ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ
နေပူတောင်အား ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနမှ အကျိုးတူစာချုပ်
ချုပ်ဆိုလျက် အလှဆင်မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar
SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့
(၂၅)နှစ်တာကာလ ငှားရမ်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်ရပ်ကို
မတ်လ (၂၆)ရက်နေ့က တောင်ကုတ်မြို့(မယက)ရုံးတွင် မွန်းလွဲ (၂း၃၀)နာရီမှ ညနေ
(၄း၃၀)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပူတောင်ကို ဗီယက်နမ်နိုင်ငံ MYSICO
ကုမ္ပဏီသို့ ငှားရမ်းထားခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသဖြင့်
ဒေသခံရခိုင်တိုင်းရင်းသားများ မကျေမနပ် ဖြစ်နေခြင်းအပေါ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း၊
သစ်တောနှင့် သတ္တုဌာန၀န်ကြီး ဦးအောင်သန်းတင်တို့က
လာရောက်ရှင်းလင်းခဲ့သော်လည်း အများပြည်သူသိလိုသော အချက်အလက်များပါဝင်မှု
အလွန်အားနည်းသလို၊ မေးမြန်း ချက်များကိုလည်းပြည့်စုံစွာ ဖြေကြားနိုင်ခြင်း
မရှိခဲ့ကြောင်း သိရသည်။
" သူတို့ရှင်းပြတာမှာ လုပ်ငန်းအတွက်
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်းကုန်မယ်။ လုပ်ကိုင်တဲ့အခါ
နိုင်ငံခြားလုပ်သား (၅၆)ယောက် ပါမယ်။ ပြည်တွင်း ဒေသခံအလုပ်သမား(၂၄၀)ကို
ခန့်ထားပေးမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသခံ ပြည်သူလူထု
အချိုးတူခံစားခွင့်ရှိမယ် ဆိုတာလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေသိချင်တဲ့ SIA၊
EIA ကိစ္စ ဘာမှပြောမသွားဘူး။ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း မချပြဘူး။
ဒေသခံတွေက ကုန်ချောကို ဒီဒေသမှာ ထုတ်ဖို့ပြောကြတယ်။ ၀န်ကြီးတွေကတော့
အထက်ကို တင်ပြပေးမယ်ပဲပြောတယ်။ " ဟု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တောင်ကုတ် လူမှုကွန်ယက်မှ ဦးစိုးဝင်းက ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုသို့
ရှင်းပြသည်ဟု ဆိုသော်လည်း ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဒေသခံ
အနည်းငယ်ကိုသာ ဖိတ်ကြားပြီး အသိပေးရုံသာ အနေအထားမျိုးသာ
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" တကယ်တမ်း ရှင်းလင်းပွဲလုပ်မယ်ဆိုရင်
ခိုင်မာတဲ့ အချက်အလက်တွေပါတဲ့ စာတမ်းတွေကို လူထုထဲချပြပြီး ကာလတစ်ခုအတွင်း
သဘောထား ကောက်ခံသင့်တယ်။ အခုဟာက နဲနဲပွင့်လင်းလာတဲ့ အနေအထားပဲ ရှိပါသေးတယ်။
" ဟု ကိုစိုးဝင်းက ဆက်ပြောသည်။
ရှင်းလင်းပွဲသို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ
လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော်
တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြိမ် ဆဌမ
ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ် ဒေသန္တရ
စီမံကိန်းတွင် ပါဝင်သော နေပူတောင်မှ နေပူတောင်ကျောက်များကို တစ်နှစ်လျင်
မက်ထရိတ်တန် ၇၈၅၀ ကို ယခုနှစ် ၂၀၁၃ ခုနှစ်မှစတင်ပြီး ထုတ်လုပ်မည့်
စီမံကိန်းနှင့် ပတ်သတ်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း
တောင်းဆိုခဲ့ကြောင်းလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- ARAKANTIMES ၊ ရေးသားသူ- နေဇော်(သံတွဲ))
No comments:
Post a Comment