Thursday, June 27, 2013

တိုင်းပြည်အတွက် လိုအပ်ပါက ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

dawsu-june26
တိုင်းပြည်အတွက် လိုအပ်ပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန် သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။
"နိုင်ငံရေးမှာ ဖြစ်နိုင်စရာတွေ အများကြီး ရှိတယ်။ တံခါးပိတ်ထားတာထက် တံခါးဖွင့်ထားတာကို အန်တီပိုသဘောကျတယ်။ ညွန့်ပေါင်းဆိုရင်လည်း မဖြစ်နိုင်ပါဘူးဆိုတဲ့ အမြင်ကို မကြိုက်ဘူး။ ဖြစ်နိုင်ခြေ ရှိတာပေါ့။ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ တိုင်းပြည်အတွက် လိုအပ်ရင် ဖြစ်နိုင်ရမှာပေါ့" ဟု ဒေါ်aအာင်ဆန်းစုကြည်က ပြောကြားသည်။
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်း၊ မဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒတွင် ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်ဟု မပါရှိကြောင်းနှင့် နိုင်ငံaရးတွင် တံခါးပိတ်ထားခြင်းထက် တံခါးဖွင့်ထားခြင်းကသာ ပို၍ကောင်းကြောင်း၊ တတ်နိုင်သမျှ အများပါဝင်ရေးကိုသာ ဦးတည်ရမည်ဖြစ်ကြောင်း၊ ပါတီ၏ မူလအစ ရည်ရွယ်ချက်နှင့် တောင်းဆိုမှုတွင်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို လက်ကိုင်ယုံကြည်သောကြောင့် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြေကြားသည်။
ထို့ပြင် "တပ်မတော်ကို နိုင်ငံရေးထဲ ပါဝင်စေချင်သလား၊ မပါဝင်စေချင်ဘူးလား ဆိုတာက နိုင်ငံရေး အသိုင်းအ၀ိုင်းကိုလည်း ကြည့်ရမယ်။ တပ်မတော်ကို လိုအပ်ချက်အတွက်သုံးပြီး ကိုယ့်အခြေအနေ အသာရအောင် ဖန်တီးတာမျိုး မလုပ်ရဘူး။ အဲဒါက တပ်ကိုလည်း နစ်နာစေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသို့ မဲပျံ့နှံ့မှု ရှိမည်ဟု မယုံကြည်ကြောင်း၊ မြန်မာပြည်သူများသည် မူပေါ်မှာ အခြေခံကာ မဲပေးသည့်အတွက် မဲပျံ့နှံ့မှု ရှိမည်မဟုတ်ကြောင်း၊ တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား ပါတီများကို ထောက်ခံမဲပေးကြသော်လည်း ပြည်မတွင် ပါတီကြီးများကိုသာ မဲပေးကြပြီး ပါတီအသေးများကို မဲပေးသည့် အလေ့အထ ပြည်သူလူထုတွင် မရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မဲအပြတ်အသက် အနိုင်ရရှိပါက ၁၉၉၀ ပြည့်နှစ်ကကဲ့သို့ နောက်ကြောင်းပြန်လှည့်နိုင်ခြေ မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: