နှစ်စဉ် ပူးပေါင်းကျင်းပနေသော ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသမီးအသင်းတို့မှ ရခိုင်ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆု ပေးပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီး ရခိုင်ဓမ္မာရုံတွင် ကျင်းပသွားမည်ဟု သိရသည်။
ရခိုင်သဟာယလိုဂို။ ရခိုင်သဟာယလိုဂို။
ဆုချီးမြှင့်သူများအထဲမှာ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၅ ဘာသာနှင့် အထက်ရရှိကြသော ရခိုင်ပြည်နှင့် အခြား တိုင်းနှင့်ပြည်နယ်များမှ ကျောင်းသူ - ကျောင်းသားများကိုသာမက ဂုဏ်ထူး ၃ ဘာသာနှင့် အထက်ရရှိသူ အသင်းနှစ်သင်း၏ အသင်းဝင်မိသားစု ကျောင်းသူ ကျောင်းသားများကိုလည်း ဆုများချီးမြှင့်သွားမည်ဟု ရခိုင်အမျိုးသမီးများအသင်းမှ ပညာရေးဆပ်ကော်မတီ ဥက္ကဌ ဒေါ်မြဝင်းက ပြောသည်။
" ကျမတို့ ဆုပေးတယ်ဆိုတာက ကလေးတွေပညာရေးတွေကို ချီးမြှင့်တာပေါ့။ ပြီးတော့ ဒီလိုဆုတွေပေးလိုက်တာနဲ့ ကလေးတွေ ကြိုးစားချင်စိတ်ဖြစ်ပေါ်လာမယ်၊ သူတို့အနေနဲ့လည်း နောက်တစ်ချိန်မှာ ဒီလိုမျိုး တာဝန်တစ်ခုအနေနဲ့ လုပ်သင့်တယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ်စေမယ်၊ ကျမတို့က လမ်းဖွင့်ပေးတာပေါ့။ အဓိကတော့ သူတို့ရဲ့ အောင်မြင်မှုကို ချီးမြှင့်တာပါ။ " ဟု သူကဆိုသည်။
ယင်းပြင် နိုင်ငံတကာ အဆင့်နှင့် နိုင်ငံတော် ဗဟိုအဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာနယ် ပယ်တွင် ဆုရရှိသူများကို ချီးမြှင့်သွားမည်ဟု ဒေါ်မြဝင်းက ဆိုသည်။
" နေတိုးတို့ ဦးအောင်လွင်တို့ အကယ်ဒမီရရှိခဲ့တာတွေ၊ ပြီးတော့ နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီးတွေမှာ ဆုရတာတွေ၊ အစိုးရကပေးတဲ့ ဘွဲ့တံဆိပ်ဆုရတာတွေကို ထူးခြားထူးချွန်ဆုအနေနဲ့ ဆုချီးမြှင့်ခဲ့တာ ရှိပါတယ်။ သာသနာရေးနဲ့ ပတ်သက် တဲ့ ဘွဲ့တွေကျတော့ မပါဘူးပေါ့။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၂ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ရခိုင်တွေကို နိုင်ငံတော်အဆင့် ဖြစ်တဲ့အတွက် ထူးခြားထူးချွန်ဆုအနေနဲ့ ဆုချီးမြှင့်သွားဖို့ ရှိပါတယ်။ " ဟု ပြောသည်။
ယခု ရခိုင်ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသမီးများအသင်းတို့သည် ယခင်က သီးသန့်ပေးခဲ့ကြပြီး ၂၀၀၅ ခုနှစ်မှ စတင်ကာ ၄င်းအသင်းတို့သည် နှစ်စဉ်ပူးပေါင်း ကျင်းပပေးခဲ့သည်မှာ ယခု ၂၀၁၃ ခုနှစ် အတွက် ပေးမည့်အကြိမ်သည် ၉ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)