Tuesday, March 12, 2013

နိုင်ငံအဝှမ်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက် ပြည်ထဲရေးမှ မူကြမ်းဆွဲလျက်ရှိ



မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ
အချို့ဒေသများတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပဋိပက္ခများ နိုင်ငံ
အဝှမ်း မဖြစ်ပွားစေရေးအတွက် မူကြမ်းရေးဆွဲ နေပြီဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနရှိ လုံခြုံရေးနှင့် မှုခင်းဌာနမှ ရဲမှူးကြီး
မျိုးသန့်က ပြောကြားသည်။

အဆိုပါ မူကြမ်းအား ယမန်နေ့က ပြုလုပ်ခဲ့သော ဗဟိုအစည်း
အဝေးတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း
အတာဖြင့် လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းများ၊
ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
၎င်းထံမှ သိရ သည်။

“မူကြမ်းကတော့ စဆွဲနေပါပြီ။ ဒါပေမယ့် မပြီးသေးတဲ့အတွက်
ပြောလို့တော့ မဖြစ်သေးပါဘူး။ အဓိကတော့ ဘာသာရေး၊
လူမျိုးရေးနဲ့နွယ်ပြီး အဓိကရုဏ်းတွေ မဖြစ်စေဖို့ပါ” ဟု ရဲမှူးကြီး
မျိုးသန့်က ပြောကြားသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် မတ်လ အစောပိုင်းတွင်
ဘာသာရေးနှင့် ဆက်နွယ်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း
သိရပြီး သာကေတမြို့နယ်တွင်လည်း ဖေဖော်ဝါရီလအတွင်း
အလားတူ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသအတွင်း ပဋိပက္ခများ မကူးဆက်နိုင်ရန်
အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
“ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မြို့နယ်တွေကို မကူး
ဆက်အောင် မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ အစီအမံတွေ
လုပ်ထားပါတယ်” ဟု ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင်း ယခုလက်ရှိတွင် မြို့နယ်အုပ်ချုပ်
ရေးမှူးမှ ဒေသန္တရ အမိန့်ထုတ်ပြန်ထားပြီး ပဋိပက္ခများ
အဓိကရုဏ်းများ မဖြစ်ပွားစေရန်အတွက် လူစည်ကားရာ
နေရာများတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိတော့ ဒေသန္တရ အမိန့်ထုတ်ထားတယ်။ မြို့နယ်
တိုင်းမှာလည်း သက်ဆိုင်ရာက စောင့်ကြည့် စီစဉ်နေပါတယ်”
ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဆိုသည်။

အထက်ပါ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့်
သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေးရန် မျှော်လင့်လျက်ရှိပြီး
၎င်းတို့အနေဖြင့် “ဘယ်အချိန် မီးကွင်းပစ်မလဲ ဆိုတာကို
ကြောက်လန့်နေရတယ်” ဟု ဖြစ်ပွားရာအနီးနေထိုင်သူများက
ဆိုသည်။

စူးရှ
(သတင်းအရင်းအမြစ်- ရခိုင်လူမှုရေးအသင်း၏ Facebook စာမျက်နှာ- ကျေးဇူးတင်ပါသည်)

No comments: