Tuesday, October 1, 2013

သမ္မတ ဦးသိန်းစိန် ရခိုင်ဒေသသို့ ရောက်ရှိ

 
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ယနေ့နံနက်က မြောက်ဦးမြို့သို့ ရဟတ်ယဉ် (၂) စီးနှင့် အတူ ရောက်ရှိလာသည်ဟု သတင်း ရရှိသည်။

မြောက်ဦးမြို့တွင် ရှစ်သောင်းဘုရားသို့ လာရောက်ဖူးမျှော်ခဲ့ပြီး ၁၀ မိနစ်ခန့် မြောက်ဦးတွင် လည်ပတ်ကာ ဆက်လက်ပြီး ကျောက်တော်မြို့နယ် မဟာမုနိသို့ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

သမ္မတကြီး ဦးသိန်းစိန်သည် မဟာမုနိဘုရားကို ၀င်ရောက် ဖူးမျှော်ခဲ့ပြီး ယင်းမှ တဆင့် ထွက်ခွာခဲ့ရာ ယနေ့ နေ့လည် ၁၂ နာရီ အချိန်တွင် စကခ( ၉) တပ်မသို့ ရောက်ရှိလာပြီး စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံနေသည်ဟု သတင်း ရရှိသည်။

သမ္မတကြီး ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်ခြင်းမှာ ရခိုင်ပြည်နယ် လုံခြုံရေး တည်ငြိမ်ရေး ကိစ္စရပ်များ အပြင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် အစိုးရမှ စီမံကိန်း အများအပြား တည်ဆောက်ရန် အစီအစဉ် ရှိနေရာ ရခိုင်စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် ဖြစ်နေပြီး အဆိုပါ ဆင်းရဲမွဲတည်မူပင်ကြောင့် လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေသဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး အကောင်ထည်ဖေါ် တည်ဆောက်ပေးရန် လိုအပ်နေကြောင်း လေ့လာသူများက အစိုးရကို ထောက်ပြ ဝေဖန် ပြောဆိုမူများ ရှိနေကြောင်း သိရသည်။

လက်ရှိ ဦးသိန်းစိန် အစိုးရသည် ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျောက်ဖြူ စက်မူဇုံနှင့် ပုဏ္ဍားကျွန်း စီပွားရေးဇုံအား တည်ဆောက်ရန် စီစဉ်နေသော်လည်း လျှပ်စစ်ဓါတ်အား အလုံအလောက် မရရှိသဖြင့် ၎င်းစီမံကိန်းများကို အကောင်ထည် ဖေါ် ဆောင်ရွက်ရန် ကြန့်ကြာလျှက် ရှိနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ဓာတ်ပုံ- Khaing Linn Facebook)

No comments: