Thursday, March 6, 2014

ဘင်္ဂါလီ တစ်ထောင်ကျော် အသုံးပြု၍ သန်းခေါင်စာရင်း ကောက်မည့် အစီအစဉ် RNDP ကန့်ကွက်

ရခိုင်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်၌ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ ၁၃၀၂ ဦး အသုံးပြုကာ ကောက်ယူမည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးခြင်း မရှိဘဲ ဘင်္ဂါလီ ၁၃၀၂ ဦးကို သန်းခေါင်စာရင်း ကောက်ရန် တာဝန် ပေးထားသဖြင့် ရရှိသည့် လူဦးရေ စာရင်းကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် ဘင်္ဂါလီများ၏ လူဦးရေစာရင်း ထွက်လာပြီ ဖြစ်ကြောင်း RNDP က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဘင်္ဂါလီ ၁၃၀၂ ဦးကို သန်းခေါင်စာရင်း ကောက်ခိုင်းမယ် ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာ ရရှိထားပြီ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးကမူ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ တစ်ထောင်ကျော် အသုံးပြုရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စီစဉ်ထားခြင်း မရှိသေးကြောင်း The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဆိုသည့် အမည်ကို အသုံးပြုခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ကောက်ယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေပါ အတိုင်း နိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် မရှိသူများကို တိတိကျကျ အရေးယူရန်၊ သန်းခေါင်စာရင်း ကောက်ယူမည့် နည်းစနစ်များကို ပြင်ဆင်ပေးရန် RNDP က ထုတ်ပြန်ထားသည်။
“သန်းခေါင်စာရင်း ကောက်တဲ့အခါ ရိုဟင်ဂျာလို့ ထည့်ကောက်လိုက်ရင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိတယ် ဆိုပြီး ထောက်ပြစရာ ဖြစ်လာမယ်” ဟု RNDP က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

By- The Voice Week

No comments: