ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော်နှင့် ပူးပေါင်းရန် မျှော်လင့်ချက်ရှိကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်တွေ မြို့လူထုနှင့် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) အဖွဲ့တို့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ဖြေကြားနေစဉ်။ ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ဖြေကြားနေစဉ်။
စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းသည် ANC တွင် ဗဟိုအလုပ်မှုးဆောင် ကော်မတီဝင်တစ်ဦးဖြစ်သလို ရခိုင်ပြည် တပ်မတော်၌လည်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဖြစ်သောကြောင့် ထိုတွေ့ဆုံပွဲတွင် မြို့ခံတစ်ဦးဖြစ်သူ ဦးဝေဇံအောင် (စာရေးဆရာ - လွမ်းပြေအောင်) မှ ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော်နှင့် ပေါင်းစည်းရေး သဘောထားကို မေးမြန်းရာတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
" ပေါင်းစည်းဖို့အတွက် မျှော်လင့်ပါတယ်။ တစ်ခုတည်းထွက် တစ်မိတည်းသားလို့ ခံယူပြီးတော့ နာမည်ကိုတောင်မှ Arakan Army လို့ အတူတူခံယူတာဖြစ်ပါတယ်။ "
သို့သော်လည်း ရခိုင်ပြည်တပ်မတော်၌ အောက်ခြေရဲဘော်များ အချင်းချင်းကြားတွင် အတွေးအခေါ်ညီညွတ်ဖို့ လိုအပ်သေးကြောင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းကဆိုသည်။
" ကျနော်နဲ့ သူနဲ့ ပေါင်းစည်းလို့ မဖြစ်ဘူး။ ကောက်ညှင်းပေါင်းရင်တောင်မှ အချိုးအစားမညီဘူးဆိုရင် အကောင်းမဖြစ်ဘူး။ ကျနော်တို့ ကိုယ်ခံစားချက်တွေ၊ မာနတွေ၊ စွန့်လွှတ်မှုတွေနဲ့ အလုပ်လုပ်ကြတာ။ ပေါင်းဖို့ဆိုတာ အတွေးအခေါ်နဲ့ ညီညွတ်ဖို့ လိုတယ်။ ပေါင်းတယ်ဆိုတာ ဖြစ်သလို ပေါင်းလို့မရဘူး။ ထွန်းမြတ်နိုင်နဲ့ ကျနော်ပြီးရင် ပြီးလို့မရဘူး။ " ဟု ပြောကြားသည်။
ယခင်က ပေါင်းစည်းခဲ့သော ပါတီများအနေဖြင့် လမ်းစဉ်မတူကွဲပြားမှုကြောင့် ကွဲသွားကြသည်ကို သင်ခန်းစာ ယူထားကြောင်း ဆိုသည်။
" ကျနော်တို့ အမြင်က မပေါင်းတာဟာ ပြဿနာ မဟုတ်ဘူး။ ပေါင်းဖို့ပေါင်းဖို့ တိုက်တွန်းကြတယ်။ ပေါင်းပြီးမှ ကွဲတာက ပြဿနာဖြစ်တယ်။ ပေါင်းပြီးရင် မကွဲစေချင်တော့ဘူး။ ဒါကြောင့် တဖြည်းဖြည်း ညှိနှိုင်းပြီးတော့ ပေါင်းကြမယ် ဆိုတဲ့ပုံစံမျိုးနဲ့ ဒါကတော့ ကျနော်ဖက်က စဉ်းစားချက်ပါ။ " ဟု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြောသည်။
ရခိုင်ပြည်အတွက် တပ်တည်ထောင်ဖို့ ကြိုးစားခြင်းသည် ယခင်က ထူထောင်ခဲ့ကြသော ပါတီများကို အားရမှု မရှိသောကြောင့်ဟု သူက ဆက်ပြောထားသည်။
ကချင်တွင် အခြေစိုက်သော ရက္ခိုင့်တပ်မတော် (Arakan Army) ကို စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဦးဆောင်ပြီး ထိုင်းအခြေစိုက်သော ရခိုင်ပြည်တပ်မတော် (Arakan Army) ကို စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ဦးဆောင်ပြီး တချိန်က ၄င်းစစ်ဦးစီးချုပ်နှစ်ဦးမှာ အလုပ်အတူတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးကြသလို သူငယ်ချင်းများ လည်း ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)