Friday, November 1, 2013

အများအကျိုးအတွက် ဆန္ဒပြသည်ဟုပြောပြီး မဒေးကျွန်းသား (၁၀)ဦးကို ထောင် (၂) လပြောင်းလဲချမှတ်

 ဖေါင်စီးရင်း ရေငတ်နေကြရသော ရခိုင် ဒေသခံများ။
ဖောင်စီးရင်း ရေငတ်နေကြသော မဒေးကျွန်းဒေသခံများ (ဓာတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူ မြို့နယ် တရားရုံးမှ ထောင် (၃) လစီ ချမှတ်ထားသော မဒေးကျွန်းမှ လူမူရေး လူပ်ရှားသူ ၁၀ ဦးကို ခရိုင်တရားသူကြီးက အများအကျိုးအတွက် ဆန္ဒပြသူများ ဖြစ်သည်ဟု မှတ်ချက်ချကာ ထောင် (၂) လ ပြောင်းလဲ ချမှတ်လိုက်သည်ဟု သိရသည်။

အောက်တိုဘာလ ၂၄ ရက် ယမန်နေ့က ထောင်ချခံရသူ ၁၀ ဦး၏ အယူခံကို ကြားနာ စစ်ဆေးရာ ခရိုင် တရားသူကြီး ဒေါ်စန်းစန်းရီက ထိုသို့ ထောင်ဒဏ်ကို ပြောင်းလဲ ချမှတ်လိုက်သည်ဟု ကျောက်ဖြူ လူမူ ကွန်ရက်မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းလွှင်က ပြောသည်။

“ မနေ့က မဒေးကျွန်းက ကိုထွန်းကြည်အပါအ၀င် လူ ၁၀ ဦးရဲ့ အယူခံကို ခရိုင် တရားသူကြီး ဒေါ်စန်းစန်းရီက ကြားနာ စစ်ဆေးရာမှာ သူတို့ဟာ အများအကျိုးအတွက် ဆန္ဒုပြသူတွေ ဖြစ်ကြတဲ့ အတွက် ထောင်ဒဏ် ၃ လ ချမှတ်ထားတာကို ၂ လကို ပြောင်းလဲ ချမှတ်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

အယူခံဝင်သဖြင့် ထောင်ပြစ်ဒဏ်ကို (၃) လကနေ (၂) လသို့ လျှော့ချခြင်း မဟုတ်ဘဲ ထောင်ပြစ်ဒဏ်ကို ပြင်ဆင် ပြောင်းလဲ ချမှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခုကဲ့သို့ အများအကျိုးအတွက် ဆန္ဒပြသူများ ဖြစ်သည်ဟု ခရိုင်တရားသူကြီးက ပြောဆိုပြီး ထောင်ချခြင်းမှာ (လုံးဝ) မဖြစ်သင့်ကြောင်း ကိုထွန်းလွှင်က သူ့အမြင်ကို ပြောသည်။

“ အများအကျိုးအတွက် ဆန္ဒုပြတယ်ဆိုတာ တကယ်ကောင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဘယ်ဥပဒေ ပုဒ်မနဲ့မှ ထောင်ချသင့်တဲ့ဟာမျိုး မဟုတ်ပါ။ သူတို့ကို ၂ လ ချတယ်ဆိုတာကလည်း အပြစ်တစ်ခုကို ကျူးလွန်တဲ့ သဘော ဖြစ်နေတယ်။ ကျွန်တော်တို့က ကွင်းလုံးကျွတ် လွှတ်သင့်တယ်လို့ မြင်ပါတယ်” ဟု သူက ဆိုသည်။

မဒေးကျွန်းမှ ကိုထွန်းလွှင် အပါအ၀င် ဒေသခေါင်းဆောင် ၁၀ ဦးကို ၂၀၁၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်ရှိ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့တွင် ခွင့်ပြုချက်မရဘဲ ပြည်သူ (၅၀၀) ကျော်ပါဝင်သည့် ဆန္ဒပြပွဲကို ဦးဆောင်သည်ဟု ဆိုကာ ကျောက်ဖြူရဲက တရားစွဲဆိုပြီး စက်တာဘာလ ၂၆ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက ထောင် (၃) လ ချမှတ်ခဲ့သည်။

မဒေးကျွန်းသား ၅၀၀ ကျော်သည် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် သူတို့ နစ်နာချက်များကို တောင်းဆို ဆန္ဒပြခွင့် ရရှိရေး အတွက် သက်ဆိုင်ရာကို အကြိမ်ကြိမ် ခွင်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုချက် မပေးဘဲ ဒေသခံများ၏ တောင်းဆိုချက်ကို လိုက်လျှော့ ဆောင်ရွက်ပေးမည်ဟု ခရိုင် အဆင့် တာဝန်ရှိသူများက ဂတိပြုခဲ့ပြီး နောက်ဆုံးတွင် တစ်စုံတစ်ရာ ဆောင်ရွက်မပေးသဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: