ရခိုင်ပြည်၊ မြောက်ဦးရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ် ဘုရားများ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယခင်ကကဲ့သို့ ဘုရားဂေါပကမှ ကျင်းပပြုလုပ်ခြင်းမရှိသည့်အတွက် ယခုနှစ်တွင် မြောက်ဦးမြို့သူ မြို့သားများက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘုရားပွဲတော်အား မြို့သူမြို့သားများက ဦးဆောင်ကျင်းပရခြင်းမှာ ဘုရားတွင်ရန်ပုံငွေ နည်းပါးနေ၍ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တက်ကြွသူ တစ်ချို့က အစဉ်အလာမပျက်စေရန်အတွက် ဦးဆောင်ကာ ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။
သျှစ်သောင်းဘုရားပွဲတော်၌ ဘောလုံးကစားရန် ကျေးရွာများအား ဖိတ်ကြားလွှာ။သျှစ်သောင်းဘုရားပွဲတော်၌ ဘောလုံးကစားရန် ကျေးရွာများအား ဖိတ်ကြားလွှာ။
" ကျွန်တော်တို့ အခုလိုဘုရားပွဲကို ကျင်းပရခြင်းဟာ ဘုရားဂေါပကမှာ ရန်ပုံငွေမရှိတဲ့အတွက် ဦးဆောင်ကျင်းပရ ခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တက်ကြွသူတချို့က ဦးဆောင်ပြီး ကျင်းပတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဘောလုံးပွဲတစ်ခုတည်းကိုပဲ တာဝန်ယူတာပါ။ ကျန်တဲ့ကျင်ကိုင်ပွဲနဲ့ ပြိုင်လောင်းပွဲကိုတော့ တခြားအဖွဲ့တွေက တာဝန်ယူထားကြပါတယ်။ ဒီနှစ်မှာကျွန်တော်တို့ မြိုူ့သူမြို့သားတွေဦးဆောင်လိုက်တဲ့အတွက် ရခိုင်တပြည်လုံးကလည်း စိတ်ဝင်စားနေကြတာတွေကို တွေ့ရပါတယ်။ ပြီးတော့ ကစားသမားတွေလည်း တစ်ခါမှ မပေးဖူးတဲ့ ဆုကြေးငွေတွေကို ပေးမယ်ဆိုတဲ့သတင်းကို ကြားတော့ စိတ်ဝင်စားနေကြတဲ့အတွက် အယင်နှစ်တွေကထက် ပိုပြီးစည်ကားမယ်လို့ ထင်ပါတယ်။ " ဟု ဘောလုံးပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလှက ပြောသည်။
ပွဲတော်ကို မေလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိကျင်းပမည်ဖြစ်ကာ ဘုရားပွဲတွင်ပါဝင်သည့် ဘောလုံးပွဲကို သစ်စက်လုပ်ငန်းရှင်များနှင့် ဗီးဒီယိုလုပ်ငန်းရှင်များက တာဝန်ယူ ကျင်းပမည်ဖြစ်ကြောင်းသိရကာ ဆုကြေးငွေများကိုလည်း ယခင်နှစ်များက ပထမဆုကို (၂၀၀၀၀၀) သာပေးခဲ့ကြသော်လည်း ယခုနှစ်တွင် (၇၀၀၀၀၀) ၊ဒုတိယဆုကို (၄၀၀၀၀၀) နှင့် (၃၀၀၀၀၀) တန်ဒိုင်းတစ်ခုစီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ရိုးရာကျင်ပွဲနှင့် ပြိုင်လောင်းပြိုင်ပွဲကိုလည်း တခြားစီးပွားရေးအသင်းအဖွဲများနှင့် ပညာရေးဝန်ထပ်းများက တာဝန်ယူကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် အသင်းတိုင်းသည် ယခင်ကကဲ့သို့ ဝင်ကြေး ငွေများကိုပေးသွင်းရန်မလိုကြောင်းကိုလည်း ပွဲဖြစ်မြောက်ရေးအတွက် အဓိက လုပ်ကိုင်နေကြသည့် ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။
ပြိုင်ပွဲတိုင်းတွင် ဆုကြေးငွေများ ယခင်ကကဲ့သို့မဟုတ်ဘဲ တိုးမြှင့်ကာ ပေးသွားမည်ဖြစ်သဖြင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျေးရွာတိုင်းမှ စိတ်ပါဝင်စားနေကြကြောင်းသိရကာ ယခင်ကနှင့်မတူဘဲ စည်ကားလာနိုင် ကြောင်းပွဲဖြစ်မြောက်ရေး ကော်မတီများက သုံးသပ်ကြသည်။
(သတင်းအရင်းအမြစ်- Arakantimes)