Thursday, June 27, 2013

ပြည်ထောင်စုအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ကော်မတီ(cabinet committee) များဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ ကော်မတီ (Cabinet Committee) များကို ဖွဲ့စည်းလိုက်ကြောင်း ဇွန် ၂၄ ရက်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့ ကော်မတီများမှာ ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ၊ စီးပွားရေးရာ ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုရေးရာ ကော်မတီတို့ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီကို နိုင်ငံတော် သမ္မတက ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန (၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများ၊ ဘဏ္ဍာ/အခွန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့က အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
စီးပွားရေးရာ ကော်မတီကိုလည်း နိုင်ငံတော်၏ စီးပွားရေး ကိစ္စရပ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတကပင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယရှေ့နေချုပ်တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဒုတိယသမ္မတ (၁)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုရေးရာ ကော်မတီကို သမ္မတရုံးဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ ကော်မတီများသည် ယင်းတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါကော်မတီများ ဖွဲ့စည်းခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၃)၊ (၃၄/၂၀၁၃)၊ (၃၅/၂၀၁၃)၊ (၃၆/၂၀၁၃) တို့ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: