Friday, February 13, 2015

ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)ထွက်ရှိ

RK
(၁၈)  နှစ်ကြာ မထုတ်ဝေနိုင်ဘဲ ရပ်နားခဲ့ရသော ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) မှ ထုတ်ဝေသော ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀) သည် ယခုလတွင် ပြန်လည် ထွက်ရှိလာပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) အထွေထွေအတွင်းရေးမှူး ကိုမောင်စုလိုင်မှ သူ၏ အထွေထွေအတွင်းရေးမှူး သက်တမ်း (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)တွင် ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ပြန်လည် ထုတ်ဝေနိုင်သဖြင့် အထူး ဂုဏ်ယူမိကြောင်း နိရဉ္စရာသို့ ပြောကြားသည်။
“ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ကျွန်တော်အပါအ၀င် ရခိုင်ကျောင်းသား ကျောင်းသူတွေ ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) က နေပြီး ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ပြန်လည် ထုတ်ဝေနိုင်ခဲ့တာဟာ အထူးဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ၁၉၉၆ ခုနှစ် နောက်ဆုံး ထုတ်ဝေနိုင်ခဲ့ပြီး ၁၈ နှစ်အကြာမှ အခုပြန်လည် ထုတ်ဝေနိုင်ခဲ့ပါတယ်” ဟု ကိုမောင်စုလိုင်က ပြောသည်။
ရခိုင်တန်ဆောင် မဂ္ဂဇင်းကို ၁၉၅၀ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ဖွဲ့စည်းထားသော ‘ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသား၊ ကျောင်းသူများ အသင်း’ မှ “ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/ ကျောင်းသားများ အသင်းမဂ္ဂဇင်း၊ လွတ်လပ်ရေး စာစောင်” အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခုနှစ်ကျမှ လွတ်လပ်ရေး စာစောင်မှ ရခိုင်တန်ဆောင်မဂ္ဂဇင်း အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခဲ့သည်။
၁၉၅၀မှ ၁၉၆၃ ခုနှစ်ထိ ရခိုင်တန်ဆောင်မဂ္ဂဇင်း စုစုပေါင်း (၁၁) စောင် ထုတ်ဝေခဲ့ပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေများကြောင့် (၈) နှစ်ကြာရပ်နားခဲ့ပြီး ၁၉၇၁-၁၉၇၂ ခုနှစ်တွင် ပြန်လည် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၉-၁၉၈၀ တွင် ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ် (၁၆) ထိ ထုတ်ဝေနိုင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင်( ၈) နှစ်ကြာ ပြန်ရပ်နားသွားခဲ့သည်။
၁၉၈၈ ခုနှစ်တွင် အမှတ် (၁၇) ကို ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမှတ် (၁၈) ကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် အမှတ် (၁၉)ကိုလည်းကောင်း ထုတ်ဝေနိုင်ခဲ့ပြီး တစ်ဖန် (၁၈) နှစ်ကြာရပ်နားသွားခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမှတ် (၂၀) ကို ပြန်လည် ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ထုတ်ဝေသည့် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ထုတ်ဝေပြီးဖြစ်သော အမှတ် (၅) မဂ္ဂဇင်းမှ အပ ရခိုင်တန်ဆောင်မဂ္ဂဇင်းများ၏ မျက်နာဖုံးများကို မြောက်ဦးမြို့ရှိ ရွှေဂူတောင် ပိဋကတ်တိုက်နှင့် အတူ ဖေါ်ပြထားသည်။
“ ခုလို ဖေါ်ပြထားတာက ရခိုင်ယဉ်ကျေးမှုနဲ့ ရခိုင်တန်ဆောင်မဂ္ဂဇင်းခွဲခြားလို့ မရနိုင်ဘူးဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။ ယခင်က မြောက်ဦးမြို့မှာ ပိဋကတ်တိုက်တော်ပေါင်း ၄၂ ခုရှိပြီး ပိဋကတ်တော်တွေကို ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ စာပေယဉ်ကျေးမှု အရာမှာ ရခိုင်လူမျိုးတွေ ဘယ်အတိုင်းအတာထိ မြင့်မားစွာ တည်ရှိခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ရှိရှိ  မျက်နာဖုံးမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) ဥက္ကဋ္ဌ၊ ရန်ကုန် ပညာရေး တက္ကသိုလ်မှ ကထိက ဆရာ ဦးကျော်ဇံလှမှ မောင်မယ်သစ်လွှင်ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမှတ် (၂၀) ရခိုင်တန်ဆောင် မဂ္ဂဇင်းတွင် မြန်မာ- ရခိုင် နှင့် အင်္ဂလိပ်ဘာ ကဏ္ဍနှစ်ခုခွဲခြားထားပြီး ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ ကာတွန်းများဖြင့် ဝေေ၀ဆာဆာဖေါ်ပြထားသည်။
“ ရခိုင်တန်ဆောင် မဂ္ဂဇင်းက အရင်နဲ့စာရင် အများကြီးအားရစရာကောင်းပါတယ်။ ရခိုင်စကားပြော၊ ရခိုင် စကားပြေနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ အများအပြား ပါဝင်လာတာကို တွေ့ရတဲ့ အတွက် ရခိုင်စာပေအရေးအသားနဲ့ ပတ်သက်ပြီး အားတက်မိသလို တစ်ဖန် ပြန်လည် အားကောင်းမောင်းသန် နိုးထလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု  ရခိုင်တန်ဆောင် မဂ္ဂဇင်းအား ဖတ်ရှုပြီးနောက် ရခိုင်သားကြီး ကိုလှမြင့်က သူ့အမြင်ကို ဝေဖန် ပြောဆိုသည်။
ရခိုင်တန်ဆောင်မဂ္ဂဇင်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နေ့စွဲဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ဦးစံလှမောင် (စန္ဒာဝင်း ပုံနှိပ်တိုက်)တွင် ရိုက်နှိပ်ထားသည်။ ရောင်းဈေးမှာ ကျပ် ၂၀၀၀ ဖြစ်ကြောင်း သိရသည်။
 ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)၊ ၂၀၁၅ ခုနှစ် မဂ္ဂဇင်းကော်မတီ (ဓါတ်ပုံ- ရခိုင်တန်ဆောင်)
ရခိုင်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)၊ ၂၀၁၅ ခုနှစ်
မဂ္ဂဇင်းကော်မတီ (ဓါတ်ပုံ- ရခိုင်တန်ဆောင်)
သမိုင်းနှင့်သုတရသဆောင်းပါးများထဲတွင်သမိုင်းရှင်(မြောက်ဦး)၊ လေးဝတီခိုင်ကျော်၊ မေဦးသိန်းညွှန့်၊ မောင်မြကျော်၊ ညိုဝင်း(ချစ်မြေ)၊ဖိုးကျော့၊ခိုင်လင်း(မေဃ၀တီ)၊ ဒေါ်စောသိန်းတန်၊သိန်းရွှေ(လုပ်ငန်းရှင်တစ်ဦး)၊ ရက္ခစန္ဒာ (ဥဿ လင်း)၊ဆြာကု၊ ကောင်းမြတ်စံတို့ပါဝင်ရေးသားထားပြီး နီနီအောင်(ကျောက်ဖြူ)၏ ခရီးသွားဆောင်းပါးကိုလည်း ဖတ်ရှုနိုင်ကြမည် ဖြစ်သည်။ လူငယ်တက်သစ်စ စာရေးဆရာ ဝေဟင်အောင်၏ “ အောင်တိုင်ရွာမှ လွမ်းတေးသီ” သမိုင်းနောက်ခံ ၀တ္ထတို အပြင် အဏ္ဍ၀ါ စိုးမိုး၊ ကျွန်းစဉ်မြေ စောခက် (အမျိုးသားစာပေဆုရ)တို့၏ ၀တ္ထုတိုများကိုလည်း ခံစားတွေ့ထိနိုင်ကြမည် ဖြစ်သည်။
ဘာသာပြန်စာပေတွင် စစ်ငြိမ်၊ အောင်သူရကျော် (ရက္ခိုင်)နှင့် မောင်ပေါ်ထွန်း၏ လက်ရာများကို တွေ့မြင်ကြရမည် ဖြစ်သည်။
ရခိုင်စာပေ ကဏ္ဍတွင် မောင်ဗသိန်း၊ ဇယန္တဗောဓိ၊ ခိုင်မင်းဇံ၊ ငြိမ်းချမ်းဦးဖ၊ သန့်ဝဏ္ဍခိုင်၊ သျှင်စောမွန် (ရခိုင်ပြည်)၊ ရက္ခိတသျှစ်မောင် (ပညာရေး)တို့၏ ဆောင်းပါးများ၊ မောင်မောင်စော (ရခိုင်ညွှန့်ဖူး)၏ “ ကံ့ကောတောက အမှတ်တရတိ” တက္ကသိုလ် အလွမ်းပြေ ၀တ္ထုကိုလည်းကောင်း၊ ပွင့်သစ်(တမန်းသား)၊ အယွေစော၊ မာန်ယုကျော် (ရွှေဝမြေ)၊ ဆရာဇော်(ရက္ခမြီ)နှင့် သဇင်နီတို့၏ ရခိုင်ဝတ္ထုတိုများကိုလည်းကောင်း တ၀ကြီး ဖတ်ရှုကြရမည် ဖြစ်ပါသည်။
“ ဒီ ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်မှာလည်း ရခိုင်တန်ဆောင်မဂ္ဂဇင်းကို ပိုပြီး ဒီထက် ကောင်းမွန်အောင် ထုတ်ဝေသွားပါမယ်။ ဆရာ/ ဆရာမတွေ၊ ရခိုင် စာရေးဆရာတွေ၊ ကဗျာဆရာတွေ အပါအ၀င် ကျောင်းသားကျောင်းသူတွေနဲ့ တိုင်ပင်ညှိနိုင်းပြီး ရခိုင်တန်ဆောင် မဂ္ဂဇင်း ကို စဉ်ဆက် မပြတ်ထုတ်ဝေနိုင်အောင် ကြိုးစားသွားပါမယ်” ဟု ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)၏ အထွေထွေအတွင်းရေးမှူး မစုမြတ်သွယ်က နိရဉ္စရာသို့ ပြောကြားသွားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: