရမယ်။ အဲသလို ထုတ်ပြန်ပေးရုံမကဘူး ဒီအိုင်အန်ဂျီအို အန်ဂျီအိုတွေရဲ့ သွားရာလမ်းကြောင်းကိုလည်း လူထုကို အသိပေးရမယ်။ ပိုက်ဆံက သန်း ၁၀၀ ရှိတယ်။ သန်း ၈၀ ကို ကိုယ်တို့အတွက် သုံးပြီးကာမှ သန်း ၂၀ လောက်နဲ့ လူထုကို ပြန်ပြီး ချွေးသိပ်တာ ကျနော်တို့ လက်မခံဘူး။ အဲတော့ အိုင်အန်ဂျီအို တစ်ခုဟာ mission ရှိတယ်။ သူ့ရဲ့ Goal ဆိုတာ ဘာလဲ။ ပွင့်ပွင့်လင်းလင်း ချပြရမယ်။ အစိုးရကလည်း ဒါကို လက်ခံရမယ်။ လက်ခံခဲ့လို့ ရှိရင် အစိုးရရဲ့ ပေါ်လစီအတိုင်း သူသွားရမယ်။ သွားတဲ့အခါ သူ့ရဲ့ လမ်းကြောင်းဟာ ဘာဘာညာညာ ဆိုတာ လူထုသိအောင် ပွင့်ပွင့်လင်းလင်း ချပြရမယ် "
၎င်းအပြင် အိုင်အန်ဂျီအို၊ အန်ဂျီအိုများအနေဖြင့် မည်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်၊ မည်မျှ အကျိုးရှိနိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် မည်မျှ အသုံးပြုမည် စသည်တို့ကိုပါ ပွင့်လင်းမြင်သာအောင် ချပြပေးသင့်ကြောင်း၊ အန်ဂျီအိုများအနေဖြင့်လည်း အစိုးရ၊ ပြည်သူ စသည်တို့နှင့် ညှိနှိုင်းဆွေးနွေး သွားမှသာလျှင် အစိုးရသည်လည်းကောင်း၊ တိုင်းရင်းသားဒေသခံများသည်လည်းကောင်း မျှတစွာဖြစ်လာမည်ကိုလည်း ယုံကြည်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)