Monday, November 10, 2014

ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ခြင်းမျိုးထက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ စတင်ခန့်အပ်ခွင့်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်။
ဆရာဝန်၊ သူနာပြုများကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ခြင်းမျိုးထက် လာမည့်နှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို မိမိတို့ အစီအစဉ်ဖြင့် စတင်ရွေးချယ် ခန့်အပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“အရင်က လက်ထောက်ဆရာဝန်တစ်ယောက်က ကျန်းမာရေးဝန်ကြီးဌာနမှာ အမှုထမ်းချင်လို့ရှိရင် ရေးဖြေစာမေးပွဲတွေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရတယ်။ ၀န်ကြီးဌာန အနေနဲ့ကလည်း အားလုံးကိုမခန့်ဘူး လိုအပ်တဲ့ အရေအတွက်ကိုပဲ ရွေးချယ်ခန့်အပ်တာဖြစ်တယ်။ အခုကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုအပ်တဲ့ဆရာဝန်၊ ဆရာမတွေ အထူးသဖြင့် ဆရာဝန်တွေ ခန့်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ သူ့အစီအစဉ်နဲ့ လျှောက်လွှာခေါ်ပြီး သူ့အစီအစဉ်နဲ့ ရွေးချယ်ခန့်ထားဖို့အတွက် ဆောင်ရွက်ပြီးနေပါပြီ” ဟု ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများ အတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ပေးထားကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ၀ါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင် ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် အမြဲနေထိုင်သူ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်သား ပြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်သူ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ၊ အခြေခံပညာ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းများကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စသည်တို့ သတ်မှတ်ခဲ့ပြီး လူဦးရေ ကန့်သတ်ချက် မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: