(၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်။အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုပြီး ဆရာတော် ဒေါက်တာ အရှင်နာယကထံမှ ငါးပါးသီလနှင့် ဆုံးမသြ၀ါဒတရားခံယူကာ စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်တွင် ဦးဆန်းမြင့်က မင်္ဂလာနှစ်သစ်ကူး အမှာစကားကို ပြောကြားပြီး အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်၍ အခမ်းအနား စီစဉ်ရာတွင် ဦးဆောင်ပါဝင်သူတဦးလည်းဖြစ်၊ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (World Arakanese Organization-WAO) အမေရိကန်ဌာနခွဲ၏ ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သည့် ကိုဇော်ဇော်ထွန်းက ယခုလို ပြောသည်။
" ကျနော်တို့ ရခိုင်သူ ရခိုင်သားတွေဟာ ရခိုင်ပြည်ကနေ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ အရပ်ဒေသကို ရောက်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းစောင့်ရှောက် ဖော်ထုတ်တဲ့ သဘောရယ်၊ ဒီမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ ကျနော့်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးတွေက ကိုယ့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို အားကျအတုယူ လေးစားတတ်လာအောင် လက်ဆင့်ကမ်းအမွေပေးချင်တဲ့ ရည်ရွယ်ချက်တွေနဲ့  ခုလို ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ " ဟု ပြောဆိုသည်။
အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက် အကျဉ်းကို ပြောကြားပြီးနောက်တွင် တက်ရောက် ဆင်နွှဲပူးပေါင်း ပါဝင်လာကြသူများက နံ့သာသွေး အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ယူခဲ့ကြပြီး ဘုရားဆင်းထုတော်များကို နံ့သာရေဖြင့် ဘုရားရေ သပ္ပါယ်ခဲ့ကြသည်။
နှစ်သစ်ကူး နှစ်ခွန်းဆက်အမှာစကားအနေနဲ့ ကမ္ဘာနိုင်ငံအနှံ့က ရခိုင်ပြည်သူလူထုကို ဘာများပြောကြားချင်ပါလဲဟု ကိုဇော်ဇော်ထွန်းကို အာရ်ကန်တိုင်းမ်စ်မှ မေးမြန်ရာ " ဆရာကြီး ဒေါက်တာအေးကျော် မကွယ်လွန်ခင်က မကြာခဏ ပြောခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ " ချစ်လီ၊ ညီလီ၊ စည်းလုံးလီ " ဆိုတဲ့ စကားကိုပဲ ကျနော့်အနေနဲ့ ပြန်လည် ပြောကြားလိုပါတယ်။ " ဟု သူက ဖြေကြားသည်။
(၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲ အခမ်းအနား နယူးယောက်တွင် ယနေ့ကျင်းပနေပြီ။ (၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲ အခမ်းအနား နယူးယောက်တွင် ယနေ့ကျင်းပနေပြီ။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် ကိုထွန်းလှိုင်က " ကျနော်တို့ နယူးယောက်မြို့မှာ လာရောက် အခြေချ နေထိုင်တဲ့ ရခိုင်လူဦးရေ တစ်နှစ်ထက်တစ်နှစ် များသထက် များလာနေတာ တွေ့ရပါတယ်။ ဒီမြို့မှာရှိတဲ့ ရခိုင်လူမျိုး အားလုံးနီးပါးနဲ့ ကလေးသူငယ်များပါမကျန် ဒီပွဲတော် အခမ်းအနားကို ရိုးရာယဉ်ကျေးမှု အ၀တ်အစား အဆင်အပြင်တွေနဲ့ တက်ရောက်ပူးပေါင်းပါဝင် ဆင်နွှဲကြတဲ့အတွက် ရခိုင်ပြည်နဲ့ အဝေးကို ရောက်နေပေမဲ့ ကျနော့်အနေနဲ့ ဝမ်းသာဂုဏ်ယူ အလွမ်းပြေမိပါတယ်။ " ဟု ပြောဆိုသည်။
အခမ်းအနားကို နယူးယောက် စံတော်ချိန် နေ့လည် ၁၂ နာရီကျော်တွင် စတင်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အောင်မြင်စွာ ပြီးးဆုံးသွားခဲ့သည်။ အခမ်းအနားသို့ နယူးယောက်မြို့ အနီးအနားမှ ရခိုင်သူ ရခိုင်သား စုစုပေါင်း ၂၀၀ နီးပါး ခန့် တက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၏ ရာသီဥတုမှာ ဇွန်လကုန်ထိ ချမ်းအေးလေ့ရှိသည့်အတွက်ကြောင့် သင်္ကြန် ရေသဘင်ဘွဲတော်ကို အချမ်းလွန်မြောက်သည့် ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပလေ့ရှိကြကြောင်းလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)