Tuesday, April 2, 2013

ကျောက်ဖြူဒေသခံများ၏ ဒုက္ခ

သမ္မတ ဦးသိန်းစိန်နှင့် သက်ဆိုင်ရာဌာန အသီးသီး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နိုင်ငံတော်အဆင့် စီမံကိန်းကြီးများကို ဆောင်ရွက်နေကြရာ ယခုအခါ ပြီးစီးလုနီးပါး အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ သို့သော် စီမံကိန်းကြီးမစတင်မီက တည်ရှိခဲ့သော လမ်းများ၊ တံတားများနှင့် ပတ်ဝန်းကျင်တို့သည် ယခုအခါ ညစ်ထေး၍ ပျက်စီးယိုယွင်း လျက်ရှိကြပါသည်။

စီမံကိန်းပိုက်တင်ကားကြီးများကြောင့် လမ်းများ၊ တံတားများသည် ဆိုးဝါးစွာ ပျက်စီးနေသည့်အတွက် ဒေသခံများအတွက် စိတ်မသက်မသာဖြစ်နေကြရသည်။ ပြုပြင်ရေးကိစ္စရပ်များကို ကာလကြာမြင့်စွာ လျစ်လျူရှု ခဲ့ကြသည့်အတွက် ပိုမိုပျက်စီးလာမှုများသည် ဒေသခံများပြည်သူများအား ဂရုမစိုက်ရာရောက်နေကြသည်ဟု ဒေသခံပြည်သူများမှ ခံစားနေကြရသည်။
မကြာသေးခင်ကာလမှစ၍ ကျောက်ဖြူမြို့မှ ဂုံးချွိန်အထိ (၅) မိုင်ခန့်ရှိ ပျက်စီးနေသော ကားလမ်းကို ဒေဝူးကုမ္ပဏီမှ လမ်းအကျယ် ၁၂ ပေခန့်ကို ပြုပြင်ဖာထေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများမှာ ကျန်းမာရေးထိခိုက်နိုင်သော ဖုံထခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းများကို သေးခံ၍နေခဲ့ကြပါသည်။

ဂုံးချွိန်မှ သစ်ပုပ်တောင် လမ်းခွဲအထိ (၆)မိုင်ကျော်ခန့်ကို ယခင်ကတည်းကမှ ယခုအချိန်အထိ ထိရောက်သော ပြုပြင်ရေးကိစ္စရပ်များကို လျစ်လျူရှုနေဆဲဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင်ပါဝင်သော ဝန်ကြီးသား/သမီးများပိုင်ဆိုင်သော IGE ကုမ္ပဏီမှ ဒေသခံအာဏာပိုင်များနှင့်ပူပေါင်း၍ ဟန်ပြသဘောလောက်သာ အနည်းငယ်ပြုပြင်မှုကြောင့် ယခင်ကထက် ပိုမိုဆိုးဝါးစွာ ပျက်စီးမှုများရှိခဲ့သည်။

လမ်းနှင့်တံတားပျက်စီးမှုအတွက် ပတ်ဝန်းကျင်ပျက်စီးညစ်ညမ်းမှုအတွက် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသော Punjuid ကုမ္ပဏီ၊ CNPC ကုမ္ပဏီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ IGE ကုမ္ပဏီ၊ MGC ကုမ္ပဏီ၊ OGT ကုမ္ပဏီ စသည်တို့တွင် အပြည့်အဝတာဝန်ရှိကြသော်လည်း ၄င်းတို့၏အကျိုးစီးပွားအတွက်သာ အဓိကထားဆောင်ရွက်နေကြပြီး ဒေသခံပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြားအောင် ပြုလုပ်နေကြသည်ဟု ဒေသခံများက မှတ်ယူနေကြသည်။
ကျောက်ဖြူနှင့်ရခိုင်ပြည်လုံးဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံသံဃာတော်များမှ အနီးကပ်စောင့်ကြည့်နေကြပြီး အမြန်ဆုံးအစီအစဉ်ဖြင့် လမ်းများတံတားများကို လုံလောက်သောဝန်ထမ်း အင်အားများဖြင့် ပြုပြင်ပေးစေရန်အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ သိရှိစေရန် တင်ပြအပ်ပါသည်။

ကျောက်ဖြူဒေသခံတစ်ဦး
http://arakantimes.net/burmese
(သတင်းအရင်းအမြစ်- လေးမြို့ Website)

No comments: