Thursday, July 4, 2013

ရွှေတိဂုံရင်ပြင်တွင် သတင်းသမားများ တိုက်ခိုက်ခံရမှု သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာ သတင်းထောက်များ ရွှေတိဂုံ ရင်ပြင်ပေါ်တွင် တိုက်ခိုက်ခံခဲ့ရမူနှင့် ဆက်စပ်ပြီး Myanmar Journalist Network မှ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ယမန်နေ့ (ဇွန်လ ၃ ) ရက်နေ့က ပြုလုပ်ခဲ့သည်။
သတင်းထောက်များနှင့် ရွှေတိဂုံ လုံခြုံရေး အဖွဲ့ ထိပ်တိုက် ဖြစ်နေကြစဉ်။
သတင်းထောက်များနှင့် ရွှေတိဂုံ လုံခြုံရေး အဖွဲ့ ထိပ်တိုက် ဖြစ်နေကြစဉ်။

 ၎င်းသတင်းစာရှင်းလင်းပွဲတွင် European Pressphoto Agency မှသတင်းထောက် ကိုလင်းဘိုဘိုမှ ထိုင်းဘုရင့် သမီးတော် သရီဒုံ ရွှေတိဂုံစေတီတော်သို့ လာရောက်ကြည်ညို ဖူးမျှော်စဉ် ဓါတ်ပုံ သတင်းထောက်များအား ရွှေတိဂုံ လုံခြုံရေး အဖွဲ့ဝင်များက ကိုယ်ထိ လက်ရောက် တိုက်ခိုက်မူများနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုလင်းဘိုဘိုမှ ရှင်းလင်းရာ ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်လာသဖြင့် ရွှေတိဂုံဘုရားတွင် သတင်း မီဒီယာသမားများ သွားရောက် သတင်း ယူခဲ့ကြကြောင်း၊ မိုးရွာနေသဖြင့် သီရိဒုံက ညနေ (၇ ) နာရီကျော်မှ ရောက်လာခဲ့ကြောင်း၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးနေချိန်ထိ ဓါတ်ပုံ မရိုက်ဘဲ အများပြည်သူများ ဘုရားရှိခိုးရာ ဧရိယာကနေ သူ့အနေဖြင့် ဓါတ်ပုံရိုက်ရန် စောင့်နေကြောင်း၊ ရွှေတိဂုံဘုရားအောင်မြေတွင် သီရိဒုံမှ ဆီမီးထွန်းပြီးချိန်တွင် ဓါတ်ပုံ ရိုက်ရန် သွားရောက်စဉ် ရွှေတိဂုံ လုံခြုံရေးတယောက်က ပြေးပြီး နောက်ကနေ သူ့အား ဆောင့်တွန်း လိုက်ကြောင်း၊ သူ့မှာ ၇ပေ-၈ပေလောက်ထိ အဝေးသို့ ရောက်သွားပြီး မှောက်လျက် လဲကျ သွားကြောင်း၊ သူ့၏ ကင်မရာ Canon 1D Mark III တွင် တပ်ထားသော 70-200mm F4 L IS USM Lens ခါးလည်ကနေ ကျိုးသွားကြောင်း၊ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့ လုပ်တာလဲ ပြောရာ ပထမဆုံးဝင်လာသော လူငယ်ကို လုံခြုံရေး တစ်ဦးက ကိုင်ထားသော ထီးနှင့် မျက်နှာကို ချိန်ပြီး မင်းက ဘာလဲစသဖြင့် ဘာညာမေးကြောင်း၊ နောက်ထပ်လည်း ဆက်ပြီး အများကြီး ဖြစ်ကြကြောင်း၊ သို့အတွက် ဒေါသဖြစ်သော တခြား ဓါတ်ပုံ သတင်းထောက်များက ဒီလောက် မိုက်ရိုင်းတာ ဓါတ်ပုံ မရိုက်တော့ဘူးဟု ဆိုပြီး ထွက်သွားခဲ့ကြကြောင်း၊ ထိုအချိန်တွင် သူနှင့် အတူ သတင်းထောက် လူငယ် နှစ်ယောက်ပဲရှိနေကြောင်း၊ ပတ်ချာလည်တွင် လုံခြုံရေးအဖွဲ့ဝင် ၃၀ကျော် လောက်ရှိကြောင်း၊ သူ့အား ထိုးမယ် ကြိတ်မယ်ဆိုသည့် ပုံစံမျိုး လုပ်ကြကြောင်း၊ လုံခြုံရေး တစ်ဦးက တွန်းထိုးသည့် အချိန်တွင် ပေါ်ပြူလာ သတင်းဂျာနယ်မှ ဓါတ်ပုံ သတင်းထောက်က ဓါတ်ပုံရိုက်ကြောင်း၊ လုံခြုံရေး အဖွဲ့ဝင်များက သူ့ကင်မရာကို ဝိုင်းဆွဲကြောင်း၊ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြောင်းဖြင့် ရှင်းပြသည်။ ပေါ်ပြူလာ ဓါတ်ပုံသတင်းထောက် ကိုအောင်နိုင်စိုး ကင်မရာကို ဝင်လုသည့် ဓါတ်ပုံများကို ပါ သူက ပြသခဲ့သည်။ သတင်းထောက် နှစ်ယောက်ကို လူအင်အား အများအပြားနှင့် ယခုလို ပုံစံမျိုး ပြုမူ ဆောင်ရွက်ရန် လိုအပ်သလား မလိုအပ်ဘူးလား စဉ်းစားကြည့်ရန် လိုအပ်ကြောင်း၊ မတရား တာကို မတရားဟု မပြောရဲ- မဆိုရဲ- ပြန်မတုံ့ပြန်ရဲရင် သူ့အနေဖြင့် သတင်းသမား မလုပ် တော့ကြောင်း၊ နောက်အဆိုးဆုံးကိစ္စမှာ သတင်းထောက်၊ ဓါတ်ပုံသတင်းထောက်မှန်း သိရက်နှင့် ဘုရား လုံခြုံရေးများက မိုက်မိုက်ရိုင်းရိုင်း လုပ်သောကိစ္စဖြစ်ကြောင်း၊ သတင်းထောက်တွေကို ရွှေတိဂုံ လုံခြုံရေးများက မိုက်မိုက်ရိုင်းရိုင်းလုပ်သည်မှာ ယခုအကြိမ်မှာ ပထမဆုံး မဟုတ်ကြောင်း၊ ဟီလာရီ ကလင်တန် လာတုန်းက တစ်ကြိမ်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်လာတုန်းကလည်း တစ်ကြိမ် ပြုလုပ် ခဲ့ကြောင်း၊ မိန်းကလေး သတင်းထောက်ကို ရင်ဘတ်တွန်းတာတို့ TV သတင်းထောက်ကို တံတောင်နှင့် တွတ်တာတို့ လုပ်ခဲ့ကြကြောင်း၊ ယခု ကိစ္စမှာ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ဖြစ်သွားဖို့ မမျှော်လင့်ခဲ့ကြောင်း၊ သူ့ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်သလို သူ့ဒဏ်ရာကလည်း ဘာမှမဖြစ်ကြောင်း၊ သို့သော် သတင်းထောက်၊ သတင်းဓါတ်ပုံသမားများကို ကိုယ်ထိ လက်ရောက် မိုက်မိုက်ရိုင်းရိုင်း စော်ကား၍ ရသည်ဟု ထင်မြင်မူမျိုး နောက်ထပ် အဖြစ် မခံနိုင် ကြောင်း European Pressphoto Agency မှ သတင်းထောက် ကိုလင်းဘိုဘိုမှ ပြောကြား သည်။ ယခု ဖြစ်ပွားခဲ့သော ပြဿနာအား မည်ကဲ့သို့ ပြေလည်အောင် ဖြေရှင်းပါမည်နည်းဟု နိရဉ္ဖရာမှမေးမြန်းရာ ကိုလင်းဘိုဘိုမှ ယခုလို ပြောသည်။ “ကျနော်တို့က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ မှတဆင့် ဒီကိစ္စကို ပြေလည်သည်အထိ ကျေနပ်သည် အထိ ညှိနှိုင်းပေးဖို့ တောင်းဆို တင်ပြထားပါတယ်။ ကျနော့်ကို တောင်းပန် စရာမလိုဘူး။ သူတို့ရဲ့ လုပ်ရပ် မှားပါတယ်ဆိုတာ မီဒီယာသမားတွေရှေ့မှာ ၀န်ခံစေချင်တယ်” ဟု ဆိုသည်။ ၎င်းပြင် ကိုလင်းဘိုဘိုမှ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများ ဆက်လက် ခြိမ်းခြောက် ခံနေရဆဲ အခြေအနေတွင် ရှိနေသေးကြောင်း ဆက်လက်ပြောကြားသည်။ “ကျွန်ုပ်တို့ နိုင်ငံမှာ သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်မှုတွေ၊ နိုင်ထက် စီးနင်း ပြုမူမှုတွေ၊ ကိုယ်ထိ လက်ရောက် အနိုင်ကျင့် စော်ကားမှုတွေ ဆက်ရှိနေပါသေးတယ်။ လုံခြုံရေး အဖွဲ့ဝင်တွေ အနေနဲ့ သတင်းသမားတွေကို တိုက်ခိုက်ချင်တဲ့ စိတ်တွေ ရှိနေပါသေးတယ်။ ဒီနေ့ ဒီခေတ်မျိုးမှာ သတင်းသမား တစ်ယောက်ကို ရန်မလုပ်သင့်တော့ပါဘူး။ ကျနော်ကတော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး သတင်းသမားတွေကို နောက်ထပ် နိုင်ထက်စိးနင်း မလုပ်ကြပါနဲ့ တော့လို့သာ ပြောချင်ပါတယ်” ဟု ဆိုသည်။ သတင်းစာရှင်းလင်းပွဲအား ညနေ ၅ နာရီမှ ၆ နာရီ အထိ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ သတင်း မီဒီယာများမှ သတင်းထောက် စုစုပေါင်း(၃၀) ကျော်ခန့်တက်ရောက်ခဲ့သည်။ (သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး) - See more at: http://www.narinjara.com/burmese/?p=6234#sthash.9aIGbBaw.dpuf

No comments: