Friday, February 27, 2015

၁၁ ကြိမ်မြောက် ပန်းရံအတတ်ပညာသင်တန်း စစ်တွေတွင် ဖွင့်လှစ်


Semi-Skill-Mason--Dual-TECH-Training-Centre
Dual TECH Training Centre စစ်တွေဌာနခွဲ၏ ၁၁ ကြိမ်မြောက်သင်တန်းအဖြစ် ပန်းရံအတတ်ပညာ (Semi Skill Mason) သင်တန်းကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ DUAL TECH ရုံးခွဲတွင် ဖွင့်လှစ်လိုက်သည်။
သင်တန်းကာလ ၁၇ ရက်ဖြစ်ပြီး သင်တန်းသား ၃၁ ယောက်တက်ရောက်သွားမည်ဟု သင်တန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သင်တန်းသားများထဲတွင် လက်ရှိပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများအပြင် စစ်တွေ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများလည်း တက်ရောက်ကြသည်ဟု သိရသည်။
ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်စံရွှေက ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများ တိုးချဲ့ဆောင်ရွက်လျှက်ရှိရာ ကျွမ်းကျင်သော ပန်းရံဆရာများ လိုအပ်လာသည်ဟု ပြောသည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘဏ္ဍာငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ခွင့်ပြုလုပ်ဆောင်ခွင့် ရရှိနေပါတယ်။  ၂၀၁၃-၂၀၁၄ မှာ ၁၀၉ ဘီလီယံကျပ် သုံးစွဲခဲ့ပြီးတော့ ၂၀၁၄-၂၀၁၅ အတွက် ၁၈၉ ဘီလီယံထိ တိုးမြှင့်သုံးစွဲနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတာနဲ့အမျှ ကျွမ်းကျင်တဲ့ ပန်းရံဆရာတွေလည်း လိုအပ်လာပါတယ်”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းကလည်း ယခင်က ရခိုင်ပြည်နယ်မှ လူငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုအတွက် သင်တန်းတက်ရန် ရန်ကုန်သို့သွားခဲ့ကြရပြီး ငွေကြေးအမြောက်အများ ကုန်ကျခဲ့ကြရသည်။ ယခုကဲ့သို့ DUAL TECH က သင်တန်းများကို စီစဉ်ဆောင်ရွက်ပေးနေ၍ ရခိုင်လူငယ်များအတွက် အခွင့်လမ်းကောင်းတစ်ရပ်ဖြစ်လာပြီး အလုပ်အတွက် အခြားဒေသနှင့် ပြည်ပသို့ ထွက်ခွာမှုကိုလည်း လျှော့ချနိုင်မည်ဟု ပြောသည်။
ယခင်အပတ်စဉ်သင်တန်းက လျှပ်စစ်နှင့် ၀ိုင်ယာရိန်းသင်တန်းတွင်တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရကျေင်းသား မောင်လင်းလင်းကလည်း ရက်တိုသင်တန်းဖြစ်သော်လည်း ဆရာများကျွမ်းကျင်ပြီး ပို့ချမှုကောင်းမွန်သောကြောင့် မိမိသင်ကြားခဲ့သော ပညာရပ်ကို ကောင်းစွာ နားလည်တတ်မြောက်ခဲ့သည်ဟု ပြောသည်။
“ကျွန်တော်က လျှပ်စစ်နဲ့ဝိုင်ယာရိန်း နည်းပညာကို စိတ်ဝင်စားတဲ့အပြင် အနာဂတ်မှာ ရခိုင်ပြည်နယ်အတွက် မရှိမဖြစ် လိုအပ်လာမည်ဆိုပြီး တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ ရက်တိုသင်တန်းဖြစ်ပေမယ့် ဆရာတွေရဲ့ကျွမ်းကျင်မှု၊ သင်ပြပုံနည်းစနစ် ကောင်းမွန်တဲ့အတွက် ကောင်းစွာနားလည် တတ်မြောက်ခဲ့ပါတယ်။ နားမလည်တာတွေရှိခဲ့ရင် ဆရာတွေကို မေးမြန်းပြီး အိမ်ရောက်ရင်လည်း သင်ခန်းစာတွေကို ဖတ်မှတ်ခဲ့လို့ စာမေးပွဲကို အလွယ်တကူ ဖြေဆိုနိုင်ခဲ့ပါတယ်”ဟု ပြောသည်။
ပန်းရံကျောင်းသားများအနေဖြင့်လည်း အလေးထားသင်ယူပြီး မိမိလူမျိုးအတွက် အထောက်အကူပြုစေလိုသည်ဟု မောင်လင်းလင်းက သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
DUAL TECH အနေဖြင့် လူငယ်များကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ လူမှုဘ၀တိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စက်ပစ္စည်းမျိုးစုံနှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ပြုပြင်ရေးအပြင် ကျေးလက်နေအိမ် တည်ဆောက်ရေး၊ သစ်သားစက်လှေတည်ဆောက်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းပညာရပ်များကို  အခမဲ့သင်ပေးလျှက်ရှိသည်ဟု သိရသည်။
ယခုပြုလုပ်သော သင်တန်းအတွက် ကုန်ကျငွေများကို ဇွဲဆောက်လုပ်ရေးကုမ္ပဏီမှ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီး၊ အင်းစိန်နှင့် မော်ဘီကျောင်းများတွင် အင်ဂျင်နီယာ သင်တန်းပြခဲ့သူ ဆရာကြီးဦးသိန်းဝင်းနှင့် ဆရာဦးကျော်စိန်တို့က ပို့ချပေးသွားမည်ဟု သိရသည်။
ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးသုံးဦးနှင့်အတူ စိတ်ပါဝင်စားသူများနှင့် သင်သန်းသားများအပါဝင် စုစုပေါင်း ၆၀ ခန့်တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲကို နံနက် ၈ နာရီကျော်တွင် စတင်ပြီး ၁၀ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: