Friday, August 16, 2013

ခိုင်ဇော်ရဲ့ ဒီဇင်ဘာ ၃၁ တေးစီးရီးခွေ ထွက်ရှိ

december-31
ရခိုင်တေးသံရှင် အဆိုတော် ခိုင်ဇော်၏ ဒီဇင်ဘာ (၃၁) တေးစီးရီးခွေသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် သြဂတ်လ(၁၃)ရက်နေ့က ထုတ်ဝေဖြန့်ချီ ခဲ့သည်။

ကိုခိုင်ဇော်သည် ရခိုင်လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီး ရခိုင်သီချင်းများဖြင့် နာမည် ကျော်ကြားခဲ့သော အဆိုတော် တစ်ယောက် ဖြစ်သည်။

ယခု အခွေထွက်ရှိရန် နိုင်ငံတကာရောက် ရခိုင်မျိုးချစ် ညီအစ်ကိုတစ်စုမှ ထိုင်းဘတ်ငွေ ၂၂၀၀၀ ကို အထောက်အပံ ပေးခဲ့ကြောင်း ကိုခိုင်ဇော်က ဆိုသည်။

ကျန်လိုအပ် ငွေများကို ကိုခိုင်ဇော်နှင့် သူ၏ ဇနီးဖြစ်သူတို့မှ စုဆောင်းကာ ထုတ်ဝေခဲ့ကြခြင်း ဖြစ်ဟု ပြောသည်။

ယခု သူ၏ တေးစီးရီး အသစ်မှာ ကိုခိုင်ဇော် ကိုယ်တိုင် ရေးစပ် သီဆိုထားခြင်းဖြစ်သည်။ အဆိုတော် ခိုင်ဇော်၏ ပြောပြချက် အရ နိုင်ငံရပ်ခြားတွင် သူခွေရောင်းရငွေအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အခြေချ နေထိုင်ရန် ရခိုင်ပြည်တွင်သို့ ရောက်ရှိလာသော ဒုက္ခသည်များအား ကူညီသွားမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အတွင်း သူ့အခွေများကို ၀ံလက်ဖောင်ဒေးရှင်းမှ ရောင်းချမည်ဖြစ်သည်။

ဝံလက် ဖောင်ဒေးရှင်းမှ ရောင်းချရရှိသည့် အလှူငွေများကို ၀ံလက် ဖောင်ဒေးရှင်းသို့ အပြီး အပိုင် လှူဒါန်း သွားမည် ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် ရောင်းချရရှိသည့်ငွေများကိုသူ၏ အနုပညာလုပ်ငန်းများအတွက် ဆက်လုပ် အသုံးပြု သွားမည်ဟုလည်း သူက ပြောပြသည်။

သူ၏ တေးသီချင်းများကို နားထောင်ခြင်းအားဖြင့် တိုင်းပြည်နှင့် လူမျိုး အတွက် တိုက်ပွဲဝင် တိုက်ခိုက်နေသော ရခိုင်ရဲဘော်မျိုးချစ် လူငယ်များအား ပြည်သူ တရပ်လုံ နားလည် နိုင်စေရန်၊ တော်လှန်ရေး စိတ်ဓါတ်၊ အမျိုးချစ်စိတ် တက်ကြွလာစေရန် ဖြစ်သည်ဟု ဆိုသည်။

သီချင်းများမှာ အမျိုးသားရေးကို ကိုယ်စားပြုသော သီချင်းများဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: