Sunday, March 24, 2013

ဇန်န၀ါရီလ ၈ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်တွေမှာ ရခိုင်အမတ်တွေ ဘာတွေကို တင်ပြဆွေးနွေးခဲ့သလဲ

(ဇန္န၀ါရီလ ၈ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ရခိုင်အမတ်တွေက ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါသလဲ။ ဒါတွေကို ပြည်သူတွေ သိအောင် တင်ပြလိုတဲ့ အတွက် ကျွန်တော်တို့ နိရဉ္စရာက  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့  မြေပုံ အမတ် ဦးဖေသန်းကို ဆက်သွယ် မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။)
20121103_ASP001
(ဖြေ) ဆဌမ အကြိမ် လွတ်တော် ပုံမှန် အစည်းအဝေးမှာ ကျွန်တော်တို့ RNDP ကိုယ်စားပြု လွှတ်တော် အမတ်တွေက ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်တွေ အပါအ၀င် ပညာရေး၊ လူမူရေး စီးပွားရေး နဲ့ ဆက်နွယ် ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်  ရိုဟင်ဂျာ မူဆလင်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သတ်လို့လည်း တရားဝင်မှု ရှိ မရှိ ဆိုတာတွေနဲ့ နောက်တခါ အထွေထွေပြသနာတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။ မူဆလင်တွေနဲ့ ပတ်သတ်ပြီး ရသေ့တောင်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး ရှိမ ရှိ ဆိုတာကို မေးမြန်း ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် သမ္မတကလည်း ပြောတယ်။ လူဝင်မူ ၀န်ကြီး ဦးခင်ရီကလည်း ပြောတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးလို့။ ဒါပေမဲ့ ဒါတွေဟာ  လွတ်တော်မှာ ပြောတာမဟုတ်တဲ့ အတွက် တရားဝင်လို့ ကျွန် တော်တို့က ယူဆလို့ မရဘူး။ ဒါကြောင့် လွတ်တော်မှာ ရိုဟင်ဂျာ လူမျိုး ရှိပါသလားလို့ မေးတဲ့ အခါမှာ တာဝန်ရှိတဲ့ ပြည် ထောင်စု ၀န်ကြီးက ရိုဟင်ဂျာလူမျိုးဆိုတာ အရင်ကလည်း မရှိခဲ့ပါ။ သမိုင်း အဆက်ဆက် မှာလည်း မရှိပါ။ အခုလည်းမရှိပါလို့ ဖြေသွားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ဟာ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း ကိစ္စနဲ့ပတ်သတ်ပြီး အဖြေ တစ်ခုကို တိတိကျကျ ရရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဦးမောင်ညိုကလည်း အဲဒီ မေးခွန်းမျိုး ဆန်ဆန် မေးပါတယ်။ ကုလား ဆိုတဲ့ အသုံးအနှုန်း၊ ဘင်္ဂလီဆိုတဲ့ အသုံးအနုန်းဟာ မြန်မာပြည်မှာ ရှိ မရှိ  ဆိုတာကို မေးပါတယ်။ ဒီလိုဘဲ ဒေါက်တာ အေးမောင်တို့ဆိုရင်လည်း မိမိတို့ ရခိုင်ပြည်နယ် ရပိုင်ခွင့်တွေ၊ ပြဿနာတွေ ကို အများကြီး မေးပါတယ်။ ကျွန်တော်ကလည်း မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ငမန်းရဲကျွန်းမှာ လယ်ကွင်းတွေကို ဖျက်ပြီး ပုဇွန်တာတွေလုပ်ထားတယ်။ လယ်သမားနဲ့ ပုဇွန်လုပ် ငန်းရှင်တွေ အကြားမှာ  ပြဿနာဖြစ်နေတာတွေကို လွတ်တော်မှာ မေးမြန်းပြီး အဖြေတစ်ခု ရအောင် လုပ်နိုင် ခဲ့ပါတယ်။ တခြားကတော့ ဒေသဖွံ့ဖြိုးရေး အတွက် ပညာရေးကဏ္ဍတွေ၊ စာသင်ကျောင်းကဏ္ဍတွေ တောင်းဆိုလို့ ရခဲ့တာ တွေရှိတယ်။ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ် လမ်းပမ်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလည်း မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရခိုင် အမတ်တွေ အနေနဲ့ အများကြီး လုပ်နိုင် ခဲ့တယ်လို့  သုံးသပ်မိပါတယ်။ ပါတီက လွတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ရခိုင် ပြည်သူပြည်သားတွေ အတွက် အများကြီးလုပ်နိုင်ခဲ့တယ်လို့  ဒီလိုဘဲ ကျွန်တော်တို့က ရိုးရိုးတွေးပြီး ယူဆမိပါတယ်။
