ရခိုင်ဒေသ ဒုက္ခသည်များအတွက် နေအိမ်များကို ယခုမှစ၍ ၃ လ အတွင်း အပြီးသတ်ပြန်ဆောက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ​ဖော်ဆောင်ရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြောကြားနေစဉ်။ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ​ဖော်ဆောင်ရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြောကြားနေစဉ်။
သမ္မတက " ဒုက္ခသည်များ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒုက္ခသည် တစ်သိန်း ကျော်အတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန်နှင့် မိုးမကျမီ အဆောက်အအုံများအတွက် ဆောက်လုပ်မည့် နေရာကိစ္စကို ဒေသခံတိုင်းရင်းသားများနှင့် ညှိနှိုင်းရွေးချယ် ဆောင်ရွက်လိုအပ်ကြောင်း " ကိုလည်း ထည့်သွင်းပြောကြားခဲ့သလို၊ ဒုက္ခသည်များ၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သမ္မတရုံးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက " သမ္မတကြီးက ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် နေအိမ် အဆောက်အဦးတွေကို လာမယ့် ၃ လအတွင်းမှာ ပြီးပြတ်အောင်ဆောက်ရမယ်။ ဒီလိုဆောက်လုပ်တဲ့ နေရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ ၀န်ကြီးဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ "လုပ်ငန်းကော်မတီ" တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ရမယ်လို့ ပြောသွားတယ်။ " ဟု ဆိုသည်။
နေအိမ်များ ဆောက်လုပ်ရေးကို ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်း ကော်မတီမှာ စစ်တွေအခြေစိုက် လုပ်ကိုင်သွားမည်ဟုလည်း သိရသည်။
ဧပြီလ ၉ ရက်နေ့က သမ္မတ အိမ်တော်၌ ကျင်းပသော " ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု ဖော်ဆောင်ရေးကော်မတီ" အစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးဝက်ဆိုဒ်မှာ ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
သမ္မတအနေဖြင့် ရခိုင်ဒေသ ပဋိပက္ခဖြေရှင်းရေး ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်စီစဉ်နေသော်ငြား ဒုက္ခသည်များအား နိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးမှ ပြန်လည် နေရာချထားရေးကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
ဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ ရခိုင်နိုင်ငံရေးဝန်းကျင်မှ ပုဂ္ဂိုလ်တစ်ဦးက " သမ္မတဟာ အရင်က သူပြောခဲ့တဲ့ ဘင်္ဂလီတွေကို နိုင်ငံသား ဟုတ်မဟုတ် စီစစ်မယ်။ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာတွေကို မေ့နေပုံရတယ်။ အခု နိုင်ငံသား ဟုတ်မဟုတ်မသိဘဲ ဒုက္ခသည်စခန်းမှာရှိသမျှ ဘင်္ဂလီ အားလုံးကို အိမ်ဆောက်ပေးထားမယ်ဆိုတော့ အဲဒီ ဥပဒေကို ဘယ်နားသွားထားမလဲ။ " ဟု ထောက်ပြသည်။
စစ်တွေမြို့မှ သံဃာတော် အရှင်သုမန ကလည်း " ဦးသိန်းစိန်အနေနဲ့ ၀င်လာမစဲတသဲသဲဖြစ်နေတဲ့ ဘင်္ဂလီတိုင်းကိုသာ ရခိုင်တွေကြားမှာ ဒီလိုအိမ်တွေ ဆောက်ပေးနေမယ်ဆိုရင် အနာဂတ် ရခိုင်ပြည် နယ်ဟာ ဘယ်တော့မှ အေးချမ်းတော့မှာ မဟုတ်ဘူး။ တကယ်လို့ နောက်ထပ် ပေါက်ကွဲမှုတွေဖြစ်လာခဲ့ရင် အဲဒီပဋိပက္ခ ဖြစ်စဉ်ဟာ သမ္မတနဲ့သာ သက်ဆိုင်သွားပါလိမ့်မယ်။ " ဟု မှတ်ချက်ပြု ပြောဆိုသည်။
လွန်ခဲ့သည့် မတ်လမှစ၍ " နိုင်ငံသားစီစစ်မှုမရှိဘဲ ဘင်္ဂလီများအား နေအိမ်ဆောက်ပေးရေး အစီအစဉ်ကို ရခိုင်ပြည်နယ်၊ မြို့နယ် ၇ ခုမှ ထောင်နှင့်ချီသော ဒေသခံရခိုင်တိုင်းရင်းသားတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြ" သဖြင့် အနည်းဆုံး ဆန္ဒပြခေါင်းဆောင် ၁၁ ဦးမှာ အရေးယူခြင်းခံထားကြရပြီး၊ ရုံးတင်တရားစွဲဆို ခံထားရကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)