Friday, February 13, 2015

မြန်မာကလေးများနေ့ သံတွဲမြို့တွင် ကြိုကျင်းပ


image-9bb2b2040cc64714fb29f4fb6de4a6ad79d9405c542b6087768ed9e1ce6e07f4-V
ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကလေးပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဖေဖော်ဝါရီ ၇ ၊ ၈ နေ့များတွင် သံတွဲမြို့ ပန်းဝတီ မူလ တန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
သံတွဲမြို့ ဗိုလ်ချုပ်လမ်း ပန်းဝတီ မူကြိုကျောင်းတွင် ကျင်းပသော မြန်မာနိုင်ငံကလေးများ နေ့တွင် ကလေးများအက၊ ရွှေတံဆိပ်ဆုရှင်များ၏ အဆို၊ ရုပ်သေးပညာရှင်များ၏ ရုပ်သေးအက များဖြင့် ဖြေဖျော်ခဲ့ကြသည့် အပြင် ကာတွန်း၊ ကဗျာ၊ ဓာတ်ပုံပြပွဲကိုပါလည်း ပူးတွဲပြသခဲ့သည်။
နိဗ္ဗာန်ဈေးပွဲတော်တွင်လည်း သံတွဲမြို့မှ စေတနာရှင် အလှူရှင်များ၏ ဆိုင်ခန်းပေါင်း နှစ်ရာကျော် ပါဝင်ခဲ့ပြီး ပွဲတော်မှာ အထူးစည်ကားသည်။
ပန်းဝတီ မူလတန်းကြိုကျောင်း ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးတင် အောင်က “  မြန်မာနိုင်ငံ ကလေးများနေ့ကို ကျွန်တော်တို့ မူကြိုကျောင်းမှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲပါ။ မူကြိုဆိုတာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို အဓိက ပျိုးထောင်တဲ့ ပျိုးဥယာဉ် တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မူကြိုကျောင်း ကြီးကြပ်တဲ့ ကော်မတီ ဆိုတာလည်း ဘယ်သူကမှ တာဝန်ပေးထားတာမဟုတ်ဘဲ ကလေးချစ်တဲ့ စိတ်တူကိုယ်တူတွေ ပူး ပေါင်းပြီး ဒီကျောင်းလေးကို ထူထောင်ထားတာပါ။ ဒါကြောင့် ဗိုလ်ချုပ်မွေးနေ့ဆိုတာထက် မြန်မာ နိုင်ငံကလေးများနေ့လို့ ခေါင်းစဉ်တပ်တာပါ။ အစက ၁၂၊ ၁၃ လုပ်မယ်လို့ စီစဉ်ခဲ့ပေမယ့် စာမေးပွဲ တွေနဲ့ နီးကပ်နေတော့ ၇၊ ၈ ကိုပြောင်းပြီး ကြိုလုပ်လိုက်တာပါ” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
သံတွဲမြို့ ကလေးများကို အစဉ်အလာတစ်ခုအဖြစ် နှစ်စဉ်ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု သူက ဆိုသည်။
ပွဲခင်းလာသူ သံတွဲဒေသခံ ဒေါ်လှရီက  “ အရမ်းပျော်ဖို့ကောင်းတာပဲ။ ကလေးများနေ့ဆို ဘယ်သူကမှ အလေးမထားကြဘူး။ အခု ဗိုလ်ချုပ်နှစ်တစ်ရာပြည့်လုပ်လို့သာ ဗိုလ်ချုပ်အောင်ဆန်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မွေးတယ်လို့  ခုမှ သိတဲ့ လူတွေလည်း ရှိတယ်။ ကလေးများနေ့ ဘယ်နေ့ဆိုတာ သိဖို့က ပိုဝေးတာပေါ့။ သိတဲ့ သူက အရမ်းနည်းတယ်။ ဗယ်လင်တိုင်ဒေး ချစ်သူများနေ့ကတော့ လူတိုင်းသိနေကြတယ်။ ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ ရှက်တက်မယ်ဆိုရင် အရမ်းရှက်ဖို့ကောင်းတယ်။ အခုလို ဖော်ထုတ်ပြီး ပွဲ လမ်းသဘင် လုပ်ပေးတဲ့လူတွေကို အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းတယ်။ ပွဲလေးက အင်မတန် စည်ကားတဲ့အပြင် အရမ်း အဓိပ္ပါယ်ပြည့်ဝတဲ့အပြင် နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သင့်တဲ့ပွဲတစ်ခုပါ” ဟု ပြောသည်။
ကလေးများနေ့ သို့ လူပေါင်းရာချီတက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: