ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်လေကျေးရွာ၌ မတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက ရခိုင်စာပေ ဟောပြောပွဲနှင့် "လ၀န်းကုဋေ" ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်းသိရသည်။
Yan Tha Taung
စာပေဟောပြောပွဲကို ပေါက်လေရွာစာကြည့်တိုက်အနီးကွင်းပြင်မှာ မတ်လ ၆ ရက်နေ့ ည ၈း၃၀ မှ ၁ နာရီအထိ ကျင်းပခဲ့ပြီး၊ ရခိုင်စာရေးဆရာ ခြောက်ဦးတို့က ဟောပြောခဲ့ကြသည်။
"ဟောပြောသူတွေ ကတော့ ဆရာမဟူရာ(ကျောက်တော်)က "အာစရိယ၏နိုးထအိပ်မက်"၊ ဆရာ ဗျာလာခိုင်က "ပျော်ပျော်ပါးပါး ပညာလှေ လှော်သွားကြစို့"၊ ဆရာအောင်စိုး(ကျောက်တော်)က"အတိတ်၊ ပစ္စုပန်၊ အနာဂတ်"၊ ဆရာထက်မြက်နွယ် (ကျောက်တော်)က "ကဗျာရတုစီသော မာရယုအချစ်ဘီ"၊ ဆရာဗဂျီးကျော်(စစ်တွေ)က "ရခိုင်ဝတ္ထုထဲက သင်ခန်းစာများ"၊ ဆရာသူမြတ်(မဟာအောင်မြေ)က "ဒိုးတန်းဇာတီ တည်ပါလီ" ခေါင်းစဉ်တွေနဲ့ ဟောပြော ခဲ့ကြပါတယ်။ရွာသားတွေကတော့ စာရေးဆရာတွေဟောပြောချက်ကောင်းလွန်းလို့ ဟောပြောပွဲပြီးဆုံးတဲ့အထိ မထတမ်းနားထောင်ခဲ့ကြတယ်" ဟု စာပေဟောပြောပွဲတက်ရောက်နားထောင်ခဲ့သူ ရွာသားတစ်ဦးကပြောသည်။
စာပေဟောပြောပွဲသို့ ပေါက်လေရွာ အပါအ၀င် အနီးအနားရွာများမှ လူ၃၀၀ကျော်တို့လာရောက် နားထောင်ကြ ကြောင်းသိရသည်။
မတ်လ ၇ ရက်နေ့မနက် ၉ နာရီတွင် ပေါက်လေကျေးရွာကိုယ်ထူကိုယ်ထ "လ၀န်းကုဋေ"စာကြည့်တိုက် ဖွင့်ပွဲကိုကျင်းပရာ စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်သာဇံ၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်အေးမြသန်း၊ ကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီး ဦးဦးအေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
"ဒီစာကြည့်တိုက်ဖြစ်လာရေးအတွက် ကျနော်တို့ ၂၀၀၈ခုနှစ်ကစပြီးကြိုးပမ်းလာခဲ့တာ အခုနှစ်မှ ဆောက်ဖြစ်တယ်။ ရွာသူရွာသားတွေရဲ့အင်အားစိုက်ထုတ်မှုပေါ့ဗျာ။ စာအုပ်တွေကတော့ ရခိုင်ရေးရာစာအုပ်တွေများတယ်။ စာအုပ်တွေကို ရန်ကုန်ရောက် ပေါက်လေသား တွေက လှူဒါန်းပါတယ်။ ရွာငယ်ပေမယ့် စာပေမြတ်နိုးစိတ်ရှိသလို ရခိုင်အရေးကိုအလေးထားသူများပါတယ်"ဟု ပေါက်လေရွာမှ ကျောင်းဆရာတစ်ဦးက ပြောသည်။
Pauk Lay Wa
ပေါက်လေရွာမှာ အိမ်ခြေ တစ်ရာခန့်ရှိ၍ ပထမအကြိမ်ရခိုင်စာပေဟောပြောပွဲကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး၊ ယခုအကြိမ်မှာ ဒုတိယအကြိမ်စာပေဟောပြေပွဲဖြစ်ကာ လ၀န်းကုဋေ စာကြည့်တိုက်မှာလည်း ယခုနှစ် ဇန်န၀ါရီလတွင် ကျေးရွာလူထုအင်အားဖြင့် စုပေါင်းဆောက် လုပ်ခဲ့ကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- Arakantimes written by ဇင်ကီး)
http://arakantimes.net/burmese/index.php/2013-03-09-12-22-21/115-2013-03-10-16-20-09