ရန်ကုန်မြို့တွင် ယနေ့ ၅ ကြိမ်မြောက် ပြုလုပ်သော ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေး အကြိုညှိနှိုင်းအစည်း အဝေးသို့ ရခိုင်အထင်ကရ ခေါင်းဆောင်ကြီးဖြစ်သော သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်လူမျိုး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူး ကြီး ကျော်ဟန်တို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရခိုင်အမျိုးသား ညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးတွင် ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်မှ ညီလာခံဖြစ်ပေါ်လာသော အကြောင်းနှင့်ပတ်သက်၍ ပြောကြားနေစဉ်။ ရခိုင်အမျိုးသား ညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးတွင် ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်မှ ညီလာခံဖြစ်ပေါ်လာသော အကြောင်းနှင့်ပတ်သက်၍ ပြောကြားနေစဉ်။
ရက္ခိုင့်တပ်တော်မှ ဒုတိယဗိုလ်မှူးကြီး ဦးကျော်ဟန်က ညီလာခံဖြစ်ပေါ်လာသော သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုညီလာခံတွင် ရခိုင်တစ်မျိုးသားလုံး လိုက်နာကျင့်သုံးနိုင်သောမူတစ်ရပ်ကို ချမှတ်နိုင်ဖို့အတွက် ယုံကြည်မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အလားတူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ညီလာခံဖြစ်မြောက်ရေးနှင့် ပတ်သက်ဆက်နွယ်ပြီး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းမှလည်း အမျိုးသားညီလာခံ အရေးကြီးကြောင်းနှင့် အစ္စနိုင်ငံဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးတင်ပြခဲ့သည်။
မနက်ဖြန် ရွှေတဂုံဘုရားအနီးရှိ ရခိုင်ဓမ္မာရုံတွင် သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းက "ရခိုင်သမိုင်းက ပေးသော သင်္ခန်းစာ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုကို နေ့လယ် ၁၂ နာရီတွင် စတင်ပြုလုပ်သွား မည်ဖြစ်သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ရခိုင်ဓမ္မာရုံတွင် နံနက် ၉ နာရီကနေ ၁၁ နာရီထိ ပြုလုပ်ခဲ့ပြီး သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း၊ ၀ါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးဦးသာဘန်း၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဦးကျော်ဟန်၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးထွန်းအောင်ကျော်နှင့် ဒေါ်ခင်စောဝေတို့က တက်ရောက်ခဲ့ကြပြီး ရခိုင်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များအပါအ၀င် ပြည်သူ (၇၀) ခန့် တက်ရောက်ခဲ့ကြသည်။
ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည် ကျောက်ဖြူမြို့၌ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ပြီး ညီလာခံဖြစ်မြောက်ရေး နောက်ထပ်ညှိုနှိုင်းမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။