ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းမှ ကမန်များစီးလာသော ကားတစ်စီးသည် ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာအနီး တံတားတခုကို ၀င်တိုင်တိမ်းမှောက် သွားကြောင်းသိရသည်။
သံတွဲမြို့ဝင်ဝ။ သံတွဲမြို့ဝင်ဝ။
အဆိုပါကားမှာ ရမ်းဗြဲမြို့မှ ဒုက္ခသည်စခန်းမှ ကမန်ဒုက္ခသည် ၁၇ ဦးကို ဧပြီလ ၂၆ ရက်နေ့ ညနေ ၇း၃၀ နာရီတွင် တိတ်တဆိတ် သယ်ဆောင်လာခြင်းဖြစ်ပြီး သံတွဲမှ ၁၆ မိုင်အကွာ တောင်ကုတ်-သံတွဲကားလမ်းမပေါ် မိုင်တိုင်အမှတ် ၂၇/၂ နှင့် ၂၇/၃ အကြားရှိ တံတားအမှတ် -၅၂၈ ၏ တံတားဘောင်ကို ၀င်တိုက်မိရာမှတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
" ယာဉ်အမှတ်- ၂ခ/ ၁၆၃၇ ကင်တာအဖြူရောင် ကားအမျိုးစားဖြစ်တယ်။ သွားကြည့်တော့ တံတားညာဘက်မှာ တစောင်းအနေအထားနဲ့ တွေ့ရတယ်။ ကားပေါ်မှာ ရခိုင်လူမျိုးကားပိုင်ရှင်နဲ့ ကားမောင်နှစ်ဦးရယ် နောက်ပြီးတော့ ကမန် ၁၇ ယောက်ပေါင်း ၁၉ ယောက်ပါလာတယ်။ ကမန်တစ်ယောက် ဂုတ်ကျိုးပြီး သေဆုံးသွားခဲ့တယ်။ ကျန်တချို့ပွန်းပဲ့ ဒဏ်ရာရလို့ ရွှေလှေဆေးရုံမှာ ဆေးကုသခံယူလို့ နေကောင်းသွားပါပြီ။ အခု ကမန်တွေကို ခိုးထုတ်လာတဲ့ ရခိုင်နှစ်ယောက်နဲ့ ကမန် ၃ ယောက်ကို မြို့ပေါ်ရဲစခန်းမှာ အရေးယူထားတယ်လို့ သိရတယ်။ ကျန်သူတွေကိုတော့ သူတို့နဲ့ ဘာသာတူတဲ့ မူဆလင်ဘာသာဝင် အိမ်တွေမှာ ထားတယ်လို့သိရတယ်။ " ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုးက ဆိုသည်။
သေဆုံးသူမှာ ရမ်းဗြဲမြို့အမှတ် (၆)ရက်ကွက်မှ ဦးတင်လှိုင် (၃၅နှစ်)ဖြစ်ပြီး၊ ယာဉ်မောင်းမှာ ရမ်းဗြဲမြို့အမှတ် (၄)ရပ်ကွက် အောင်စေတီရပ်နေ ကိုသန်းဗိုလ်နှင့် ကားပိုင်ရှင်မှာ ရမ်းဗြဲမြို့နယ တရားရုံးစာရေးကြီး ဦးမောင်ဝေတင် တို့ဖြစ်ကြောင်းသိရသည်။
" ယာဉ်မောင်းကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)၊ ၃၆၇ပုဒ်မလေးခုနဲ့ အရေးယူထားတယ်။ ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းက လူတွေကို အခကြေးငွေယူပြီးတော့ တရားမ၀င်သယ်ဆောင်ခြင်းပြစ်မှု ပုဒ်မ ၃၆၇ နဲ့ နောက်ထပ်အရေးယူခံရသူတွေက ကားပိုင်ရှင် ဦးမောင်ဝေတင်၊ ကမန်လူမျိုး ဦးဝင်းဌေး(ခ)ညီပုချေ တို့နှစ်ဦးပါ။ ဦးဌေးဝင်းက ဒုက္ခသည်စခန်းမှာနေတဲ့ လူတွေဆီက ငွေကြေးကောက်ခံ လူစုပေးတယ် လို့သိရတယ်။ ကျန်တဲ့က မန်ကျားတစ်ဦးနဲ့ မတစ်ဦးကိုတော့ မှတ်ပုံတင်မပါဘဲသွားလာမှု အမတအက် ၆၂၊ ၆၃ နဲ့ စစ်ဆေးနေပါတယ်။ " ဟု သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထို့အတူ သံတွဲလ၀ကမှ ၀န်ထမ်းတဦးကလည်း မည်သူမဆို နိုင်ငံတွင်းခရီးသွားလာပါက နိုင်ငံသားကဒ် မပါရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူရကြောင်း၊ ယခုဖြစ်စဉ်မှာ လူသိရှင်ကြားထူးခြားဖြစ်စဉ် တစ်ရပ်ဖြစ်နေ၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးရန် တာဝန်ရှိသည်နှင့်အညီ စုံစမ်းမေးမြန်းရှာဖွေမှုများ ပြုလုပ်ရာတွင် မှတ်ပုံတင်မပါရှိ၍ ဥပဒေအရအရေးယူခဲ့ရကြောင်း ရှင်းပြသည်။
ရမ်းဗြဲမှ ရန်ကုန်သို့ ပုံမှန်သွားလျင် တောင်ကုတ်ဂိတ်ကိုဖြစ်၍ ပြည်လမ်းကြောင်းအတိုင်း သွားရမည်ဖြစ်သော်လည်း သံတွဲဘက်မှ သွားရခြင်းမှာ လုံခြုံမှုကို စိုးရိမ်ရသောကြောင့် ဖြစ်နိုင်ကြောင်းဒေသခံတို့က သုံးသပ်ကြသည်။ ၄င်းအပြင် ယခင်ကလည်း ကျောက်နီမော်ရွာနှင့် ရမ်းဗြဲဒုက္ခသည်စခန်းတို့မှ နည်းမျိုးစုံဖြင့် သံတွဲမြို့ကိုဖြတ်၍ ရန်ကုန်သို့ သွားရောက်နေကြသူများရှိသလို၊ သံတွဲမြို့ပေါ်ရှိ မူဆလင်အိမ်များ၌ ခိုကပ်နေထိုင်လျက် ရှိနေကြောင်းလည်း ဆိုကြသည်။
ဒေသခံများ အဆိုအရ ရမ်းဗြဲ ကျောက်နီမော်ဘက်မှ လာသောမူဆလင်အုပ်စုမှာ ဂွလမ်းမှ ရန်ကုန်သို့ ကားဖြင့်သွားခြင်းမဟုတ်ဘဲ ငွေကြေးအကုန်အကျခံကာ လေကြောင်းခရီးဖြင့်သာ သွားလေ့ရှိကြောင်းသိရသည်။ ယင်းအခြေအနေများကြောင့် ဧပြီလ၂၇ ရက်နေ့က သံတွဲမြို့နယ် သံဃာ့ကွန်ယက်သည် မြို့နယ်တွင်းသို့ တရားမ၀င်တိတ်တဆိတ် ၀င်ရောက်နေမှုများရှိနေ၍ သံတွဲမြို့နယ်အတွင်း မတည်ငြိမ်မှု များဖြစ်ပေါ်လာနိုင် သဖြင့်နယ်မြေလုံခြုံရေး အထူးလုပ်ဆောင်ရန် လိုအပ်နေကြောင်း အကြံပြုချက် စာတစောင်ကို ခရိုင်အုပ်ချုပ်ရေးမှူး ထံသို့ပေးပို့ထားသည်ဟု သံဃာ့ကွန်ယက် အတွင်းရေးမှူးဆရာတော် အရှင်ကောသလ္လ (ဂဝေသီ)က မိန့်ကြားထားရှိသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- နေဇော်(သံတွဲ))