Wednesday, April 24, 2013

ကျောက်တော် မဟာမုနိကုန်းတော်တွင် အငြင်းပွားဖွယ်ရာ စေတီတစ်ဆူတည်ဆောက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်းရာ ဘုရား ၀င်းအတွင်း အငြင်းပွားဖွယ်ရာ စေတီ တစ်ဆူအား တည်ဆောက်နေကြောင်း သတင်း ရရှိသည်။
 ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး  ( Photo-  Soe Thant Aung)
ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး ( Photo- Soe Thant Aung)
ယခု စေတီအား မဟာမုနိ ရုပ်ရှင်တော်မြတ် အနောက်ဘက် စောင်းတန်းမြောက်ဘက် မျက်နာစာ မဟာဗောဓိပင်နားရှိ ယခင် စေတီဟောင်း ၂ ဆူ အနီးတွင် ကပ်ရပ် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရှေးဟောင်းနယ်မြေ အတွင်း စေတီတော် တစ်ဆူ တည်ဆောက်နေခြင်းကို ရှေးဟောင်း သုသေနဌာနမှလည်း သဘောမတူကြောင်း သိရသည်။
သို့အတွက် နိရဉ္စရာမှ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသန ဌာနအား မည်သည့် အတွက်ကြောင့် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော စေတီအား တားမြစ်နိုင်ခြင်း မရှိ ဖြစ်နေပါသလဲဟု မေးမြန်းရာ တာဝန်ရှိ သူ တစ်ဦးမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့တွင်  ဖြေကြားရန် တာဝန် မရှိကြောင်းနှင့်  ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းပါဟု ပြောဆိုကာ ဖုံးချသွားခဲ့သည်။
မြောက်ဦးရှေးဟောင်း သုတေသနဌာနနှင့် နီးစပ်သူ တစ်ဦး အပြောအရ  ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် ခွင့်ပြုချက်မရှိဘဲ စေတီ တည်ဆောက်နေခြင်းကို ရှေးဟောင်းသုတေသနဌာနမှ ကျောက်တော်ရဲစခန်းတွင် အမူဖွင့်တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း  သိရသည်။
သို့အတွက် အထက်က ဖိအားပေးမူများ ရှိနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
စေတီ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး မဟာမုနိ ဘုရားဂေါပက အဖွဲ့အား ဆက်သွယ်မေးမြန်းရာ မဟာမုနိ ဘုရားဂေါပ အလှည့်ကျ ဥက္ကဌ ဦးညိုသာလှမှ စေတီ တည်ဆောက်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် မြို့နယ် သံယာနာယက ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“ ဟုတ်ပါတယ်။ စေတီတော်မှာ အမြင့် (၉) တောင်ရှိပါတယ်။ လွန်ခဲ့တဲ့ အပတ်ကနေ စတင် တည်ဆောက်နေတာပါ။ သံယာနာယက ဥက္ကဌရဲ့စာထဲမှာတော့ ဒီစေတီကို ကရင်ပြည်နယ်မှ အောင်စိုးမိုးနှင့် တကာ တကာမများက လှူဒါန်း တည်ဆောက်တဲ့ စေတီဖြစ်တယ်လို့   စာထဲမှာ ပါရှိပါတယ်” ဟု ဆိုသည်။
မည်သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် စေတီတစ်ဆူကို ထပ်မံ တည်ဆောက်ရပါသလဲဟု မေးမြန်းရာ ဘုရားဂေါပကတွင် မြို့နယ် သံယာနာယက၏ အမိန့်ကို ဖီဆန်နိုင်သော အာဏာ မရှိသလို မိမိတို့တာဝန်မှာ စေတီ အဟောင်းဖြစ်စေ အသစ်ဖြစ်စေ ထိန်းသိမ်း စောင့်ရှောက်ရန်သာ တာဝန်ရှိကြောင်း ပြောဆိုသည်။
ယခု တည်ဆောက်နေသော စေတီကို ဒေသခံ ပန်းရံဆရာများက တည်ဆောက်နေခြင်း မဟုတ်ဘဲ သူတို့တွင် တခါတည်း တစ်ခြား အရပ်မှ ပန်းရံဆရာများ ပါလာသည်ဟု ဆိုသည်။
ယခုကဲ့သို့ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်ရာ ကျောင်းတော် အတွင်း ရပ်ဝေးမှ လာရောက်ပြီး  စေတီ တစ်တူ တည်ဆောက်နေခြင်း အပေါ် ဒေသခံများးလည်း သိရှိခြင်း မရှိကြောင်း ရခိုင် သမိုင်းသုတေသီ ဦးဘသောင်းက ပြောသည်။
“ အခု စေတီ တည်နေတာကို ဒေသခံတွေကလည်း  မသိလိုက်ဘူး။ အခုက ပြီးစီးလုနီးပါး ရောက်နေပြီ။ နေ့ရော ညရော တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဒေသခံတွေကတော့ သိပ် ကျေနပ်မယ့်ပုံ မရှိပါဘူး” ဟု ဆိုသည်။
ဘုရားဂေါပက အလှည့်ကျ ဥက္ကဌ ဦးညိုသာလှကို စေတီ တည်ဆောက်ခြင်းရည်ရွယ်ချက်ကို သိပါသလားဟု မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။
“ သူတို့က ပြောတာက ကုသိုလ်ရေး ဒါနရေး တိုင်းပြည်ဒေသ ငြိမ်းချမ်းရေး  အတွက် တည်တယ်လို့ ပြောတာပါဘဲ။ ဒီလောက်ဘဲ သိပါတယ်” ဟု ပြောသည်။
ယခုအခါ စေတီတော် တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာ တစ်စုံတစ်ရာ ရှိရမည်ဟု အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။
ကျောက်တော်မြို့နယ် သံယာနာက ဥက္ကဌ ဆရာတော်ကြီးအား အသေးစိတ် သိရှိနိုင်ရန်  ဖုံးအကြိမ်ကြိမ် ဆက်သော်လည်း ဖုံးပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: