Monday, June 30, 2014

ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို

မိခင်စာပေကို သင်ကြားခွင့်ရကြတော့မည့် ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
မိခင်စာပေကို သင်ကြားခွင့်ရကြတော့မည့် ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းအုပ်ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ ဒီနေ့ဘဲ ရခိုင်စာသင်ကြားရေးအတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာတစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။
၎င်းငွေများမှာ လွန်ခဲ့သော (၃) လအတွက် ထုတ်ပေးသော ငွေဖြစ်သည်ဟု သူက ဆိုသည်။
“ ကျွန်တော်တို့ ဂွမြို့နယ်က ရခိုင်စာသင်ကြားပေးဖို့ ကတိပြုထားတဲ့ ဆရာ- ဆရာမ ၁၂၀ ဦးကို သုံးလစာထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလအတွက်တော့ မပါဘူး။ လွန်ခဲ့တဲ့ ကျောင်းပိတ်တဲ့ (၃) လ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
နိရဉ္စရာမှ ဂွ မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ် ပညာရေးမှူးက ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ မကြားသေးဘူး။ ငွေထုတ်ပေးဖို့ ပြောထားတဲ့ ရုံးက စာရေး နှစ်ဦးကို မေးကြည့်ပါမယ်။ စစ်တွေက ငွေလွှဲတဲ့အခါ ကုန်ကျတာလေးတွေတော့ နည်းနည်းရှိပါတယ်။ ဒါပေမယ့် ဒီလောက်တော့ မများနိုင်ပါဘူး” ဟု ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းပေးသွားမည်ဟု ဆိုသည်။
နွေရာသီ (၃) လတွင် ဂွမြို့နယ်တွင် ဆရာ- ဆရာမများ အနေဖြင့် ရခိုင်စာကို သင်ကြားနိုင်ခြင်း မရှိခဲ့သော်လည်း နိုင်ငံတော်က ရခိုင်စာသင်ကြားရေးအတွက်ဟု ဆိုကာ သုံးလအတွက် ကျပ်ငွေ (၉၀၀၀၀) ကျစီကို ဆရာ ဆရာမ တစ်ဦးစီသို့ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
အလားတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း ရခိုင်စာပေ သင်ကြားရေးအတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ဖြတ်တောက်ခံရမူများ ရှိခဲ့သဖြင့် နိရဉ္စရာသို့ ဆရာများက သတင်းပို့ တိုင်ကြားခဲ့ဖူးသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: