Tuesday, June 4, 2013

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံအလောက်မရှိ၍ ဒေသခံလူထုအခက်တွေ့

လူဦးရေ (၂) သိန်းပါးခန့်ရှိသော ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် တစ်ခုလုံးတွင် ဆရာဝန် တစ်ဦးတည်းသာ ရှိသဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ အနေဖြင့် အထူးအခက်အခဲ ရှိနေသည်ဟု သိရသည်။
Ponna-Kyunt-Arakan
“ ပုဏ္ဍားကျွန်းက လူတွေ နားစေး၊ ချောင်းဆိုးတာက အစ စစ်တွေကို သွားပြရတယ်။ ဒီမှာက ဆရာဝန် အလုံအလောက် မရှိတဲ့ အပြင် ကုသမူကလည်း အဆင်မပြေတာတွေ ရှိနေတော့ အသေးအဖွဲ့ ရောဂါက အစ စစ်တွေက ဆရာဝန်တွေကိုဘဲ အားကိုးနေကြရပါတယ်” ဟု ပုဏ္ဍားကျွန်း ဒေသခံ ဦးနေလင်းက ပြောသည်။
ပုဏ္ဍားကျွန်းမြို့နယ်တွင် မြို့နယ်ဆေးရုံနှင့် ယိုးတရုတ် တိုက်နယ် ဆေးရုံ -  (၂) ခု တည်ရှိသော်လည်း ပုဏ္ဍားကျွန်းမြို့ပေါ်တွင် ဆရာဝန် တစ်ဦးသာ ရှိပြီး ယိုးတရုတ် တိုက်နယ် ဆေးရုံတွင် ဆရာဝန် မရှိဘဲ ဖြစ်နေကြောင်း သူက ဆိုသည်။
“ ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက်လည်း ဆရာဝန် တစ်ဦး အရေးပေါ် လိုအပ်နေပါတယ်။ ပုဏ္ဍားကျွန်းမြို့ပေါ်မှာ ဆိုရင်လည်း လက်ထောက် ဆရာဝန် တစ်ဦးနဲ့ သွားဆရာဝန် တစ်ဦး နောက်ထပ် လိုအပ်နေပါတယ်။။ ဒေသခံတွေက ဒီလို ဆရာဝန်တွေ အလုံအလောက် မရှိတဲ့ အတွက် အခက်အခဲ ရှိနေတာကို အထက်ကို တင်ပြပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ ဖြေရှင်းပေးတာ မရှိသေးပါဘူး။”
ပုဏ္ဍားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံ အလောက်မရှိသဖြင့် အခက်အခဲရှိနေသည်မှာ မှန်ကန်ကြောင်း၊ သို့အတွက် ကျန်းမာရေး ၀န်ကြီးဌာနကို တင်ပြထားကြောင်း ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတ္တုတွင်း ၀န်ကြီးလည်း ဖြစ်သော ဦးအောင်သန်းတင်က ဆိုသည်။
“ ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ်မှာ ဆရာဝန် မလုံလောက်တဲ့ အတွက် အခက်အခဲ ဖြစ်နေတာကို ကျန်းမာရေး ၀န်ကြီးဌာနကိုရော၊ ပြည်ထောင်စု လွှတ်တောကိုရော၊ ပြည်နယ် လွှတ်တော်ကိုရော အဆင့်ဆင့် တင်ပြထားပါတယ်။ အခုတော့ လက်ထောက် အမျိုးသမီး ဆရာဝန် တစ်ဦးကို ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက် ချပေးထားပါတယ်။ ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံအတွက်တော့ လောလောဆယ် မရနိုင်သေးဘဲ ဖြစ်နေပါတယ်။ ကျန်းမာရေး ၀န်ကြီးဌာနက ပြောတာကတော့ ဆရာဝန် ၅၀၀ ခန့််ကို အခု လေ့ကျင့် သင်တန်းပေးနေတယ်။ သင်တန်း ဆင်းတာနဲ့ ပုဏ္ဍားကျွန်း မြို့နယ်ကို ဦးစားပေး ချပေးမယ်လို့ ပြောဆိုထားပါတယ်။”
လက်ရှိ တာဝန်ကျနေသော မြို့နယ် ဆရာဝန် ဒေါက်တာ ဦးသိန်းမောင်မှာလည်း မြို့နယ်လူထုနှင့် အဆင်မပြေ သဖြင့် ပုဏ္ဍားကျွန်းမြို့နယ်၏ ကျန်းမာရေး မှာ ထိခိုက်မူများ ရှိနေသည်ဟု သူက ဆိုသည်။
“ ဆရာဝန် ဦးသိန်းမောင်က ကုသရေး အပိုင်းမှာလည်း မနိုင်မနှင်းတာတွေ ရှိတယ်။ ဒါကြောင့် မြို့နယ်လူထုနဲ့ ခဏခဏ ပြဿနာလေးတွေတော့ ရှိပါတယ်။တစ်ဘက်မှာလည်း သူ့ကျန်းမာရေးကလည်း  မကောင်းတော့ နိုင်နိုင်နှင်းနှင်း မလုပ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို အားနည်းချက်တွေကလည်း မြို့နယ် တစ်ခုလုံးရဲ့ ကျန်းမာရေး အပိုင်းကို ထိခိုက်မူ ရှိနေတော့ ကျန်းမာရေး ၀န်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေမှန်ကို တင်ပြထားတာ ရှိပါတယ်” ဟု ဆိုသည်။
ပုဏ္ဍားကျွန်းမြို့နယ်သည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် နီးကပ်စွာ တည်ရှိပြီး လူဦးရေ (၂) သိန်း နီးပါးခန့် ရှိသော မြို့နယ် တစ်ခု ဖြစ်သော်လည်း ဆရာဝန် အလုံအလောက် မချပေးနိုင်သဖြင့် ကျန်းမာရေး အပိုင်းတွင် အခက်အခဲများ ရှိနေသည်ဟု ဒေသခံများကလည်း  ပြောကြားသည်။
မြို့နယ် အတွင်း ငှက်ဖျားနှင့် မလေးရီယားမှာ အဖြစ်များပြီး ရံဖန်ရံခါ ၀မ်းလျှော့ ရောဂါများ ဖြစ်ပွားတတ်သည်ဟု သိရသည်။ ယခု မိုးရာသီဝင်စ အချိန်ကာလတွင် ကလေးသူငယ်များနှင့် လူကြီးများတွင် အအေးမိ၊ ချောင်းဆိုး ရောဂါများ ဖြစ်ပွားတတ်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: