Monday, December 1, 2014

ရခိုင်မှ နာမည်ကြီး သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲ ယနေ့စမည်

Sandaw-Shin-8
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အနောက်ဖရုံကာကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ကျင်းပသွား မည်ဖြစ်ကြောင်း ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားပွဲတော်ကို ဒီဇင်ဘာလ ၁ ရက်(နတ်တော်လဆန်း ၁ဝ ရက်)နေ့မှ ဒီဇင်ဘာလ ၇ ရက်(နတ်တော် လပြည့်ကျော် ၁ ရက်)နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားပွဲတော်လာ ဘုရားဖူးဧည့်သည်များ၏ လုံခြုံရေးကိုလည်း အပြည့်အဝတာဝန်ယူစီစဉ်ထားကြောင်း သိရသည်။
“ဘုရားဝန်းကျင်တွေမှာ CCTV တွေလည်း တပ်ထားတယ်။ လုံခြုံရေးလည်း အပြည့်ချထားပါတယ်”ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဘုရားပွဲတော်အတွင်း ဇာတ်သဘင်၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည် ဟုလည်း သူက ဆက်ပြောသည်။
Sandaw-Shin-13
ဆံတော်ရှင် ဘုရားပွဲတော်မှာ ရခိုင်ပြည်နယ်အတွင်း ထင်ရှား၍ လူစည်ကားသည့်ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် ကာလအတွင်း မြန်မာနှင့် ရခိုင်ပြည်နယ် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများလာရောက်ကြကြောင်း သိရသည်။
သို့သော် ပွဲတော်ကာလအတွင်း ပွဲတော်လာဘုရားဖူးဧည့်သည်များအတွက် အိမ်သာလုံလောက်မှုမရှိခြင်း ကြောင့် ဘုရားဧည့်သည်များအနေဖြင့် စိတ်အနှောင့်အယှက်ကြုံတွေ့ကြရကြောင်းလည်း ဘုရားဖူး ဧည့်သည်များထံမှ သိရသည်။
“ပွဲတော်ကာလမှာ ဘုရားဖူးတွေအတွက် အိမ်သာလုံလောက်မှုမရှိတဲ့အတွက် တော်တော် ဒုက္ခရောက်ကြပါတယ်။ ဒါတွေကို လူကြီးတွေ စနစ်တကျစီမံပေးသင့်ပါတယ်”ဟု ဆံတော်ရှင်ဘုရားပွဲသို နှစ်စဉ်လိုလိုသွားရောက်တတ်သည့် ဘုရားဖူးပြည်သူတစ်ဦးက ပြောသည်။
Sandaw-Shin-14JPG
ဘုရားဖူးခရီးသည်များသွားလာရေးအဆင်ပြေစေရေးအတွက်လည်း ပွဲတော်ရက်များအတွင်း စစ်တွေမှ စိုးမဲကျီ ဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများဖြင့် နေ့စဉ်အစုန်အဆန်ပြေးဆွဲပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် အသွား အပြန် ကျပ်တစ်ထောင်သာပေးရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပုဂ္ဂလိကအမြန်ရေယာဉ်များဖြင့်လည်း လူတစ်ဦးလျှင် အသွားအပြန် ကျပ် ၃ဝဝဝ ဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်သမိုင်းမှတ်တမ်းများ၏အဆိုအရ ဆံတော်ရှင်စေတီတော်မှာ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဘုရားရှင်ရခိုင်ပြည် သို့ကြွချီတော်မူလာပြီးနောက် ဘုရားရှင်၏ ဆံတော်ဓာတ်ဖြင့် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ နီလာပဗ္ဗတတောင် ပေါ်တွင် တည်ထားသောစေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: