မြန်မာနိုင်ငံတွင် မတရားဖမ်းဆီချုပ်နှောင်ခံနေရသော ကိုရဲမင်းဦးကို အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့် အတုအယောင် လိမ်ညာဆွေးနွေးနေသည့် ကိစ္စများကို လက်မခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင် (၈) ဦးပါ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ယူအမ်ပလာဇာ (United Nations Plaza) ရှေ့၌ ရခိုင်လူမျိုးများ၊ နိုင်ငံတကာမြန်မာအမျိုးသားဖောင်းဒေးရှင်းနှင့် မြန်မာတိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများမှ ဧပြီလ ၂၁ နေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်ရောက် မြန်မာများ တာင်းဆိုနေစဉ်။ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်ရောက် မြန်မာများ တာင်းဆိုနေစဉ်။
ဆန္ဒပြတောင်းဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဆန္ဒပြဦးဆောင်ပါဝင်သူများထဲမှ ရခိုင်အမျိုးသား တဦးဖြစ်သည့် ကိုတင့်ဝေက " ကိုရဲမင်းဦးကို မတရားဖမ်းစီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး ပြန်လွတ်ပေးရေး၊ ၁၉၈၂ အခြေခံ လူဝင်မူ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ပေးရေးနှင့် ရခိုင်ပြည်သူပြည်သားများ ဆန္ဒမပါပဲ ခိုးဝင်ဘင်္ဂလီများကို ပြန်လည်နေရာချထားပေးခြင်း မပြုရန် စသည့် အချက်သုံးချက်ကို ဆန္ဒပြတောင်းဆိုကြတာပါ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဆီကိုလည်း အိပ်ဖွင့်ပေးစာ တစောင်ပေးပို့ ခဲ့ပါတယ်။ " ဟု အာရကန်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ၊ စစ်တပ်နှင့် လွှတ်တော်အခန်းကဏ္ဍတို့တွင် သြဇာမညောင်း၍ တွေ့ဆုံဆွေးနွေးစကားပြော တောင်းဆိုသော်လည်း ဖြစ်လာနိုင်ခြေ အလွန်နည်းပါးကြောင်း၊ ဟန်ပြ အတုအယောင် လိမ်ညာနေသော လုပ်ရပ်များကို လက်မခံနိုင်သည့်အတွက် ယခုလို ဆန္ဒပြတောင်းဆိုရခြင်းကြောင်း နိုင်ငံတကာမြန်မာအမျိုးသား ဖောင်းဒေးရှင်းအဖွဲ့ ဥက္ကဌ ကိုရဲထွဋ်က ဆိုသည်။
"ဗိုလ်အောင်မင်းတို့ အဖွဲ့ ဒီကိုလာတဲ့ အဓိက ကိစ္စက ပြည်ပနိုင်ငံတွေကနေ နိုင်ငံရေးအထောက်အပံ့ စီးပွားရေးအထောက်အပံ့တွေကို ရဖို့ သူတို့ လာကြတာဖြစ်ပါတယ်။ သူတို့ အဖွဲ့ နဲ့ တွေ့ ဆုံဆွေးနွေးစကားပြော တောင်းဆိုရင်လည်း ဗိုလ်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဟာ နိုင်ငံတော်သမ္မတ၊ စစ်တပ်နှင့် လွှတ်တော်အခန်းကဏ္ဍတွေမှာ သြဇာမညောင်း မလွန်ဆန်နိုင်တဲ့အတွက် ဖြစ်လာနိုင်ခြေ အလွန်နည်းပါးပါတယ်။ သူတို့ တွေရဲ့ လှည့်ကွက်ထဲမှာ ကျနော်တို့ က အသုံးချခံ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ဗိုလ်အောင်မင်းဦးဆောင်တဲ့အဖွဲ့ ရဲ့ အတုအယောင် လိမ်ညာဆွေးနွေးနေတဲ့ ကိစ္စတွေကို ကျနော်တို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက လက်မခံဘူးဆိုတာကို သူတို့ အဖွဲ့ အပါအ၀င် ကမ္ဘာ့အနှံ့ က ပြည်သူလူကို ထုတ်ဖော်ပြသကြတာဖြစ်ပါတယ်။ တခြား ဆန္ဒပြ တောင်းဆိုတဲ့ အချက်တွေကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ၊ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့  စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ " ဟု ကိုရဲထွဋ်က ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာများ ဦးအောင်မင်းအဖွဲ့အား ဆန္ဒပြနေကြစဉ်။အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာများ ဦးအောင်မင်းအဖွဲ့အား ဆန္ဒပြနေကြစဉ်။
အဆိုပါ ဆန္ဒပြတောင်းဆိုသည့် ကိစ္စများနဲ့ပတ်သက်၍ အမေရိကန်နိုင်ငံ နယူယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် သမိုင်းဌာနတွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်နေသည့် ဒေါက်တာအရှင်နာယကက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ထင်မြင်ချက်ပေးသည်။
" ဦးဇင်းအပါအ၀င် ပြည်တွင်းပြည်ပ ပြည်သူလူထုက ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို မတရားဖမ်းစီး ချုပ်နှောင်ထားတယ်လို့ ယူဆထားကြတယ်။ သူ့ မှာ ဘာပြစ်မှုမှ မရှိပါဘူး။ ကိုရဲမင်းဦး ပြစ်မှုတစုံတရာ ကျူးလွန်တယ်ဆိုရင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ခံရုံးတင် စစ်ဆေးအပြစ်ပေးလို့ ရတာပဲလေ။ ၁၉၈၂ အခြေခံ လူဝင်မူ ဥပဒေကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနှင့် လွတ်တော်ကိုယ်စားလှယ်တွေကပါ ပြင်ဆင်စရာ မလိုဘူးလို့ အပြည့်အ၀ထောက်ခံထားကြတာ ဖြစ်တယ်။ အစိုးရပိုင်းအနေနဲ့ တိတိကျကျ လိုက်နာ အကောင်အထည်ဖောရုံပါပဲ။ ခိုးဝင် ဘင်္ဂလီအရေးကို ဆောင်ရွက်တဲ့နေရာမှာလည်း ဒေသခံ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို လေးစား လိုက်နာ သင့်တယ်။ " ဟု မိန့် ကြားသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုပွဲကို နယူးယောက် စံတော်ချိန် နေ့လယ် ၁ နာရီခန့် တွင် စတင်ကာ ညနေ ၄ နာခန့် တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး လူအင်အား ၁၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသူ ကိုရဲမင်းဦးမှာ ရခိုင်ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ် (ဖြစ်မြောက်ရေး ကော်မတီ) အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes)