ပြည်တွင်းအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ
တစ်သိန်းခွဲ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း UNICEF ၏
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးကျော်ဝင်းစိန်က သြဂုတ် ၈ ရက်တွင်
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ ၎င်းတို့ရုံးခန်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းငွေကြေးကို UNICEF မှ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များဖြစ်သော သြဂုတ်လအတွင်း သုံးစွဲမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးအတွက် သုံးစွဲသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
၎င်းက “တိုင်းနှင့် ပြည်နယ်အသီးသီးမှာ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး စာသင်ကျောင်းတွေမှာ နို့တိုက်တာတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို သံဓာတ်အားဖြည့်ဆေးပေးတာ တွေ၊အိုင်အိုဒင်းချို့တဲ့ရောဂါတွေကိုပညာပေးပြောကြားတာတွေကို ပြုလုပ်ပေးသွားမှာပါ” ဟုပြောသည်။
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှု အကျိုးဆက်များကြောင့် ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုမြင့် တက်လာခြင်း၊ ဥာဏ်ရည်ချို့တဲ့ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်းတို့ ဖြစ်ပွားလျက်ရှိသည်ဟု လည်း UNICEF မှ ထုတ်ပြန်ချက်အရသိရသည်။
ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုများတွင်အာဟာရချို့တဲ့မှုကြောင့်၅၀ရာခိုင်နှုန်းပါဝင်နေပြီး မြန်မာင်ငံတွင် အာဟာရချို့တဲ့မှု အများဆုံးဖြစ်ပေါ်လျက်ရှိသော ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ဖြစ်သည်ဟု UNICEF ၏ စစ်တမ်းကောက်ယူချက်များအရ သိရှိရကြောင်း လည်း ဒေါက်တာကျော်ဝင်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် မွေးစမှခြောက်လအထိ မိခင်နို့သောက်သုံးရသည့် အရေအတွက်မှာ ကလေးလေးဦးလျှင် တစ်ဦးသာရှိသည်ဟုလည်း မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာထိန်လင်းကပြောသည်။
၎င်းက “ကလေးငယ်တွေရဲ့ အာဟာရဖွံ့ဖြိုးမှု ချို့တဲ့ရောဂါတွေကြောင့် ငါးနှစ်အောက် ကလေးငယ်တွေရဲ့
သေဆုံးမှုနှုန်းတွေ မြင့်တက်တယ်။ ဘယ်လောက် သေဆုံးတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ဌာန အနနဲ့
ပြောပြလို့ မရပါဘူး” ဟုဆိုသည်။
အာဟာရချို့တဲ့မှု ရောဂါများကြောင့် တိုင်းပြည်၏ လူသားရင်းမြစ်ကို ထိခိုက်ခြင်းကုန်ထုတ်လုပ်မှုနှင့် ပညာရေးအားနည်းချက်များ ဖြစ်ပေါ်လာနိုင်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သော သြဂုတ်လအတွင်းတွင်မြန်မာနိုင်ငံကျန်းမာရေးဋ္ဌာနနှင့် UNICEFတို့ပူးပေါင်းလှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ရာ လူထုအနေဖြင့် ပါဝင်ရန် လည်း လိုအပ်ကြောင်း ဒေါက်တာထိန်လင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် UNICEF မှ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဗီတာမင်အေ၊ ဘီတာမင်စီနှင့် သံချဆေးများ အပါအ၀င် တစ်နှစ်တာကူညီထောက်ပံ့မှု အမေရိကန်ဒေါ်လာ သိန်းငါးထောင်ခန့် ကူညီထောက်ပံ့လျက်ရှိပြီးကျန်းမာရေးဝန်ကြီးဌာနနှင့်unicefတို့ပူးပေါင်းပြီးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်မှာ ၂၀၀၉ ခုနှစ်က စတင်ခြင်းဖြစ်သည်။
(Source: Mizzima Burmese)

No comments:
Post a Comment