Wednesday, February 5, 2014

ရခိုင်ပြည်နယ် အေးချမ်းရေး ဝိုင်းပြီးကြိုးပမ်းဖို့ ဒုသမ္မတပြော

unyanwin-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေးနဲ့ အုပ်စုဖွဲ့ရမ်းကားမှုတွေ မပေါ်ပေါက်ဖို့အတွက် ဒေသ ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အခုလိုတိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီဒေသထဲမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့ အစည်းတွေက ဒီဒေသမှာနေထိုင်နေကြတဲ့ လူမျိုးတွေအားလုံးပေါ့နော်၊ အတူယှဉ်တွဲနေ ထိုင်သွားဖို့ ဥပဒေလေးစားလိုက်နာဖို့ လူအုပ်စုဖွဲ့ ရမ်းကားတာတွေကို ဒါတွေမရှိဖို့အတွက် ဆွေးနွေး ပညာပေးကြပါ၊ စည်းရုံးပါ၊ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေစိုးမိုးမှု ပေါ်ပေါက် လာအောင် ဆောင်ရွက်ပေးဖို့အတွက်ကိုပဲ ကျနော်တို့က မျှော်မှန်းထားပါတယ်”
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျသလို ရခိုင်ပြည်နယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ ယုံကြည်စိတ်ချလာတဲ့ အခြေအနေမျိုးအထိရောက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အစိုးရဝန်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အကျင့်ဟောင်းတွေကို ပြုပြင်ဖို့ လိုအပ်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့လည်း ရပ်မိရပ်ဖတွေနဲ့ စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားသွားပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

No comments: