Monday, August 12, 2013

ရခိုင် ၈၈ မျိုးဆက်ကွန်ယက်နှင့် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ ရန်ကုန်တွင် တွေ့ဆုံ

MPC-88
ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဘင်္ဂလာဒေခ်ျ့မှ ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) မှ အဖွဲ့ဝင်များသည် ယနေ့တွင် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲအား ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ၁၉၈၈ ခုနှစ်ကတည်းက ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိနေကြသော ရခိုင်ကျောင်းသားများ ပြည်တွင်းသို့ ချောမွေ့စွာ ပြန်လည် ၀င်ရောက်နိုင်ရေး စသည့် ကိစ္စရပ်တို့ကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) အဖွဲ့ခေါင်းဆောင် ကိုခိုင်ဆန်းအောင်က ပြောသည်။ “ အဓိကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ် အတွင်း အစဉ် တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေး ရရှိရေး အတွက် ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးကြပါတယ်” ဟု ကိုခိုင်ဆန်းအောင်က ဆိုသည်။ ဆွေးနွေးပွဲသို့ မြန်မာ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာ ကျော်စံဦးတို့ တက်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) မှ ခိုင်ဆန်းအောင်၊ ခိုင်မြတ်ကျော်၊ ကိုသိန်းမောင်၊ ခိုင်ပြည်သိန်း၊ ကိုထွန်းစံ၊ ကိုစိုးလင်းနှင့် ကိုထွန်းကြည် တို့ တက်ရောက်ခဲ့ကြသည်။ နံနက် ၁၀ နာရီမှ စတင်ခဲ့သော ဆွေးနွေးပွဲမှာ ၁၂ နာရီခွဲထိ ကြာမြှင့်ခဲ့ပြီး ဆွေးနွေးပွဲမှာ အကျိုးရှိကြောင်း ကိုခိုင်ဆန်းအောင်က ပြောသည်။ ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်) မှ အဖွဲ့ဝင်များသည် နေပြည်တော်တွင်လည်း ၀န်ကြီး အချို့နှင့် ထပ်မံ တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: