ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ရခိုင်အမျိုးသမီးများ ဘ၀လုံခြုံမှုရှိစေရေးအတွက် လာမည့် ဧပြီလ(၄)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ရခိုင်လူမှုကွန်ယက်၏ ခေါင်းဆောင်များက ဆိုသည်။
ဒွါရာဝတီ သံတွဲမြို့အ၀င်ဝတွင်တွေ့ရသည့် သံတွဲမြို့ဆိုင်းဘုတ်ဒွါရာဝတီ သံတွဲမြို့အ၀င်ဝတွင်တွေ့ရသည့် သံတွဲမြို့ဆိုင်းဘုတ်
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လူ(၂၀၀)ခန့် ဖြင့်ပြုလုပ်မည်ဖြစ်ပြီး၊ ယင်းနေ့ နံနက် (၈)နာရီမှ ၁၀ နာရီအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမည်ဟု စီစဉ်သူများက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်နှင့်ပတ်သက်၍ သံတွဲလူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက " အစပိုင်းမှာ ဧပြီ ၃ ရက်နေ့ လုပ်မယ် ဆုံးဖြတ်ထားပေမယ့် ယင်းနေ့က သံတွဲမှာ ရှင်ပြုပွဲရှိနေတော့ သက်ဆိုင်ရာနှင့် ဆွေးနွေးပြီး၊ ဧပြီ ၄ ရက်ကို ပြောင်းလိုက်ရတယ်။ ပြီးတော့မှ မတ်လ၂၉ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို ကျနော်တို့ ခွင့်ပြုချက်တင်ပါတယ်။ မြို့နယ်မှူးကလည်း လက်ခံတယ်။ သက်ဆိုင်ရာက ကန့်ကွက်မယ့် လက္ခဏာကိုတော့မတွေ့ရသေးဘူးဗျ။ " ဟု ဆိုသည်။
ယခု ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်လာရခြင်းမှာ " လွန်ခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့ကသံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်ခဲ့သည့် အမှုအားခရိုင်တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေးကြန့်ကြာနေခြင်း" နှင့်"ဘင်္ဂလီများကျူးလွန်ထားသည့် အမှု ၁၀ ကျော်ကို စီရင်ချက်မချ သေးဘဲထားရှိခြင်း" တို့ကြောင့် ဖြစ်ရသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲ၏ တောင်းဆိုချက်များမှာ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးတောင်းဆိုချက်အပြင် လက်ရှိသံတွဲတရား ရုံး၏ တရားစီရင်ရေး ကဏ္ဍနှောင့်နှေးကြန့်ကြာနေမှုအား ကန့်ကွက်ခြင်းအပါအ၀င် ရခိုင်အရေးနှင့်သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။
၂၀၁၃၊ မတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ်များ၌ "ဘင်္ဂလီများအား နိုင်ငံသားစီစစ်ခြင်းမရှိဘဲ အိမ်ရာဆောက်ပေးမည့် အစီအစဉ်အပေါ်ဆန္ဒဖော်ထုတ်" ကန့်ကွက်ခဲ့ရာတွင် ခွင့်ပြုချက်မရဘဲလုပ်သည်ဟုဆိုကာ အနည်းဆုံးလူ ၉ ဦးကို အရေးယူထားကြောင်းကိုလည်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- နေဇော်(သံတွဲ))