(အဲဒီမှာ ရိုဟင်ဂျာ မရှိဘူးလို့ပြောတဲ့ ၀န်ကြီးက ဘယ်သူပါလဲ)
(ဖြေ) ဗိုလ်ချုပ်ကျော်ကျော်ထွန်း – လူဝင်မူ ဒုဝန်ကြီးပါ။
( ဒီရိုဟင်ဂျာ ကိစ္စအပြင် တခြား ဒေသဖွံ့ဖြိုးရေးအတွက် အဓိကဘာတွေကို ဦးစားပေးဆွေးနွေး မေးမြန်းခဲ့တာတွေ ရှိခဲ့ပါသလဲ)
(ဖြေ) ကျွန်တော်တို့ ရခိုင်ပြည်နယ် တိုးတက်ဖို့ ဖွံ့ဖြိုးရေး အတွက် လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ ချပေးမယ့် အနေအထားတွေကို တင်ပြပါတယ်။  နောက်ပြီးကျောင်းတွေ ပျက်စီး နေတာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အများအားဖြင့် ဆွေးနွေးကြ ပါတယ်။ ပုဏ္ဍားကျွန်း စက်မှုဇုန်ကိစ္စ၊ ကျောက်ဖြူ စက်မှုဇုန် ကိစ္စ တွေနဲ့ ပတ်သတ်လို့လည်း ကျွန်တော်တို့ မေးမြန်း မှုတွေ၊ ဆွေးနွေးမှုတွေ၊ တောင်းဆိုမှုတွေ လုပ်ခဲ့ ပါတယ်။ နောက်ပြီး ဒေါက်တာ အေးမောင်ကလည်း တိုင်းရင်း သားတွေရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုပြီး တိုင်းရင်းသား ဒေသတွေက ထွက်တဲ့ ဓါတ်ငွေ့လို  သဘာဝသယံဇာတတွေကို တိုင်းရင်းသားဒေသတွေမှုာ ၂၅ ရာခိုင်နှုန်း ရအောင် လက်မှတ်ထိုးပြီး တင်ပြထားတွေ ရှိပါတယ်။ အဲဒီ လိုဘဲ အားလုံးတတ်နိုင်သမျှ ၀ိုင်းဝန်းပြီး ကျွန်တော် တို့  ကြိုးစား နေပါတယ်။
(နောက်တခုက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီးက သိပ်အရေးကြီးနေပါတယ်။ အခု ဂတ်စ်နဲ့လည်ပတ်မယ့်   ကာဗိုင်တာ မီးစက်ကြီးတွေကို ဂျပန်ကနေ မှာယူ တင်သွင်းနေတယ်။ ဒါပေမဲ့ ရခိုင်ပြည် နယ်အတွက် ပါလာတာကို မတွေ့ရဘူး။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးယ်ဆိုပြီး ပြောနေတာတွေကို ကြားနေရတယ်။ လက်တွေ့မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သိသာ ထင်ရှားတဲ့ စီမံကိန်းမျိုးတွေ၊ လုပ်ငန်းတွေကို မတွေ့ရသေးဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဈေးနုန်းချိုသာစွာနဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးကို  လွတ်တော်မှာ ရခိုင်အမတ်တွေ တင်ပြဆွေးနွေးခဲ့တာတွေ ရှိပါသလား။)
(ဖြေ) ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေးအတွက် ကျွန်တော်တို့ လွတ်တော်မှာ ခါတိုင်းလိုလို တင်ပြပါတယ်။ ပြင်ပမှာလည်း ကျွန်တော်တို့ ၀န်ကြီးတွေနဲ့တွေ့တိုင်း ဆွေးနွေးတာတွေ ရှိပါတယ်။ ကျောက်ဖြူမှာ ဆိုရင်လည်း စစ်မှုဇုန်တည်ထောင်ဖို့အတွက် သူတို့လျှပ်စစ်မီးကို ဒီနှစ်မှာရအောင်ပေးမယ်လို့ ဂတိ ပေးထား ပါတယ်။ နောက် ပြည်ထောင်စုနေ့မှာလည်း သမ္မတ ဦးသိန်းစိန်က ကျွန်တော်တို့ ရခိုင်ပြည်နယ်က လွတ်တော် အမတ် တွေကို လက်ဆွဲနှုတ်ဆက်ပြီးပြောခဲ့တာက မကြာမီ အတွင်းမှာ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်မီး ရရှိအောင် ကျွန်တော်တို့ဘက်က လုပ်ဆောင်နေပါတယ်လို့ သူကပြောသွားပါတယ်။ ရခိုင်ပြည်နယ် လျှပ်စစ်မီး ကိစ္စတော့ အမြဲ တမ်းလိုလို ကျွန်တော်တို့လွတ်တော်ထဲမှာ တင်ပြတောင်းဆိုနေပါတယ်။ လျှပ်စစ်မီးနဲ့ ပတ်သတ်တဲ့ အဆိုတွေ တင်တိုင်းကိုလည်း ကျွန်တော်တို့ထောက်ခံပြီးဆွေးနွေးတယ်။ ရခိုင်ပြည်တခုလုံး တောရွာတွေက အစ ပြည် နယ်တခုလုံး လျှပ်စစ်မီးရဖို့ အတွက် အမြဲတမ်းဆွေးနွေးလို့ရှိပါတယ်။ အခြေအနေ ကတော့ တဖြည်းဖြည်းနဲ့  ကောင်းလာမယ်လို့ ထင်ပါတယ်။  အခုဆိုရင် လည်းကျွန်တော်တို့ မြောက်ဦး ဘက်ကိုလည်း လျှပ်စစ်မီး ပေးနိုင်အောင်  ဓါတ်တိုင်တွေ သွယ်တန်းပေးနေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီဘက်က သူဌေးချောင်း လျှပ်စစ်ကလည်း ၂၀၁၉ ခုနှစ်မှာ ရမယ်လို့ပြောပါတယ်။ နည်းနည်းတော့ နောက်ကျမယ်။ ရခိုင် တစ်ပြည်နယ်လုံး ကတော့ ၂၀၁၅-၂၀၁၆ မှာ မီးအလင်းလို့ ၀န်ကြီးတွေက ပြောပါတယ်။
(ဟုတ်ကဲ့ သမ္မတ ဦးးသိန်းစိန်က ဦးဖေသန်းတို့ကို ဘယ်အချိန်က ပြောကြားခဲ့တာပါလဲ)
(ဖြေ) ကုန်ခဲ့တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာပါ။ သူက အားလုံးကို ပြည်ထောင်စုနေ့မှာ ညစာ စားပွဲ တည်ခင်းပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရခိုင်ပြည် RNDP ကိုယ်စား လှယ် တွေက သူ့ကို တန်းပြီး မတ်တတ်ရပ် ကြိုဆိုကြတဲ့ နေရာမှာ သူက ကျွန်တော်တို့ ရခိုင်ပြည်နယ်က ကိုယ်စား လှယ် တွေနဲ့တွေ့လို့ မကြာမီအချိန်အတွင်းမှာ မီးလင်းအောင် နိုင်ငံတော်က အစွမ်းကုန်ကြိုးစားနေပါတယ်။ စိတ်ဓါတ် မကျပါနဲ့ဆိုပြီး အားပေးစကားပြောသွားပါတယ်။
( နောက်တခုက ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစီအစဉ်တွေ လုပ်နေတာ ရှိပါတယ်။ တနင်္သာရီတိုင်းက ကျွန်းစု မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ ဘဏ်ရဲ့ အကူ အညီနဲ့ လုပ်မယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာတွေကို တွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ နိမ့်ကျ ဆင်းရဲနေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်အောင်လုပ်ဖို့ကော အစိုးရမှာ အစီအစဉ် ရှိတယ်လို့ ကြားမိ ပါသလား။ လွှတ်တော် အမတ်တစ်ယောက် အနေနဲ့ သိထားသလောက် ပြောပြပေးပါ။)  
(ဖြေ) နိုင်ငံခြားချေးငွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တခုလည်း ပါဝင်တာ မျိုးကိုတော့  မတွေ့ရသေးပါဘူး။ ရခိုင်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလည်း အမြဲတန်း ထောက်ပြ ပြောဆိုနေတာတွေ ရှိပါတယ်။ အဲဒါ လိုအပ်ချက်တွေ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ  အကူအညီတွေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို အများကြီး လုပ်ဆောင် ပေးဖို့ လိုပါတယ်။ သမ္မတ ကြီး ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ရခိုင်တွေ ဖြစ်ကြတဲ့ ပြဿနာ အကြောင်းရင်းဟာ ဆင်းရဲလို့၊  ပညာ မတတ်လို့၊ လမ်းပမ်း ဆက်သွယ်ရေး နိမ့်ကျလို့ ဆိုပြီး ထောက်ပြ ပြောဆို ထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဆွေးနွေးဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ နိုင်ငံ တကာ အကူညီတွေနဲ့ တည်ဆောက်မယ့် နေရာမှာ ရခိုင်ပြည်နယ်ကို ထည့်သွင်း မစဉ်းစားသေးတာ ကတော့ အထူး ၀မ်းနည်းစရာကောင်းတဲ့ အချက်ဘဲ ဖြစ်ပါတယ်။
(ပြီး)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: