Friday, July 5, 2013

သံတွဲ အကြမ်းဖက်မှု ဖြစ်စဉ်မှန်ဖော်ထုတ်ပေးဖို့ အမျိုး၊ ဘာသာ သာသနာအဖွဲ့ တောင်းဆို

monk-conference-75.jpeg
ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေအနေမှန်ကို အမြန်ဆုံးဖော် ထုတ်ပေးဖို့ ရန်ကုန် အခြေစိုက် အမျိုး၊ ဘာသာ၊သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)က ဇူလိုင်လ ၃ ရက်၊ မနေ့က ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက် ပါတယ်။
ဒီကြေညာချက်ထဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သံတွဲမြို့ဖြစ်စဉ်အမှန်ကို အမြန်ဆုံး စုံစမ်း ဖော်ထုတ်ပေးရေး၊ ရရှိလာတဲ့အချက်တွေပေါ်မှုတည်ပြီး တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရေးစတဲ့ အချက်လေးချက်ပါဝင်တယ်လို့ အမျိုး၊ ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)ရဲ့ ရုံးအဖွဲ့မှူး ဆရာတော် အရှင်စန္ဒာသီရိက RFA ကို အခုလိုမိန့်ပါတယ်။
"ပထမအချက်အနေနဲ့ကတော့ ဒေသတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးစေတဲ့ အဖြစ်မှန်ကို ဖော်ထုတ်ပြီးတော့ အတည်ပြုပေးဖို့ တိုက်တွန်းထားတယ်၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ မိမိတို့ဘာသာဝင်တွေကို ဘာသာတရားရဲ့ အဆုံးအမတွေနဲ့အညီ ဥပဒေတွေကို လေးစားလိုက်နာကြပြီးတော့ ငြိမ်းချမ်းညီညွှတ်စွာ နေထိုင်နိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းထားတဲ့အချက်လေးချက်ကို သတင်းထုတ်ပြန်ထားပါတယ်"

အမျိုး၊ ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အင်းစိန်မြို့နယ်ထဲမှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးမှာ တက်ရောက်လာတဲ့ ရဟန်း သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ပါင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီစောင့်ရှောက်ရေးအဖွဲ့ကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဖွဲ့စည်းထားတာဖြစ်ပြီး အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက ဥက္ကဌအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။ 
(သတင်းအရင်းအမြစ်- RFA)

No comments: