မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေကြသော မြန်မာတိုင်းရင်းသားများကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ မလေးတွင် နေထိုင်ခွင့်အတွက် UN ကဒ် ထုတ်ပေးသော်လည်း ဗမာလူမျိုးနှင့် အခွင့်အရေး တန်းတူဟုဆိုကာ ရခိုင်လူမျိုးများကို UN ကဒ်ထုတ်မပေးဘဲ သီးသန့် ခွဲခြားဆက်ဆံနေကြောင်း ရခိုင့်အရေး လှုပ်ရှားနေကြသူများမှ ပြောပြချက်အရ သိရသည်။
UNHCR လိုဂို။UNHCR လိုဂို။
UNHCR ရုံးမှ သြဂုတ်လ ဒုတိယအပတ်အတွင်းက မလေးရှားရောက် မြန်မာဒုက္ခသည်များကို UN ကဒ်ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယင်းအထဲတွင် ရခိုင်လူမျိုးများ ပါမလာကြောင်း၊ UN ကဒ်များကို ယခုလ ၂ ရက်နေ့မှစ၍ ထုတ်ပေးနေပြီဖြစ်သည့်အတွက် ရခိုင်လူမျိုးများမှာ UN ကဒ် ရရှိခြင်း မရှိကြောင်း၊ UN ကဒ်လျှောက်ထားသော ရခိုင်လူမျိုးများမှာ ၂၀၀၀၀ ကျော်ရှိပြီး မလေးမှာ ရောက်ရှိနေသည့် ရခိုင်အားလုံးမှာ ၆၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
UN ကဒ် မရရှိသော ရခိုင်အမျိုးသားတစ်ဦးဖြစ်သူ မျိုးရခိုင် က " မလေးရှားမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအားလုံးကို UN ကဒ် ပေးမယ်ဆိုပြီးတော့ UNHCR က ကြေညာပါတယ်။ ဒါပေမယ့် ကြေညာစာတမ်း ထွက်လာတဲ့ အချိန်မှာ ရခိုင်မပါလာဘဲ ရခိုင်ကို လူမျိုးကြီးဆိုပြီး ဗမာလူမျိုးနဲ့ တန်းတူဆိုပြီးတော့ ခွဲခြားထားပါတယ်။ အစိုးရနဲ့ တန်းတူဖြစ်တယ်။ အဓိကတော့ ရခိုင်တွေဟာ မြန်မာနိုင်ငံမှာ အဖိနှိပ်ခံ မဟုတ်ဘူးပေါ့။ ဗမာနဲ့တန်းတူ လူမျိုးကြီးအထဲမှာ ထားပါတယ်။ အဲဒီလို ကျနော်တို့ကို UNHCR က ခွဲခြားပါတယ်။ " ဟု ပြောသည်။
ဗမာလူမျိုးကို UNHCR က ကဒ်ထုတ်မပေးရသော အကြောင်းရင်းမှာ " ဗမာဟာ လူမျိုးကြီးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာ အုပ်ချုပ်နေတာဟာ ဗမာလူမျိုးဖြစ်တယ်။ ဒါကြောင့် ဗမာဟာ ဖိနှိပ်ခံမဟုတ်တဲ့ လူမျိုးဖြစ်တယ်။ ကျန်တိုင်းရင်းသားတွေက ဖိနှိပ်ခံလူမျိုးတွေဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ ဗမာလူမျိုးဟာ အခွင့်အရေး အများကြီး ရတယ်လို့ UNHCR က သတ်မှတ်ပါတယ်။ အဲဒီလိုပဲ ရခိုင်တွေဟာ ဖိနှိပ်ခံ လူမျိုးမဟုတ်ဘူးဆိုပြီးတော့ ဗမာနဲ့ တန်းတူထားပါတယ်။ တကယ်တော့ ရခိုင်တွေဟာ စစ်အစိုးရ အဆက်ဆက် ယခုအချိန်ထိပေါ့နော် ဖိနှိပ်ခံ ဘ၀ပါပဲ။ ဥပမာ - ရေနံနဲ့ ရွှေသဘောဝ ဓါတ်ငွေ စီမံကိန်းကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ မြေယာအသိမ်းခံနေရတာတွေ၊ နောက် တခြားလူမှုရေးပေါ့နော် ကိစ္စတွေမှာ ဖိနှိပ်ခံနေရတာတွေကို သူတို့က မသိဘူး။ " ဟု ၄င်းကဆိုသည်။
UNHCR မှ ဒုက္ခသည်များအပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိဘူးဟု တရားဝင် ကြေညာထားသော်လည်း ယခုလို ရခိုင်လူမျိုးများအပေါ်မှာ ခွဲခြားဆက်ဆံ လိုက်ခြင်းကို ရခိုင်လူမျိုးများက ကျေနပ်မှုမရှိသောကြောင့် မလေးရှားရောက် ရခိုင်ကျောင်းသားများ အပါအ၀င် UN ကဒ်မရရှိသော လူတချို့နှင့် ရခိုင့်အရေးကို ဆောင်ရွက်နေကြသူများမှ စုပေါင်းကာ လူပေါင်း ၁၀၀၀၀ ခန့်က လက်ရှိ ခံစားနေရသော အခက်အခဲဒုက္ခများကို သိရှိစေရန် UNHCR ရုံးကို ငြိမ်းချမ်းစွာနှင့် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ကိုမျိုးရခိုင်က ပြောသည်။
" ဆန္ဒဖော်ထုတ်တဲ့အခါမှာ ကျနော်တို့ တောင်းဆိုသွားမှာကတော့ ကျနော်တို့ ရခိုင်ပြည်မှာ ရေနံရွှေသဘာဝ ဓါတ်ငွေ့ထုတ်ယူတာနဲ့ ပတ်သက်ပြီးတော့ မြေယာသိမ်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ UNHCR ရုံးကလည်း ဒုက္ခသည်အပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိဘူးဆိုပြီးတော့ ဒီမှာ တရားဝင် ကြေညာထားပါတယ်။ ဒါကြောင့် ကျနော်တို့က ဘာကြောင့် ခွဲခြားဆက်ဆံရတာလဲ ဆိုတာကို မေးမယ်။ ပြီးတော့ မလေးရှားမှာ ဖြစ်ပျက်နေတဲ့ ရခိုင်လူမျိုးတွေရဲ့ ဒုက္ခရောက်နေကြတဲ့ ပုံတွေကို တင်ပြသွားမယ်။ ကျနော်တို့ ရခိုင်တွေကလည်း UNHCR က ခွဲခြားဆက်ဆံလိုက်တဲ့အတွက် တအားကြီး စိတ်မကောင်းဖြစ်နေကြတယ်။ " ဟု ၄င်းက ဆိုသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်များကို ၂၀၀၆ ခုနှစ်မှစ၍ UN ကဒ်ထုတ်ပေးကာ မြန်မာနိုင်ငံမှ ရခိုင်ကလွဲပြီး ကျန်တိုင်းရင်းသားများ ရရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် UN ကဒ်ထပ်ပေးသောအခါ ရခိုင်လူမျိုးမှာ ယခုလိုမျိုး ခွဲခြားဆက်ဆံခံရပြီး ယင်းအချိန်က ဆန္ဒပြတောင်းဆိုသောကြောင့် ပထမအကြိမ်အဖြစ် ရရှိခဲ့ကြောင်း၊ UNHCR မှ ဒုက္ခသည်များအား ၂၀၁၄ ခုနှစ်အထိ ကဒ်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)