ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများသည် အလုပ်သမား ယာယီပါ့စ်ပို့ (passport) ဖြင့် အလုပ်လုပ်ကိုင် ကြသော်လည်း အလုပ်ရှင်များထံတွင် လုပ်အားခ အပြည့်အဝမရရှိကြသည့်အပြင် ပါ့စ်ပို့များကိုပါ သိမ်းဆည်းခြင်းကို ခံနေရကြောင်း သတင်းရရှိသည်။
ပ့ါစ်ပို့များကို သိမ်းဆည်းခြင်းခံခဲ့ရသော ရခိုင်အမျိုးသား ၆ ဦး။ ပ့ါစ်ပို့များကို သိမ်းဆည်းခြင်းခံခဲ့ရသော ရခိုင်အမျိုးသား ၆ ဦး။
ရခိုင်အမျိုးသားများဖြစ်ကြသော ပုဏ္ဏားကျွန်းမြို့နယ်မှ မောင်ဦးလင်းစိုး၊ မောင်စိုးမြင့်နိုင်၊ ဦးဝင်းမောင်သန်း၊ မောင်သန်းထွန်း၊ ဦးမောင်ကျော်ညွှန့်နှင့် မောင်စောမောင်အေး တို့သည် မြန်မာ-ထိုင်း တရားဝင်သတ်မှတ်ထားသည့် အလုပ်သမားယာယီပါ့စ်ပို့ကို ကိုင်ဆောင်၍ ပထုန်ဌာနီမြို့ ဆာလာပူလီရပ်ကွက်ရှိ ဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်ကိုင်ကြရာ အလုပ်ရှင်သူဌေးက သူတို့ကို လုပ်အားခလစာ အပြည့်အ၀မပေးသည့်အပြင် ပါ့စ်ပို့ကိုပါ သိမ်းဆည်းခဲ့ကြောင်း ၄င်းအထဲတွင်ပါဝင်သူ ဦးဝင်းမောင်သန်းက ပြောသည်။
" ကျနော်တို့က အလုပ်ရှာပေးတဲ့ အလုပ်သမားအကျိုးဆောင်ရုံးကနေတဆင့် အလုပ်သွားလုပ်ခဲ့တာပါ။ ကျနော်တို့ လုပ်ခဲ့တာကတော့ ဆာလာပူလီမှာရှိတဲ့ ဘီလပ်မြေစက်ရုံမှာပါ။ အလုပ်ရှာပေးတဲ့ ရုံးကတော့ ကျနော်တို့ကို တစ်ရက်မှာ ဘတ် ၃၀၀ ရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ်တော့ ဘတ် ၃၀၀ မရပါဘူး။ မရတဲ့အပြင် ပါ့စ်ပို့တွေကိုလည်း သိမ်းထားပါတယ်။ ဒါနဲ့ ကျနော်တို့မှာ ပါလာတာက ၆ ယောက်ပေါ့နော်။ အဲဒါနဲ့ ကျနော်တို့လည်း ၂၂ ရက်ပဲ အလုပ်လုပ်ခဲ့ပါတယ်။ ကျနော်တို့ အလုပ်မလုပ်တော့ဘူးဆိုပြီး သူဌေးဆီက ပ့ါစ်ပို့တွေကို တောင်းပါတယ်။ သူဌေးက မပေးဘူး။ အဲဒါနဲ့ ကျနော်တို့လည်း အလုပ်လုပ်နေလို့ မဖြစ်တော့ဘူးဆိုပြီးတော့ ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီလို ထွက်ပြေးတဲ့အချိန် လမ်းမှာ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ပ့ါစ်ပို့ မိတ္တူကိုပြတော့လည်း မရဘူး။ အဲဒါကြောင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ တစ်ယောက်ကို ဘတ် ၆၀၀၀ ပေးခဲ့ရပါတယ်။ " ဟု ဆိုသည်။
အဆိုပါ ရခိုင့်အမျိုးသား ၆ ဦးတို့သည် ပါ့စ်ပို့ကို ပြန်တောင်းပေးရန် သူတို့ကို အလုပ်ရှားပေးခဲ့သော ပထုန်ဌာနီမြို့တွင်ရှိသော Jo bb limited Partnership (မြန်မာရွေ့ပြောင်း အလုပ် သမားများ passport ဆိုင်ရာအကျိုးဆောင်လုပ်ငန်း) ရုံးသို့ ဖုန်းဆက်တိုင်ကြားခဲ့သော်လည်း ၄င်းရုံးမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဟု သူက ပြောသည်။
" ကျနော်တို့ကို ကိုမောင်ဘုဆိုတဲ့သူက အလုပ်ရမယ်ဆိုပြီးတော့ ခေါ်ခဲ့တာပါ။ ပြီးတော့ အဲဒီရုံးမှာရှိတဲ့ ကိုမောင်နီဆီမှာ ထားခဲ့ပါတယ်။ တစ်ရက်မှာ ဘတ် ၃၀၀ ရမယ်ဆိုပြီး ကိုမောင်နီကလည်း သူဌေးတစ်ယောက်နဲ့ ဆက်ပေးတယ်။ ကျနော်တို့က သူတို့ကို အလုပ်ဆက်ပေးခဆိုပြီးတော့ တစ်ယောက်ကို ဘတ် ၁၅၀၀ ပေးခဲ့ရတယ်။ သူဌေးကလဲ ကျနော်တို့ကို ခေါ်သွားတဲ့အတွက် အဲဒီရုံးမှာ ပိုက်ဆံပေးခဲ့ရတယ်။ ဘယ်လောက်ပေးခဲ့ရလဲ ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် သူတို့ဟာ ကျနော်တို့ဆီက တစ်ခါ၊ သူဌေးဆီကတစ်ခါ ပိုက်ဆံနှစ်ခါတောင်ရတယ်။ ဒါနဲ့တောင်မှ ကျနော်တို့ အခက်အခဲဖြစ်နေတာကို မကူညီဘူး။ ပါ့စ်ပို့လေး တောင်းပေးပါဆိုတာကို မတောင်းပေးဘူး။ အဲဒီလိုမျိုးသာ မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတယ်ဆိုရင်တော့ ကျနော်ကတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ " ဟု သူက ဆိုသည်။
ဆက်လက်ပြီး ပါ့စ်ပို့ကို ပြန်ရရှိရန် ၄င်း ၆ ဦးတို့သည် ဘန်ကောက်မြို့ အခြေစိုက် ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှုပန်းတိုင်အသင်းကို အကူအညီတောင်းခံခဲ့ရာ ၄င်းအသင်းက ကူညီပေးခဲ့သောကြောင့် ပါ့စ်ပို့ကို ပြန်ရရှိခဲ့သည်ဟု ပန်းတိုင်းအသင်း၏ အကြံပေးဖြစ်သူ ကိုအချိုင်မှ ပြောသည်။
" ဒီ ပါ့စ်ပို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်ရှာပေးမယ်လို့ပြောတဲ့ မောင်နီ အကျိုးဆောင်လုပ်ပေးနေတဲ့ ရုံးခန်းကို သွားပြီးတော့ ပြောပါတယ်။ ပြီးတော့ ဆာလာပေါ်လီမှာနေတဲ့ သူဌေးဆီကို တိုက်ရိုက်သွားပြီးတော့ အလုပ်မလုပ်ချင်တဲ့ အလုပ်သမားကို ဘာကြောင့် အလုပ်လုပ်ခိုင်းနေရတာလဲ၊ ဒါက လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်တယ်ဆိုပြီးတော့ ကျွန်တော်က သူဌေးကို ပြောတယ်။ မပေးရင် ဥပဒေအရ ဆက်လုပ်သွားမယ်လို့ ပြောတော့မှ နောက်တစ်နေ့ကျတော့ သူဌေးက ပါ့စ်ပို့ကို အလုပ်ရှာပေးတဲ့ အကျိုးဆောင်လုပ်ငန်းရုံးကို လာပေးတယ်။ ပါ့စ်ပို့ကိုတော့ အလုပ်သမားတွေ ကိုယ်တိုင် သွားယူလိုက်ကြပါတယ်။ " ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော ရွေ့ပြောင်း မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ သဘောတူညီအချက်အရ ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ ၈ လ သတ်မှတ် ပေးထားခဲ့ရာမှ ယာယီ ပါ့စ်ပို့လုပ်သူ နည်းပါးသောကြောင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ အထိ ၂ နှစ်တိုးမြှင့်ပေးခဲ့ကြောင်း၊ ဆက်လက်၍ ယခုနှစ် ၂၀၁၃ ခု မတ်လမှ ယာယီပ့ါစ်ပို့ကို စတင်လုပ်ပေးခဲ့ပြီး ယခုအချိန်ထိ ပြုလုပ်ပေးနေသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မြတ်နိုးခင်)