ကမ္ဘာကျော် Time မဂ္ဂဇင်း၏ ဇူလိုင်လ ၁ ရက်နေ့ထုတ်ဝေသည့် The Face of
Buddhist Terror မျက်နှာဖုံးခေါင်းစဉ်နှင့် ဖော်ပြထားသောဆောင်းပါးမှာ
ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအကြောင်းကို မလေ့လာဘဲ ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီဟု
တစ်ဖက်သတ်ရေးသားဖော်ပြခြင်းဖြစ်သောကြောင့် ရခိုင်ပါတီနှစ်ခုဖြစ်သည့်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့က ကန့်ကွက်ကြောင်း သိရသည်။
Time မဂ္ဂဇင်း၏ အတွဲ(၁၈၂)အား ကမ္ဘာတစ်ဝှမ်းဖြန့်ချိသည့်
စာစောင်မျက်နှာဖုံးတွင် ဆရာတော် ဦးရသူ၏ မျက်နှာဖုံးပြည့်ဓါတ်ပုံကို The
Face of Buddhist Terror (ဗုဒ္ဓဘာသာ အကြမ်းဖက်မှု၏
ရှေ့ဆောင်မျက်နှာစာပုဂ္ဂိုလ်)ဟူသော ခေါင်းစဉ်ဖြင့် မျက်နှာဖုံးတွင်
ဖော်ပြထားခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟု RNDP ပါတီမှ ဇွန်လ ၂၆ ရက်
ရက်စွဲဖြင့် သဘောထားပြန်လိုက်ကြောင်း အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက
ပြောသည်။
" သဘောထား ထုတ်ပြန်ရတာက ဆရာတော် ဦးဝီရသူကို Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတာနဲ့ ပတ်သက်လို့၊ မြန်မာလူမျိုး တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခကို ထိခိုက်စေသလို၊ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို အကြီးကျယ် ထိခိုက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင် ဦးဝီရသူဆိုတာက တရားဓမ္မနဲ့ မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်တစ်ပါးပါ။ အကြမ်းဖက်ဝါဒကို ဗုဒ္ဓဘာသာ ပုဂ္ဂိုလ်ကြီးတွေ လုပ်ဖို့မဆိုထားနဲ့ ဗုဒ္ဓဘာသာ တရားတော်မှာတောင်မှ အကြမ်းဖက်ဝါဒကို လုံးဝထည့်မဟောဘူး။ မေတ္တာတရားတော်တွေနဲ့ပဲ လူထုလူတန်းစား ပေါင်းစုံအပေါ်မှာ၊ တခြားဘာသာတွေအပေါ်မှာလည်း မေတ္တာတရားနဲ့ပဲ ပြုမှုဆက်ဆံရမယ်။ ဗုဒ္ဓဘာသာတရားသည်ပင်လျှင် မေတ္တာတရားကို ဦးထိပ်ထားတဲ့ ဘာသာတရားတစ်ခုဖြစ်တဲ့အတွက်နဲ့ ဒီလို Time မဂ္ဂဇင်းက တစ်ဖက်သတ်ဖော်ပြတယ်ဆိုတာကို အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Time မဂ္ဂဇင်းရဲ့ နောက်ကွယ်မှာ ဆရာတော် ဦးဝီရသူကို အပုပ်ချလောက်အောင် တစ်စုံတစ်ခုက ကျောထောက်နောက်ခံ ရှိနေမယ်လို့ ယူဆတယ်။ အဲဒီအတွက်နဲ့ ဒီ Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီဝင်ထုတစ်ရပ်လုံးနဲ့တကွ ရခိုင်ပြည်သူတစ်ရပ်လုံးက ဒီကိစ္စကို အကြီးအကျယ် ကန့်ကွက်ရှုတ်ချတယ်။ နောက်နောင်လည်း ဒီလိုပုံစံမျိုး ဆက်မလုပ်ဖို့ကိုလည်း ပြောကြားလိုပါတယ်။ " ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ် ဥက္ကဌ ဦးအေးသာအောင်ကလည်း Time မဂ္ဂဇင်းသည် ရခိုင်၊ မိတ္ထီလာနှင့် ဗမာပြည်မှာဖြစ်သည့် အစ္စလာမ်ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်များကို တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲနှင့် ဗုဒ္ဓဘာသာ သံဃာတော်များအကြောင်းကို သေချာမလေ့လာဘဲ တစ်ဖက်သတ် ရေးသားခြင်းသည် မမှန်ကန်မသင့်မြတ်သော အလုပ်ဖြစ်သည်ဟု ဆိုသည်။
" ဒီနေရာမှ ပြောဖို့က ဆောင်းပါးရေးတဲ့လူအနေနဲ့ ဒီလိုမျိုး ရေးဖို့ မသင့်တော်တဲ့ ကိစ္စလေ။ ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်ဆိုတာက ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ကိစ္စ၊ ဦးဝီရသူအနေနဲ့လည်း မည်သည့်ဘာသာ မည်သည့်လူမျိုးကိုမှ အကြမ်းဖက်ဖို့ တိုက်တွန်းနေတာမျိုးမဟုတ်ဘဲနဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့၊ စောင့်ထိန်းဖို့ စသည်အားဖြင့် အဲဒီလို ဘာသာ သာသနာနဲ့ ပတ်သက်သော တရားတွေကို ဟောနေတာ ဖြစ်တယ်။ အကြမ်းဖက်ဖို့၊ ရန်လိုသော သဘောတရားနဲ့ ဟောနေတာမျိုးတော့ မတွေ့ရဘူး။ အဲဒါကြောင့် Time မဂ္ဂဇင်းမှာ ရေးတဲ့ ဆောင်းပါးရှင် အနေနဲ့ဖြစ်ဖြစ်၊ Time မဂ္ဂဇင်းအနေနဲ့ ဖော်ပြတာက မလျော်ကန် မသင့်မြတ်သော အလုပ်ကို လုပ်တယ်လို့ ပြောချင်တယ်။ တကယ်တော့ ဗုဒ္ဓဘာသာ ရဟန်း တော်များအကြောင်းကို သိအောင်လေ့လာဖို့ လိုအပ်တယ်။ နောက်တစ်ချက်က ဗမာပြည်ဖြစ်တဲ့၊ ရခိုင်ဖြစ်တဲ့၊ မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခမှာ တစ်ဖက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ သွေးထိုးနေတဲ့၊ လှုံဆော်နေတဲ့၊ အကြမ်းဖက်ဖို့ ကြိုးစားနေတဲ့ ကိစ္စတွေကို တစ်စုံတစ်ရာ မပြောဘဲနဲ့ ဗုဒ္ဓဘာသာတွေကပဲ အကြမ်းဖက် သယောင်၊ ရဟန်းတော်တွေပဲ သွေးထိုးသယောင်ယောင်၊ ပြောနေတာတွေကို လုံးဝလက်မခံ၊ ဗုဒ္ဓဘာသာ တစ်ခုလုံးကို စော်ကားတယ်လို့ ခံစားရတယ်။ အဲဒီအတွက်နဲ့ ကျွန်တော်တို့အနေနဲ့ Time မဂ္ဂဇင်းကိုသော် လည်းကောင်း၊ ဆောင်းပါးရှင်ကိုသော်လည်းကောင်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ " ဟု ဥက္ကဌကပြောသည်။
Time မဂ္ဂဇင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာများအပေါ်မှာ အကြီးမားဆုံး အမှားတစ်ခုပြုလုပ်မိသော Buddhist Terror ဟု သုံးနှုန်းထားခြင်းသည် မြန်မာနိုင်ငံတွင် မကြခင်က ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခတစ်ခုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဆူပူမှုများဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်များ အိမ်မပြန်နိုင်သေးသည့်အချိန်တွင် Time မဂ္ဂဇင်းမှ ယခုလို ဗုဒ္ဓဘာသာဝင်များအပေါ်မှာ ဘက်လိုက်မှုဖြင့် စွပ်စွဲရေးသားခြင်းသည် ထိုပဋိပက္ခကိုပို၍ ကြီးထားလာအောင် သွေးထိုးလှုံ့ဆော်မှုအသွင်ဆောင်နေသည်ဟု ရခိုင်ပါတီနှစ်ခုက ဆိုသည်။
အဆိုပါ Time မဂ္ဂဇင်း၏ လုပ်ရပ်အမှားနှင့်ပတ်သက်၍ မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချထားကြောင်းနှင့် Time မဂ္ဂဇင်းအား အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်သွားမည်ကို သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ-မိုးဇော်)
မူလသတင်းရင်းမြစ်အား ကြည့်ရှုရန်ဤနေရာကိုနှိပ်ပါ

No comments:
Post a Comment