Friday, March 8, 2013

နစကဌာနချုပ် စီမံခန့်ခွဲရေးဌာန ဇာတ်တူသားစားနေ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် တည်ရှိသော ကျီးကန်းပြင် နစက ဌာနချုပ် လက်အောက်ရှိ စီမံခန့်ခွဲရေး ဌာနသည် တပ်သား အပြောင်းအရွှေ့ လုပ်ရာတွင် နစက အောက်ခြေ တပ်သားများထံမှ လာဘ်ငွေ များ ယူဆောင်နေကြောင်း သတင်း ရရှိသည်။
Nasaka signbordထိုသို့ လာဒ်ငွေများ ယူဆောင်နေကြောင်းကို အမည်မဖေါ်လိုသူ နစက တပ်ဖွဲ့ တစ်ဦးက ဘင်္ဂလာ လက်ကိုင်ဖုံးမှ တဆင့် နိရဉ္စရာသို့ ယခုလို  ပြောကြားသည်။
“ အချင်းချင်း ရဲဘော်ရဲဘက်ဆိုတဲ့ စိတ်ဓါတ်လည်း သူတို့မှာ မရှိကြတော့ပါဘူး။  ကျွန်တော်တို့ကတော့ သူတို့ကို ဇာတ်တူစားတဲ့ လူတွေလို့ဘဲ  ဒီလိုဘဲ ပြောကြားချင်ပါတယ်” ဟု သူက ဆိုသည်။
နစက ဌာနချုပ် စီမံခန့်ခွဲရေး ဌာနသည် နစက တပ်ဖွဲ့ တပ်သားများ၏ နယ်မြေ အပြောင်းအရွှေ့ကို တာဝန်ယူ လုပ်ဆောင်ရသော ဌာန ဖြစ်ပြီး ၀င်ငွေကောင်းသော နယ်မြေ အကောင်းကို ပြောင်းရွှေ့လိုသူများ၊ နယ်မြေ အကောင်းမှ နယ်မြေ မကောင်းသော နေရာသို့  မပြောင်းရွှေ့လိုသူများထံမှ တပ်သား တစ်ဦးလျှင် ကျပ်ငွေ ၅ သောင်းစီ တောင်းခံသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ နစက မှာ တာဝန်ထမ်းဆောင်ရတာ နယ်မြေ တစ်ခုမှာ ၄ လစီ တာဝန် ထမ်းဆောင်ရပါတယ်။ ၄ လပြည့်ရင် နောက်နယ်မြေသစ်တခုကို ပြောင်းရပါတယ်။ အဲဒီလို ပြောင်းတဲ့နေရာမှာ နယ်မြေမကောင်းတဲ့ နေရာတွေကို အများစု တပ်သားတွေက မပြောင်းချင် ကြဘူး။  အဲဒါကို အခွင့်ကောင်းယူပြီးတော့ ကျီးကန်းပြင် နစက ဌာနချုပ်မှ ဒုရဲအုပ် **  ဦးစီးတဲ့  စီမံခန့်ခွဲရေးအဖွဲ့က နယ်မြေ မပြောင်းရွေ့ရရေးအတွက် ရဲဘော်တစ်ဦးကို ကျပ်ငွေ ငါးသောင်းယူပြီး လုပ်ပေးနေပါတယ်” ဟု သူက ပြောသည်။
နယ်မြေ မပြောင်းရွေ့ရရေး အတွက် ကျပ်ငွေ ၅၀၀၀၀ ကို ယူရာတွင် မပြောင်းရွေ့လိုသော ရဲဘော်တဦးထံမှ လအလိုက် လစာမှ တစ်လ လျှင် ၅၀၀၀ ကျပ်နုန်းဖြင့် ဖြတ်တောက် ယူဆောင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် နစက တပ်ဖွဲ့ကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တော မြို့နယ် (၅) မြို့နယ် ဖြန့်ကျက် ချထားရာတွင် နစက ဌာနချုပ်ရှိရာ မောင်တောမြို့နယ်တွင် ထိုသို့ တပ်သား အချင်းချင်းကြားတွင် လာဒ်ငွေ ယူမူများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။
မောင်တောမြို့နယ်ကို နစက နယ်မြေ (၈) ခုဖြင့် ဖွဲ့စည်းထားရာ  မောင်တောမြို့နယ် မြောက်ပိုင်း အစွန်ဆုံးတွင် ရှိသော တောင်ပြို၊ အောင်သပြေ စသည့် နယ်မြေများကို အမှတ် ၁၊ ၂၊ ၃  အပေါ်နယ်မြေဟု  သတ်မှတ်ထားပြီး   ငခူရ၊ အလယ်သံကျော် စသည့်  နယ်မြေများကို အမှတ် ၄၊ ၅၊ ၆၊ ၇၊ ၈ အဖြစ်သတ်မှတ်ထားပြီး အောက် နယ်မြေဟု ခေါ်ဆိုကြသည်ဟု သိရသည်။
နစက အပေါ် နယ်မြေ ၁၊ ၂၊ ၃ မှာ မောင်တောမြို့နယ်မြောက်ပိုင်း ဝေးလံခေါင်ဖျားသော  မြန်မာ- ဘင်္ဂလာ နယ်စပ်တလျှောက်တွင် တည်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရကာ ၀င်ငွေလည်း မကောင်းသဖြင့် နစက တပ်သားများမှာ အဆိုပါ နယ်မြေများသို့ မပြောင်းရွှေ့လိုကြဟု ဆိုသည်။
“ ကျွန်တော်တို့ ရဲဘော်တိုင်းဟာ အပေါ်နယ်မြေက အစစ အရာရာ ဆိုးတယ်။ အပေါ်နယ်မြေကို ပြောင်းရွေ့ဖို့ ကြောက်ကြ ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကျန်းမာရေး စိုးရိမ်ရတယ်။ နောက်ပြီးတော့ ကိုယ့်အတွက်လဲ ၀င်ငွေ မရှိဘူး။ လူတိုင်း ၁၀၀ ရာခိုင်နှုန်း အဲဒီဘက်ကို တာဝန် ထမ်းဆောင်ဖို့ မသွားချင်ကြဘူး။ အောက်နယ်မြေတွေက အစစအရာရာ ကောင်းပါတယ်။ အဲဒီတော့ အောက်နယ်မြေကနေ အပေါ် နယ်မြေတွေကို မသွားချင်ဘူး ဆိုရင် စီမံခန့်ခွဲရေး ဌာနကို ကျပ်ငွေ ငါးသောင်းပေးရပါတယ်။ မပေးရင် သူ့ကို အပေါ် နယ်မြေကို ပို့ပစ်ပါတယ်” ဟု ဆိုသည်။
ငွေမပေးနိုင်သော နစက တပ်သားများမှာ အပေါ်နယ်မြေတွင် တာဝန် ထမ်းဆောင်ရပြီး တပ်ချိန်းရန် တပ်သားများ ရောက်မလာသဖြင့်  သတ်မှတ်ချိန် ၄ လထက် ပိုပြီး တနှစ်လုံးလုံး  နေကြရသည်ဟု ပြောသည်။
“ ဌာနချုပ်က ၄ လပြည့်ရင် ပြောင်းရွေ့ဖို့ အမိန့်စာထုတ်ပါတယ်။ စီမံဌာနကို ငွေပေးထားတဲ့သူက ဥပမာ နယ်မြေ ၆ ကနေ နယ်မြေ ၆ ကို ပြန်ကျနေကြတယ်။ နယ်မြေ ၁၊ ၂၊ ၃ ကလူတွေ အောက်နယ်မြေကို ပြောင်းမိန့်ကျထားပေမယ့် အောက် နယ်မြေက လူတွေက မရောက်လာတော့ ပြောင်းလို့ မရဖြစ်နေပါတယ်။ တချို့ သူတွေဆိုရင် တစ်နှစ်လုံး အပေါ်နယ်မြေ မှာဘဲ နေကြရပါတယ်”   ဟုသူက ဆက်ပြောသည်။
အပေါ်နယ်မြေများတွင် တာဝန်ကျသူ တပ်သားများကလည်း  ကျန်းမာရေးနှင့်  မိသားစု အရေးကို အကြောင်းပြကာ  ခွင်ပြန်သွားပြီး ကျီးကန်းပြင် နစက ဌာနချုပ်မှ  စီမံခန့်ခွဲရေးအဖွဲ့ကို ငွေပေးကာ နယ်မြေ ၁၊ ၂၊ ၃ တွင် တာဝန် ထမ်းဆောင်ရန် မပြန်လာကြတော့သဖြင့် ဘင်္ဂလာနယ်စပ်နှင့် အနီးကပ်ဆုံး ရှိနေသော အပေါ် နယ်မြေတွင် ရဲဘော် အင်အား မရှိဘဲဖြစ်နေသည်ဟု ဆိုသည်။
နစက နယ်မြေ အမှတ်  ၁၊ ၂၊ ၃ သည် မြန်မာနှင့် ဘင်္ဂလာနယ်စပ်နှင့် ကပ်ပြီး တည်ရှိသဖြင့် တပ်အင်အား အများအပြား လိုအပ်သော နေရာများ ဖြစ်နေသော်လည်း ယခုအခါ သတ်မှတ်ထားသော ရဲဘော်အင်အား မရှိသဖြင့် ၂၀၁၂ ခု နိုဝင်္ဘာလ ၆ ရက်နေ့က တကြိမ်၊ ၂၀၁၃ ခု ဇန္န၀ါရီလ ၂၄ ရက်နေ့ကတကြိမ် လက်နက်ကိုင် အကြမ်းဖက်အုပ်စု တစ်ခု၏ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ပြောသည်။
မကြာခဏ နယ်စပ်တွင် ၀င်ရောက် တိုက်ခိုက်ခံနေကြရသဖြင့် လူအင်အား မလုံလောက် ဖြစ်နေသော အဆိုပါ ဒေသရှိ နစက ရဲဘော်များမှာ အလွန်စိုးရိမ်ပူပန်မှုများ ရှိနေကြ သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင် နစက နယ်မြေများကို ယခုလို ခွဲခြား သတ်မှတ်ထားသည်ဟု သိရသည်။
မောင်တောမြို့နယ်တွင် နယ်မြေ ၁ (အောင်သပြေ)၊ နယ်မြေ ၂ (အောင် ဇုံ)၊ နယ်မြေ ၃ (တောင် ပြို)၊ နယ်မြေ ၄ ( လိပ်ရ)၊ နယ်မြေ ၅ (ငခူရ)၊ နယ်မြေ ၆ (ပြင်ဖြူ)၊ နယ်မြေ ၇ (အလယ်သံကျော်)၊ နယ်မြေ ၈ (မြင်းလွတ်)နှင့် ဘူးသီးတောင်မြို့နယ်တွင် နယ်မြေ ၉ (တောင်ပူဇာ)၊ နယ်မြေ ၁၀ ပေါက်တောမြို့နယ်၊ နယ်မြေ ၁၁ (စစ်တွေ၊ သဲချောင်း)တို့ ဖြစ်ကြသည်။
နစက တပ်ဖွဲ့တွင် တပ်သားများ တပ်ချိန်းရာတွင် နေရာ အကောင်းအဆိုးကို လိုက်၍ ငွေကြေးပေးရသည်ဆိုသော သတင်းများအား နိရဉ္စရာက ယခင်ကလည်း လက်ခံရရှိဖူးသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန- မောင်ရမ္မာ)

No comments: