Friday, November 14, 2014

ရိုဟင်ဂျာ/ဘင်္ဂါလီဟု ဘန်ကီမွန်း ပူးတွဲသုံးနှုန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းကို ရိုဟင်ဂျာ/ဘင်္ဂါလီဟု ပထမဆုံးအကြိမ် ပူးတွဲသုံးနှုန်းခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာဟုသာ သုံးနှုန်းသောကြောင့် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက် မီဒီယာအချို့နှင့် တွေ့ဆုံရာ၌ မစ္စတာဘန်က ရိုဟင်ဂျာအသုံးအနှုန်းကို တတ်နိုင်သမျှရှောင်၍ လူ့အသိုင်းအ၀ိုင်းဟုသာ အများဆုံးသုံးနှုန်းခဲ့ကြောင်း နေပြည်တော်အာဆီယံ ထိပ်သီးအစည်းအဝေး သတင်းရယူနေသော 7Day Daily သတင်း ထောက်က သတင်းပေးပို့သည်။
ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် နှစ်ဖက်အသိုင်းအ၀ိုင်းကြား ပိုမိုကွာခြားသွားစေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ မစ္စတာဘန်ထံ နိုဝင်ဘာ ၁၃ ရက်စွဲဖြင့် ပေးစာပေးပို့ခဲ့သည်။ ယင်းပေးစာနှင့်ပတ်သက်၍ မစ္စတာဘန်က ‘‘ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဘယ်လိုခေါ်ခေါ်လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာက ပိုအရေးကြီးပါတယ်’’ ဟု ဆိုသည်။
ထို့အပြင် နိုင်ငံသားဖြစ်ခွင့်ရ ရိုဟင်ဂျာ/ဘင်္ဂါလီလူမျိုးများ ကို အခြားနိုင်ငံသားများနှင့် အခွင့်အရေး တန်းတူပေးရန်လည်း မစ္စတာဘန်က တိုက်တွန်းခဲ့သည်။
ရခိုင်အမျိုးသားရေး အင်အားစုများကမူ မစ္စတာဘန်ကီမွန်းအနေဖြင့် ရိုဟင်ဂျာဟုသာ လက်ခံသုံးစွဲလိုပြီး ကန့်ကွက်မှုများကြောင့်သာ ရိုဟင်ဂျာ/ဘင်္ဂါလီ ဟု တွဲသုံးနှုန်းခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
‘‘အမှန်တကယ် ဖြစ်သင့်တာက ဘင်္ဂါလီလို့ပဲ သုံးသင့်တာ သူ့စိတ်ကူးက ရိုဟင်ဂျာလို့ပဲ သုံးချင်ပြီး မြန်မာပြည်သူတွေရဲ့ ကန့် ကွက်မှုကြောင့် အခုလို တွဲသုံးတာလို့ပဲဖြစ်တယ်’’ဟု စစ်တွေ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ဆိုသည်။
(သတင်းအရင်းအမြစ်- 7 Days News၊ ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

No comments: